လူမှုဝန်ထမ်းဦးစီးဌာနနှင့် Tdh-l တို့ ပူးပေါင်း၍ “မိဘအရင်းသဖွယ်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းလမ်းညွှန်စာအုပ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ”ကို (၁၈.၁.၂၀၂၄)ရက်နေ့ မှ(၁၉.၁.၂၀၂၄)ရက်နေ့အထိ နေပြည်တော် ၊ Hotel Max တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများရှိ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိသူများ စုစုပေါင်း(၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က အမှာစကားပြောကြားရာတွင်  လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် Tdh-l နှင့်ပူးပေါင်းပြီး ရပ်ရွာအတွင်းအခြားနည်းဖြင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအား သင့်လျော်သည့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မိဘအရင်းသဖွယ်ပြုစု စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်မှ စတင်၍ရန်ကုန်တိုင်းဒေသကြီးတွင် ဒလမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် မဟာအောင်မြေမြို့နယ်တို့၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဒလမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မတ္တရာမြို့နယ်၌လည်းကောင်း၊ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)တွင်လည်း မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်း အစီအစဉ်ပါဝင်သည့် “အခြားနည်းဖြင့်ပြုစုစောင့်ရှောက်ခြင်း”ကို အခန်းကဏ္ဍ တစ်ခုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း ၂၀၁၈ ခုနှစ်ကရေးဆွဲထားသည့် “မိဘအရင်း သဖွယ်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းလမ်းညွှန်”သည် သက်တမ်းအားဖြင့် (၅)နှစ်ကျော်ကြာလာခဲ့ပြီး ရေးဆွဲသည့်လုပ်ငန်းစဉ်၏ အားသာချက်/အားနည်းချက်များအပေါ် ဖြည့်စွက်ရန်နှင့် ခေတ်စနစ်နှင့် လျော်ညီရန် ပြင်ဆင်ခြင်းအပြင်၊ နိုင်ငံတဝန်းလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စံလုပ်ငန်းလမ်းညွှန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့ ရန်ကုန် နှင့် မန္တလေးတို့မှ တာဝန်ရှိသူများအပါအဝင် ဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းဥပဒေရေးသားခြင်းတွင် အထောက်အကူပြုစေမှာဖြစ်သည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့်အချက်များအပေါ်မူတည်၍  စံလုပ်ငန်းလမ်းညွှန်ကို အတည်ပြုပြီး ဖြန့်ဝေနိုင်ရေးအပြင် လုပ်ငန်းများကို မြေပြင်မှာ ဆောင်ရွက်နေသည့်  ဖြစ်ရပ်စီမံခန့်ခွဲသူများကလည်း ပိုမိုစနစ်ကျနစွာ ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် ယခုလုပ်ငန်းစဉ်ကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် မိသားစုအရင်းသဖွယ်စောင့်ရှောက်ပေးနိုင်သူများ ပိုမိုထွက်ပေါ်လာပြီး ကလေးများဘဝလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းလမ်းညွှန်စာအုပ်အား ပြန်လည်လေ့လာသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၁၈.၁.၂၀၂၄)မှ(၁၉.၁.၂၀၂၄)ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။






နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR