လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါ်အိအိပြုံး၊မဲဆန္ဒနယ် အမှတ်(၈)၊ဧရာဝတီတိုင်းဒေသကြီး။
မသန်စွမ်းသူများ၏  အခွင့်အရေးဆိုင်ရာ  ဥပဒေ (၂၀၁၅)အရမသန်စွမ်းသူများဥပဒေ၏အကာအကွယ်ကိုပြည့်ဝစွာရရှိနိုင်ရန်နှင့်မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ထောက်ပံ့မှုများပြုလုပ်ပေးနိုင်ရန်စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ။

၂။နော်လှလှစိုး၊မဲဆန္ဒနယ် အမှတ်(၁၀)၊ရန်ကုန်တိုင်းဒေသကြီး။
မြန်မာနိုင်ငံသ ည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်အဖွဲ့ဝင်အဖြစ်  ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး သဘောတူစာချုပ် ကတိကဝတ်များအာအကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရန် မြို့နယ်အဆင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီများကို ပြန်လည်ဖွဲ့စည်းရန် အစီအစဥ် ရှိ/မရှိ"။

၃။ဦးကျော်နီနိုင်၊မဲဆန္ဒနယ် အမှတ်(၁၁)၊ရှမ်းပြည်နယ်
ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်နေသော ပြည်တွင်းစစ်ပွဲ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြသောဒေသအသီးသီးမှ စစ်ပြေး ဒုက္ခသည်များနှင့်စပ်လျဥ်း၍သိရှိလိုသည့်မေးခွန်း။

အမှတ်စဥ်(၁) ဒုတိယအကြိမ်အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအ‌ဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏ "မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေ(၂၀၁၅)အရ မသန်စွမ်းသူများဥပဒေ၏ အကာအကွယ်ကိုပြည့်ဝစွာရရှိနိုင်ရန်နှင့် မသန်စွမ်း သူများအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး  ထောက်ပံ့မှုများပြုလုပ်ပေးနိုင်ရန်  စီမံဆောင် ရွက်ပေးနိုင်ခြင်းရှိ/မရှိ" မေးခွန်းနှင့်စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အခြေခံ လူ့အခွင့် အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိနိုင်မည့်  လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင် ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့်  ပြည်သူလူထု လွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် မူဝါဒအပေါ် အခြေခံဆောင်ရွက်လျက်ရှိပါတယ်။

၄။ ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အများနည်းတူ ရရှိခံစား နိုင်စေရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပြဋ္ဌာန်းခြင်း၊ နည်းဥပဒေပြဋ္ဌာန်းခြင်း၊ အမျိုးသား ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း၊ မဟာဗျူဟာ ချမှတ်ခြင်း၊ မသန်စွမ်းမှုအလိုက် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတကာသဘော တူညီချက်များ၊မူဘောင်များ နှင့်အညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။ ဝန်ကြီးဌာနအနေဖြင့်မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေကိုမသန်စွမ်းသူများ၏အခွင့်အ ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities-UNCRPD)နှင့် အညီ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်း ခဲ့ပါတယ်။ ယခုအခါတွင် ဥပဒေအားထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများကို ၂၇.၁၂.၂၀၁၇ ရက်နေ့တွင် ဝန်ကြီးဌာနမှ  အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေနိုင်ရေး ၂.၁.၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ရုံးသို့ပေးပို့ထားရှိပါတယ်။

၆။ ဥပဒေနှင့်အညီ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၁၇)ဖြင့် ၁၄.၉.၂၀၁၇ ရက်နေ့ တွင် ဖွဲ့စည်းပေးခဲ့ပြီး၊ အမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို  ၂၈.၁၂.၂၀၁၇   ရက်နေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် အမျိုးသားကော်မတီဥက္ကဌ၊နိုင်ငံတော်ဒုတိယသမ္မတ(၂)၏ဦးဆောင်မှုနှင့်အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၇။ ပထမအကြိမ်အမျိုးသားကော်မတီအစည်းအဝေးတွင် မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်ရန်၊ မဟာဗျူဟာ လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ရေးဆွဲရေးဆိုင်ရာ ယာယီကော်မတီဖွဲ့စည်းရန်၊တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီများ၊မသန်စွမ်းမှုအဆင့်စိစစ်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ထုတ်ဝေခြင်းလုပ်ငန်းစဉ်များ ကြီးကြပ်မှုကော်မတီ၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအား လေ့လာစောင့်ကြည့်အကဲဖြတ်သုံးသပ်ရေးကော်မတီနှင့် ဘဏ္ဍာငွေစီမံခန့်ခွဲရေး ကော်မတီစသည့် အမြဲတမ်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။

၈။ အစည်းအဝေးဆုံးဖြတ်များနှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကဥက္ကဌအဖြစ် ဆောင်ရွက်မည့်မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီကို အစိုးရဌာန၊  အဖွဲ့အစည်းများမှ  ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မသန်စွမ်းသူများ အသင်းချုပ်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။ ၎င်းလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ လူမှုရေးဆိုင်ရာ ဝန်ကြီးများဦးဆောင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကော်မတီများဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သောအမိန့် ကြေငြာချက်များထုတ်ပြန်ခြင်း၊ တာဝန်ဝတ္တရားများချမှတ်ပေးခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်ကြီးကြပ်လမ်းညွှန် ဆောင် ရွက်ခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။

၉။ ထို့ကြောင့် အမျိုးသားကော်မတီနှင့် ကော်မတီအဆင့်ဆင့်တို့သည် မသန်စွမ်းသူ များ၏ အခွင့်အရေးတို့ကို ရေရှည်မြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်မည့်အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးကိစ္စတို့ကိုလည်း ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ ပူးပေါင်းဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာ အကောင်းဆုံးသော လုပ်ငန်းယန္တရား တစ်ခုဖြစ်ပါတယ်။

၁၀။ မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ထောက်ပံ့မှုများ ပြုလုပ် ပေးနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၏ အခန်း(၁၅) ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်း ခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် ဖော်ပြထားရှိပြီးဖြစ်ပါတယ်။ ထို့အပြင် ဥပဒေ၏ အခန်း (၃)၊ ပုဒ်မ(၇)၊ ပုဒ်မခွဲ(ပ)တွင်လည်းရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းကို အမျိုးသား ကော်မတီ၏ လုပ်ငန်းတာဝန်တစ်ရပ်အဖြစ်ဖော်ပြထားပါတယ်။

၁၁။ သို့ဖြစ်ပါ၍မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်မည့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါသောကြောင့်မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ကိုလည်း ထူထောင်၍ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါတယ်။

၁၂။ လက်ရှိတွင်လည်း မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ရန်ဝန်ကြီးဌာနရန်ပုံငွေဖြင့်ပံ့ပိုးမှုများဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့မှမိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူစုစုပေါင်း(၅၄)ဦးကို တစ်ဦးလျှင်ကျပ် (၂၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းကျပ်(၁၀,၈၀၀,၀၀၀)ကို လည်းကောင်း၊ ကချင်ပြည်နယ်မှမိုင်းကြောင့် သေဆုံးသူ(၁)ဦးအားကျပ် (၇၀၀,၀၀၀)ကို လည်းကောင်း ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာ အုပ်စုအတွင်းရှိ ခိုကိုးရာမဲ့မသန်စွမ်း(၆)ဦးကို တစ်ဦးလျှင်ကျပ်(၅၀၀,၀၀၀)နှုန်းဖြင့်လည်းကောင်း၊ သာမန်မသန်စွမ်း သူ(၃၁)ဦးကိုတစ်ဦးလျှင်ကျပ်(၂၀၀,၀၀၀)နှုန်းဖြင့်လည်းကောင်း၊ကျန်းမာရေးမကောင်းသည့်မသန်စွမ်းသူ(၁)ဦးကိုငွေကျပ်(၁၀၀,၀၀၀)နှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းကျပ်(၉,၃၀၀,၀၀၀)နှင့် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် မသန်စွမ်းသူ (၅၄)ဦးအတွက် (၁)ဦးလျှင်ကျပ်(၂၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းကျပ် (၁၀,၈၀၀,၀၀၀)ကို ထောက်ပံ့ပေး သွားမှာဖြစ်ပါတယ်။ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါသီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေး အပြည့်အဝရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဥ်(၂) ဒုတိယအကြိမ်အမျိုးသားလွှတ်တော်သတ္တမပုံမှန်အစည်းအ‌ဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၀)မှ လွှတ်တော်ကိုယ်စားလှယ်နော်လှလှစိုး၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၀)မှ လွှတ်တော်ကိုယ်စားလှယ်  နော်လှလှစိုး၏ " မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်အဖွဲ့ဝင်အဖြစ် ၁၉၉၁ ခုနှစ်တွင်  စတင်ခဲ့ပြီးသဘောတူ စာချုပ်ကတိကဝတ်များအား အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် မြို့နယ်အဆင့် ကလေးသူငယ် ဆိုင်ရာကော်မတီများကိုပြန်လည်ဖွဲ့စည်းရန်အစီအစဥ်ရှိ/မရှိ"မေးခွန်းနှင့်စပ်လျဥ်း၍ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်အဖွဲ့ဝင်အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင်ခဲ့ပြီး သဘောတူစာချုပ်ကတိများ အား အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံ၏ကလေးသူငယ် အခွင့်အရေးများကာကွယ် စောင့်ရှောက်ရန်အတွက် ၁၉၉၃ခုနှစ်၊ ကလေးသူငယ် ဥပဒေပုဒ်မ(၄)အရ ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာအမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၇-၅-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၃/၂၀၁၁)ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီအား လက်ရှိဝန်ကြီး ဌာနများဖွဲ့စည်းပုံဖြင့် လိုက်လျောညီထွေမှုရှိစေရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ၉-၂-၂၀၁၇ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၁၇) ဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ရာ ကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌများအဖြစ်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ညွှန်ကြားရေး မှူးချုပ်ကအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်သည့် စုစုပေါင်းအဖွဲ့ဝင်(၂၆)ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါကော်မတီတွင် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်(၄)ဦးကို ထပ်မံဖြည့်စွက်၍   ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာအမှတ်(၆၆/၂၀၁၇)ဖြင့်ဖွဲ့စည်းခဲ့သဖြင့် ကော်မတီတွင် လက်ရှိအဖွဲ့ဝင်စုစုပေါင်း(၃၁)ဦးဖြင့် ဖွဲ့စည်းထားရှိပါတယ်။ ထို့အပြင် ၁၉၉၃ခုနှစ်၊ ကလေးသူငယ် ဥပဒေပုဒ်မ(၆)အရ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။

၄။ လက်ရှိတွင်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၌ ဥက္ကဌအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါ တယ်။ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ တာဝန်များဖြစ်သည့် ကလေးသူငယ် မှုခင်းများ မဖြစ်ပွားစေရေးကြိုတင်ကာကွယ်ခြင်း၊ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက် ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများတွင်  လူမှုဝန်ထမ်းဦးစီးဌာနမှဌာနဆိုင်ရာ အသီးသီးဖြင့် ပူးပေါင်းကာရပ်ရွာအသိပညာပေးအစီအစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများအား ဆောင်ရွက်ပေး လျက်ရှိခြင်း၊ ဥပဒေနှင့်ရင်ဆိုင်ရသော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရား စီရင်ရေးဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်လျက်ရှိခြင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခြင်းနှင့် ကလေးသူငယ်များ၏  ပညာရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍  အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်ပေးခြင်း အစရှိသည်များဖြစ်သဖြင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ တာဝန်ဝတ္တရားများမှာ လူမှုဝန်ထမ်းဦးစီးဌာန တစ်ခုတည်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာလုပ်ငန်းအလိုက် ဌာနဆိုင်ရာအသီးသီးမှ ပူးပေါင်းဆောင်ရွက် ကြခြင်းဖြစ်ပါတယ်။ ထို့အတွက် အထက်ပါလုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ရန်အတွက် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးများမှ  ဆောင်ရွက် ရန်ဖြစ်ပြီး  လူမှုဝန်ထမ်းဦးစီးဌာနမှ  အတွင်းရေးမှူးအဖြစ်  တာဝန်ယူဆောင်ရွက်ရန်ဖြစ်ပါတယ်။

၅။ လူမှုဝန်ထမ်းဦးစီးဌာန၏  လက်ရှိဖွဲ့စည်းပုံအနေဖြင့်   တိုင်းဒေသကြီး / ပြည်နယ်များနှင့် ခရိုင်(၁၂)ခရိုင်တွင်သာ ဖွဲ့စည်းထားရှိပြီး ကျန်ခရိုင်နှင့်မြို့နယ်များတွင် ရုံးများဖွဲ့စည်းနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဝန်ထမ်းရုံးများ ဖွဲ့စည်းထားရှိသည့်ဒေသများတွင်  ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များအား  မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အပြင်  ရုံးဖွင့်လှစ်ထားခြင်း မရှိသေးသည့်ခရိုင်များနှင့် မြို့နယ်အားလုံးတွင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ အသက်ဝင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့်ညှိနှိုင်း၍ ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ အစည်းအဝေးများကျင်းပနိုင်ရေး ဆောင်ရွက် ခြင်းများအားဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ တိုင်းဒေသကြီး/ပြည်နယ် (၁၃) ခုတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၆၂)ကြိမ်ကိုဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။   အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းခြင်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ရုံးများ ဖွင့်လှစ်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ကာလအတွင်း မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူးများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီး ဌာနရုံးများမှဝန်ထမ်း(၁)ဦးစီအားတာဝန်ပေးအပ်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ် ငန်းများကို သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် ပိုမိုထိရောက်စွာ ညှိနှိုင်းပူးပေါင်းအကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါတယ်။

၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် လက်ရှိကျင့်သုံးနေသည့် ၁၉၉၃ခုနှစ်၊ကလေးသူငယ်ဥပဒေကိုခေတ်စနစ်နှင့်လျော်ညီစွာ အသစ်ပြန်လည်ရေးဆွဲထားရှိသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုအစိုးရအဖွအစည်းအဝေးအမှတ်စဉ်(၁၃/၂၀၁၇)မှ သဘောတူခွင့်ပြုချက်ဖြင့် ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆက်လက် ဆောင်ရွက် နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ  ပြည်ထောင်စုလွှတ်တော်ရုံးသို့  ၆.၇.၂၀၁၇ ရက်နေ့ တွင် ပေးပို့ထားရှိပါတယ်။ အသစ် ပြန်လည်ရေးဆွဲထားရှိသည်‌့ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအခန်း(၄)၊ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့်ယင်းကော်မတီများ၏ လုပ်ငန်း တာဝန်များ၊ပုဒ်မ(၈)တွင် သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့သည်ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်တို့အားဖွဲ့စည်းရန်နှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းတာဝန် များ သတ်မှတ်ပေးရန်ဟု ရေးဆွဲထားရှိပါကြောင်းနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း) အား အတည်ပြုပြီးပါက ကော်မတီဖွဲ့စည်းပုံအဆင့်ဆင့်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး လူမှုရေး အဖွဲ့အစည်းများနှင့် အခြားစိတ်ပါဝင်စားသူများကိုလည်း ထည့်သွင်းဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။  

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဥ်(၃) ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်နီနိုင်၏ "ပြည်ထောင်စုအစိုးရမှ ဆောင်ရွက် နေသော ပြည်တွင်းစစ်ပွဲပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြသော ဒေသအသီးသီးမှ စစ်ပြေးဒုက္ခသည်များနှင့်စပ်လျဥ်း၍သိရှိလိုသည့်မေးခွန်း"နှင့်စပ်လျဥ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိပြည်တွင်းစစ်ပွဲပဋိပက္ခများကြောင့်နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ပေးနိုင်ရန်နှင့် စိတ်ဒဏ်ရာ ရရှိသူများအား စိတ်ဒုက္ခများ လျော့နည်းပြီးအများပြည်သူများနည်းတူပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင် စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများဖြင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုအဖွဲ့ (MobileTeam) များဖွဲ့ပြီး Psychosocial Counselling ပြုလုပ်ခြင်းကိုဆောင်ရွက်ပေးလျက်ရှိပါသည်။ 

၂။ လက်ရှိတွင်ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်သော ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား ကယ်ဆယ်ရေးစခန်း (IDP Camps)များတွင် လက်ခံစောင့်ရှောက်ထားရာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍အသိပညာပေးအစီအစဉ်များဆောင်ရွက်ပေးခြင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ သင်တန်းကျောင်း အခြေပြုနှင့်ရပ်ရွာအခြေပြုရေရှည်ဖွံ့ဖြိုးတိုးတက်သော အိမ်တွင်းမှုသက်မွေးလုပ်ငန်းအတတ်ပညာ များ သင်ကြားပေးခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးသင်တန်းများဖွင့်လှစ်ပေး ခြင်းနှင့် ဝင်ငွေရ အလုပ်အကိုင်များရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ဖြင့် ပံ့ပိုးပေးလျက် ရှိပါသည်။ ထို့ပြင် အဆိုပါစခန်းများမှကလေးသူငယ်များအတွက်ကလေးပျော်နေရာများ ဖန်တီးပေး ခြင်း၊ အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှုအန္တရာယ်များနှင့်ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကချင်ပြည်နယ်အတွက်နယ်မြေလုံခြုံရေးအခြေအနေကြောင့် ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန်၊ ရိက္ခာ ထောက်ပံ့ခြင်းနှင့်    ရေရှည်အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရာတွင်လည်း  အဓိကအသုံးပြုသွား နိုင်ရန်နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ လှူဒါန်းငွေကျပ်သိန်း (၃၀၀၀) အားကချင်ပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၄။ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ် IDP Camp များရှိ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အောက်ဖော်ပြပါ အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင်‌့ပညာရေးအတွက် ထောက်ပံ့ငွေများဆောင်ရွက်ပေးနိုင်ခဲ့ပါသည်-

(က) ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDP Camp အသီးသီးတွင် စုစုပေါင်း ယာဉ်မောင်းသင်တန်း(၃)ကြိမ် ဖွင့်လှစ်ခဲ့ရာလူဦးရေ (၁၇၁)ဦးအားသင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(ခ) မြစ်ကြီးနားအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အိမ်တွင်းမှု စက်ချုပ် သင်တန်းကို(၃)ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီး လူဦးရေ(၁၂၂)ဦးအား အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးခြင်းနှင့် အပ်ချုပ်စက် စုစုပေါင်း (၁၄၅) လုံးထောက်ပံ့ပေးခဲ့ ပါသည်။

(ဂ) ဆံပင်ညှပ်၊ ဖြောင့်၊ ကောက်၊ မိတ်ကပ်၊ ဆံထုံး၊ အလှပြင် သင်တန်းကို (၃)ကြိမ်ဖွင့်လှစ် ခဲ့ပြီးမိုင်းနား RC Camp ၊ ဂျန်မိုင်ကောင်း KBC Camp တို့မှ သင်တန်းသား (၂၀၀)ဦးအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး သင်ထောက်ကူပစ္စည်း(၂၀၁)စုံထောက်ပံ့ပေးခဲ့ပါသည်။

(ဃ) မိုဘိုင်းဖုန်းပြင်သင်တန်းအား မြစ်ကြီးနားမြို့တွင် သင်တန်းသား(၂၄)ဦးဖြင့် သင်ကြား ပေးခဲ့ပါသည်။

(င) ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး သင်တန်းအားသင်တန်း သား (၃၀)ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

(စ) ကာလတို သက်မွေးပညာသင်တန်းများဖြစ်သော မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း၊ စက်ပြင်သင်တန်း(မော်တော်ကား)၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်း၊ အခြေခံလက်သမားသင်တန်း(ပရိဘောဂ)နှင့် အခြေခံကွန်ပျူတာသင်တန်း၊ ဖုန်းပြင် သင်တန်း၊ မှိုစိုက်ပျိုးရေးသင်တန်း၊ စက်ချုပ်သင်တန်းတို့အား ဖွင့်လှစ်ပေးခဲ့ရာ မြစ်ကြီးနား၊ပူတာအို၊ မိုးညှင်းနှင့် ချီဖွေအစိုးရနည်းပညာအထက်တန်းကျောင်းများတွင် စုစုပေါင်းသင်တန်းသား(၂၄၀)ဦးအားသင်ကြားပေးနိုင်ခဲ့ပါသည်။

