အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ၂၀၂၅ အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲအား ယခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဆောင်ပုဒ်ဖြစ်သည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများမြှင့်တင်ပေး” ခေါင်းစဉ်ဖြင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်တွင် (၂၇.၁၁.၂၀၂၅) ရက်၊ ကြာသပတေးနေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းအတွင်း တန်းတူညီမျှပါဝင်ဆောင်ရွက်ခွင့်ရရှိ ရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် မညီမျှမှုမရှိစေရေး၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ကိုယ်၊ စိတ်ကျန်းမာကြံ့ခိုင်ရန် ပံ့ပိုးဆောင်ရွက်မှုကို မြှင့်တင်ပေးရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတစ်ဝန်းကျင်းပလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် နိုင်ငံတော်အဆင့်ကျင်းပခဲ့ရာ
ယခုနှစ်တွင် (၃၂) ကြိမ်မြောက်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုဆိုင်ရာကိစ္စများအပေါ် ကျောင်းသား၊ ကျောင်းသူများ၏ သိမြင်နားလည်မှုတိုးပွားလာစေရေးနှင့် မတူကွဲပြားမှုကိုလက်ခံပြီး စည်းလုံးညီညွတ်သည့် လူ့အဖွဲ့အစည်းကို ပျိုးထောင်နိုင်ရေးအတွက် စာစီစာကုံးပြိုင်ပွဲကို ရည်ရွယ် ကျင်းပရခြင်းဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် (၈) မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား (၁၅) ဦး၊ ကျောင်းသူ (၅၉) ဦး စုစုပေါင်း (၇၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။