(ဆ) ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ၏ တောင်းဆိုချက် အရ Camp (၂၂)ခုတွင် ဝက်သားပေါက် (၈၁၉) ကောင်နှင့် ဝက်စာအိတ်ဖြန့်ဖြူးခြင်း လုပ်ငန်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ 

(ဇ) IDP Camp များရ ကျောင်းနေအရွယ်ကလေးများပညာ သင်ကြားရေးလွယ်ကူ အဆင်ပြေ စေရန်အတွက် မြစ်ကြီးနားမြို့၊ ဂျန်မိုင်ကောင်းနှစ်ခြင်း IDP Camp တွင် သုံးဘီးဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ ပူတာအိုမြို့၊ လုံစွပ် IDP Camp  တွင် သုံးဘီးဆိုင်ကယ်(၁)စီးအားလည်းကောင်းထောက်ပံ့ပေးခဲ့ပါသည်။

(ဈ) မြစ်ကြီးနားမြို့ မိုင်းနား RC Camp အတွက် လက်ယက္ကန်းစင်(၃)စင်၊ ရဟတ်လုံး(၁)စုံ၊ ယက်ဖောက်ခုံနှစ်စုံ၊ ခြေချခုံ(၂)စုံထောက်ပံ့ပေးခဲ့ပါသည်။

(ည) ဝိုင်းမော်မြို့နယ်၊ မိုင်းနား IDP Camp များ၏ကလေးစာသင်ကျောင်းများဖြစ်သည့် အ.လ.က ခွဲမိုင်းနားနှင့် လဝမ်ကထောင်မူလတန်းကျောင်းများတွင် စာသင်ခုံ၊ စားပွဲနှင့် ထိုင်ခုံလိုအပ်ချက်များဖြည့်ဆည်းပေးခဲ့ပါသည်။(ဋ) ဗန်းမော်မြို့နယ်၊ IDP Camp မှ နားမကြားကလေး(၁)ဦးအား မန္တလေးနားမကြားကျောင်းသို့ လွှဲပြောင်းပို့ဆောင်ပေး နိုင်ခဲ့ပါသည်။

(ဌ) ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းတက်ရောက်ပြီးသူ (၂)ဦးအား ငွေပျော်စံပြကျေးရွာမူလတန်းကြိုကျောင်းတွင်  အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်ပေး နိုင်ခဲ့ပါသည်။

၅။ တိုက်ပွဲများအတွင်း(သို့မဟုတ်)ပဋိပက္ခဒေသများအတွင်းနစ်နာမှုရှိသော ကလေး/သူငယ် များ၊ လူငယ်များ၊မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်ဘိုးဘွားများစသည့် ထိခိုက် လွယ်သော အုပ်စုများအား ငွေကြေးအထောက်အပံ့များ ပေးအပ်လျက်ရှိပါသည်။ ထိုသို့ ထောက်ပံ့ ပေးရန်အတွက် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ရန်ပုံငွေမှကျပ်သန်း (၅၀၀) ရရှိထားပါသည်။ 

၆။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ မိုင်းအန္တရာယ်အားခံစားရဆုံးဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ဒဏ်ရာ ရသူများအား တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် စတင်ထောက်ပံ့ပေးလျက်ရှိပါသည်။၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့်ပြန်လည်နေရာချထားရေး(၀၅၀၃) ငွေစာရင်းခေါင်းစဉ်အောက်မှ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ပေး ခြင်းအတွက်ခွဲဝေရရှိသော ငွေကျပ် (၁၀)သန်းအား သုံးစွဲခဲ့ပြီးဖြစ်ပါသည်။ (၂၀.၁၂.၂၀၁၇) ရက်နေ့အထိမိုင်းကြောင့် ထိခိုက်ခံစားရသူ (၅၆)ဦးအားထောက်ပံ့ပေးပြီးဖြစ်ပါသည်။ လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကဲ့သို့သောစီမံကိန်းမျိုးကို ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအတွက်လည်းဆောင်ရွက်ထားရှိပါသည်။

၇။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ကြရသော ကယ်ဆယ်ရေးစခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်ထိ(၆)နှစ်ကျော်တာ ကာလအတွင်း တိုက်ပွဲရှောင် အိမ်ထောင်စု(၉၉၆၅)စု၊ လူဦးရေ (၃၈၃၇၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ Family Kit အ၀တ်အထည်များ၊ အရေးပေါ်စားနပ်ရိက္ခာနှင့် ဆန်ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး ပစ္စည်း တန်ဖိုးနှင့်ငွေသားစုစုပေါင်း (၂၁၇,၂၁၇,၀၃၈ိ/-)ထောက်ပံ့ခဲ့ပါသည်။

၈။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် ကယ်ဆယ် ရေးစခန်းများရှိ IDPs မိသားစုများအတွက် အရင်းမပျောက်မတည်ငွေ ထူထောင်ပေးခြင်း ဖြင့်လည်း အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ မြစ်ကြီးနားမြို့တွင်  စခန်း(၁၁)ခု၊   ဝိုင်းမော်မြို့တွင် စခန်း(၆)ခု၊ ဗန်းမော်မြို့တွင် စခန်း(၆)ခု၊ ဖားကန့်မြို့တွင် စခန်း(၂)ခု၊ စုစုပေါင်းစခန်း(၂၅)ခု တို့တွင် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သိန်း (၁၅၀၀)ကို ထောက်ပံ့ပေးခဲ့ ပြီးဖြစ်ပါသည်။

၉။ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးဌာနမှ လှူဒါန်းသော ထောက်ပံ့ငွေကျပ်သိန်း(၃၀၀၀) အနက်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့များရှိ IDPs မိသားစုများအား တန်ဖိုးငွေ (၇၀,၇၀၇,၅၀၀ိ/-)ရှိ ဆန်အိတ် (၁၅၄၇)အိတ်၊ ဆီ (၂၀၇၅)ပိဿာ၊ ဆား(၂၀၇၅)ပိဿာ၊ ပဲ(၂၀၇၅)ပိဿာ၊ ငါးသေတ္တာ(၁၂၄၅၀)ဘူးနှင့် ထောက်ပံ့ပေးခဲ့ပါသည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ(၁၁)လိုင်းပါ (၇)ပေ အမိုးသွပ်(၁၀၀၀၀)ချပ်ကို ထုတ်ပေး ထောက်ပံ့ခဲ့ပါသည်။

၁၀။ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နေရပ်မပြန်လိုသောအိမ်ထောင်စု(၃၇၄)စု၊ လူဦးရေ(၁၆၉၇)ဦးတို့အား မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာသို့လည်းကောင်း၊ အိမ်ထောင်စု (၁၇)စု၊ လူဦးရေ(၈၄)ဦးတို့အားမံစီမြို့၊ ရေခူးမံခံကျေးရွာသို့လည်းကောင်း ပြန်လည်နေရာချထား ပေးခဲ့ရာတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှဆန်ရိက္ခာဖိုးငွေ (၈၂၉,၅၀၀ိ/-)နှင့် တန်ဖိုးငွေ(၈,၀၄၈,၅၉၉ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အိမ်ဆောက်ပစ္စည်းတို့ကိုတစ်ပါတည်းထောက်ပံ့ပေးခဲ့ပါသည်။

၁၁။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် (၂၆-၂-၂၀၁၅  မှ ၃၁-၁၂-၂၀၁၅)ရက်နေ့အထိကာလအတွင်း   ဆန်ရိက္ခာဖိုး၊ သေဆုံးသူထောက်ပံ့ခြင်း၊  ဒဏ်ရာ ရရှိသူထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းနှင့် မိုးကာတဲများထောက်ပံ့့ခြင်းများ ဆောင်ရွက် ခဲ့ရာ စုစုပေါင်း(၅၂၈,၀၉၂,၀၀၀ိ/-)ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။

၁၂။ (၆-၃-၂၀၁၇ မှ ၂၄-၃-၂၀၁၇)ရက်နေ့အထိ ကာလအတွင်း ကိုးကန့်ဒေသမှ လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၀၄၇)စု၊ လူဦးရေ  (၄၉၃၉)ဦးအတွက် စုစုပေါင်းတန်ဖိုးငွေ(၂၇,၄၉၅,၀၀၀ိ/-)ရှိ ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ပါသည်။

၁၃။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်မှ ကျေးရွာ(၇၀)ရှိ အိမ်ထောင်စု(၃၂၄၉)စု၊ လူဦးရေ(၂၀၃၀၄)ဦးအတွက် အခြေခံစားကုန်(၂)လစာဖြစ်သော  တန်ဖိုးငွေ (၄၄၈,၃၉၇,၄၀၀ိ/-)ရှိ ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာတို့ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။

၁၄။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ (၁၁)လိုင်းပါ(၇)ပေ အမိုးသွပ်(၁၁၀၀၀)ချပ်နှင့် ကျားဝတ်ဖလန်ထည်(၂၅၀၆)ထည် တို့ကို ထုတ်ပေးထောက်ပံ့ခဲ့ပါသည်။ (လူမှု/ကယ်ဆယ်မှအချက်အလက်)

၁၅။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည် နယ် အတွင်းလူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် လူငယ်အတွက် ရက်(၂၀)၊ စေတနာ့လူငယ်များလုပ်ငန်း အစီအစဥ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ စေတနာလူငယ်များ လုပ်ငန်းအဖွဲ့ (Youth Volunteers Program) များအား ရခိုင်ပြည်နယ်သို့ မစေလွတ်မီ အဖွဲ့အလိုက် လုပ်ငန်းခွင်အကြိုသင်တန်းများပို့ချပေးပြီး ပထမအကြိမ်ကို ၅.၁၁.၂၀၁၇ မှ ၂၄.၁၁.၂၀၁၇ ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၄.၁၁.၂၀၁၇ မှ ၁၃.၁၂.၂၀၁၇ ရက်နေ့အထိလည်းကောင်း၊ တတိယ အကြိမ်ကို ၁၆.၁၂.၂၀၁၇ မှ ၄.၁.၂၀၁၈ ရက်နေ့အထိလည်းကောင်း၊ စတုတ္ထအကြိမ်ကို ၁၃.၁.၂၀၁၈ မှ ၁.၂.၂၀၁၈ ရက်နေ့အထိလည်းကောင်း အသုတ်လိုက်စေလွတ်၍ မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့ရှိ ကျေးရွာများတွင် အိမ်ထောင်စုစာရင်းများကောက်ယူခြင်းနှင့် အိမ်ထောင်စုစာရင်းအလိုက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၆။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင်‌့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ်(WFP)နှင့် ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ လစဥ် လူတစ်ဦးလျှင် ဆန်(တစ်ပြည်)၊ ပဲ(၇)ဗူး၊ ဆီ(၁) လီတာ၊ဆား(၁၀) ကျပ်သားနှုန်းဖြင့် အကျိုးခံစားခွင့်ရှိသူ (၇၅၅၇၈)ဦးအတွက် ဆန်(၁၀၂၀.၆၄၉)တန်၊ ပဲ(၁၂၀.၈၂၃) တန်၊ ဆီ(၅၈.၆၁၃)တန်၊ ဆား(၁၇.၃၃၃)တန်၊ အာဟာရမုန့် (၀.၂၅)တန်နှင်‌့ ဘီစကစ် (၀.၀၆၂)တန် ရိက္ခာများ ထောက်ပံ့ပေးခဲ့ပါသည်။

၁၇။ ထို့အပြင်နယ်စပ်ရေးရာဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပညာရေးနှင်‌့လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် အလုပ်အကိုင်အခွင်‌့အလမ်းများရရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက် စေရေးတို့အတွက် ရည်ရွယ်၍ စစ်ဘေးရှောက်ပြည်သူများအတွက်သာမက ဒေသခံတိုင်းရင်းသားများ အတွက်လောက်ကိုင်မြို့နယ်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ခြင်းဖြင့် ဘက်စုံတိုး တက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် လက်သမား၊ ပန်းရံ၊ သံချည်သံကွေး၊ အခြေခံ စက်ပြင်၊ အခြေခံယာဉ်ပြင်၊ အခြေခံလျှပ်စစ်ဂဟေဆက်ပညာများကို သင်ကြားပေးသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းကိုလည်းကောင်း၊ နယ်စပ်ဒေသတိုင်းရင်း သူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်အသက်မွေးလုပ်ငန်း ထူထောင်နိုင်သည် အထိ စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်မြင့်မားလာစေရေးအတွက် အိမ်တွင်းမှုစက်ချုပ် သင်တန်း၊ သိုးမွေးထိုးသင်တန်း၊ အခြေခံလက်ယက်သင်တန်း၊ ရိုးရာဂျက်ခုပ်လုပ်ငန်း၊ အိမ်တွင်းမှု လုပ်ငန်း (ကြိမ်/ဝါး)သင်တန်းတို့ကိုသင်ကြားပေးသည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကိုဖွင့်လှစ်ပေးခဲ့ပြီးဆက်လက်၍ သင်တန်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင် ရွက် လျက်ရှိပါသည်။ (နယ်စပ်ရေးရာဝန်ကြီးဌာနမှအချက်အလက်)

၁၈။ ၂၀၁၅ခုနှစ်အတွင်း တိုက်ပွဲများကြောင့်လောက်ကိုင်မြို့နယ်အတွင်းရှိ ရွှေယင်စီးကျေးရွာ အုပ်စုမှ ကျေးရွာ(၁၈)ရွာနှင့် ထင်ပါကျိုင်းကျေးရွာအုပ်စုမှ ကျေးရွာ(၂)ရွာ စုစုပေါင်း(၂၀)ရွာမှ အိမ်ခြေ (၁၃၃၁)၊ အိမ်ထောင်စု (၁၄၃၁)စု၊ လူဦးရေစုစုပေါင်း (၇၀၃၁)ဦး ဘေးလွတ်ရာဒေသများသို့ တိမ်းရှောင်ခဲ့ရပါသည်။ အဆိုပါကျေးရွာများသည် နှစ်နိုင်ငံနယ်စပ်မျဉ်းနှင့် နီးကပ်စွာတည်ရှိနေခြင်း၊ ပထဝီအနေအထားအရသောင်းကျန်းသူများမကြာခဏဝင်/ထွက်သွားလာ၍ အဖျက်အမှောင့်လုပ်ငန်း များအား  ခြေကုတ်ယူဆောင်ရွက်နိုင်ခြင်းတို့ကြောင့် တပ်မတော်မှစစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ထားရှိခဲ့ပါသည်။

၁၉။ ကုန်းကြမ်းမြို့နယ်အတွင်းကျေးရွာအုပ်စု (၈)စုအနက် မင်ဟွာလင်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၉)ရွာ၊ အိမ်ထောင်စု (၁၁၄)စု၊ ဆုံကန်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၃)ရွာ၊ အိမ်ထောင်စု (၇၉)စု၊ ရှင်းထန်ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း(၁၁)ရွာ၊ အိမ်ထောင်စု (၁၉၃)စု၊ ဟုံအိုင်ကျေးရွာအုပ်စုအတွင်းကျေးရွာ(၁၁)ရွာသည် နယ်မြေဒေသလုံခြုံရေးအရ စာရင်းကောက်ယူ နိုင်ခြင်းမရှိပါ။ လက်ရှိစာရင်းအရ ကုန်းကြမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၃)ရွာ၊ အိမ်ထောင်စု (၃၈၆)စုမှာနေရပ် စွန့်ခွာတိမ်းရှောင်နေထိုင်နေကြောင်း စိစစ်သိရှိရပြီး သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တင်ပြလာမှုအရလောက်ကိုင်မြို့၊ မိုင်းလားမြို့နှင့်တဖက်တရုတ် နိုင်ငံနန်ဆန်မြို့ သို့ ရှောင်တိမ်းနေထိုင်ကြကြောင်း သိရှိရပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများ ဘေးကင်းလုံခြုံ စွာဖြင့်အခြေချနေထိုင်နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဘဏ္ဍာရန်ပုံငွေဖြင့် လုံထန်ကျေးရွာအုပ်စု၊ မာလုအိုက်ဖန်ကျေးရွာတွင် လုံးချင်းအိမ်ရာ(၁၉)လုံးအားလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် လောက်ကိုင်မြို့၊ ရပ်ကွက်(၁)တွင် လုံးချင်းအိမ်ရာ(၉၀)လုံး၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ ကျူဖန်ကျေးရွာတွင် လုံးချင်းအိမ်ရာ (၂၄)လုံး၊ မန်ကျူးကျေးရွာသစ်တွင် လုံးချင်းအိမ်ရာ(၆၀)လုံး၊ ရွှေယင်စီးကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးရွာအနီးတွင် လုံးချင်းအိမ်ရာ(၂၆)လုံး၊ စုစုပေါင်းလုံးချင်း အိမ်ရာ(၂၀၀)လုံးအားလည်းကောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ရာများထပ်မံလိုအပ်ချက်အရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ စီမံဆောင်ရွက်မှုဖြင့် လောက်ကိုင်မြို့နယ်၊ ရွှေယင်စီး ကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးရွာအနီးရှိ မြေ(၉၁)ဧကခန့်ပေါ်တွင် အိမ်ရာကွက်(၆၇၀)ကွက် ဖော်ထုတ်ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုံးချင်းအိမ်ရာ (၁၆၆)လုံး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ၊ ရပ်ဝေးရောက်ကိုးကန့်တိုင်းရင်းသားများနှင့် အလှူရှင်များမှလုံးချင်းအိမ်ရာ(၂၇၂)လုံးစုစုပေါင်း(၄၃၈) လုံးအားလည်းကောင်း ဆောက်လုပ်ပေးနိုင်ခဲ့သဖြင့် ယနေ့အချိန်ထိ တိုက်ပွဲရှောင်ပြည်သူများအတွက် စုစုပေါင်းလုံးချင်းအိမ်ရာ (၆၅၇) လုံးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

၂၀။ ထို့အပြင် လောက်ကိုင်မြို့နယ်ထင်ပါကျိုင်းကျေးရွာအုပ်စု မူကွာကျိုင်းကျေးရွာနှင့်တာကြာ ကျိုင်းကျေးရွာတို့မှပိုင်ဆိုင်သည့် မူကွာကျိုင်းကျေးရွာအနီးရှိ အများပိုင်မြေ (၂၉.၅၈) ဧကအား အဆိုပါကျေးရွာများရှိ ပြည်သူများမှတိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ရာများဆောက်လုပ်ပေးရန် လှူဒါန်းသဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အိမ်ရာကွက် (၂၁၈)ကွက်ဖော်ထုတ်ကာ လုံးချင်းအိမ်ရာများကို ထပ်မံဆောက်လုပ်လျက်ရှိပါသည်။ လောက်ကိုင်ခရိုင်အတွင်းရှိ မိမိနေရပ်များသို့ ပြန်လည်နေထိုင်ရန်အခက်အခဲရှိသည့်တိုက်ပွဲရှောင်ပြည်သူများအတွက်လည်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ (NGO)အဖွဲ့အစည်းများနှင့်ဒေသခံလူမှုရေးအသင်းအဖွဲ့ တို့မှ ပူးပေါင်းပြီးစားနပ်ရိက္ခာ( ဆန်၊ ဆီ၊ ဆား၊ ငါးသေတ္တာ)များ ကူညီထောက်ပံ့ပေးခဲ့ပြီးတိုက်ပွဲကြောင့် ပျက်စီးခဲ့ရသောနေအိမ်များအတွက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှသွပ်ချပ်ရေ (၁၀၀၀၀)ချပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို သက်ဆိုင်ရာဌာန/တပ်ဖွဲ့များမှပူးပေါင်းပြီးလစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှစိစစ်ပြီး စီမံချက်တစ်ရပ်အနေဖြင့်လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊အမိန့်၊ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ပေးလျက်ရှိပါသည်။ အလုပ်အကိုင်အခွင့် အလမ်းများအနေဖြင့် အဆိုပါတိုက်ပွဲရှောင်ဒေသခံပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့အစီအမံဖြင့် ကြံကုမ္ပဏီများ/ လုပ်ငန်းရှင်များနှင့် ညှိနှိုင်း၍စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။

၂၁။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ် သောထောက်ပံ့မှုလုပ်ငန်းများကို (၂၆-၂-၂၀၁၅)မှ(၃၁-၁၂-၂၀၁၅)ရက်နေ့အထိ ကာလအတွင်း အခြေခံ စားကုန်ပစ္စည်းများ ထောက်ပံ့မှုတန်ဖိုး ငွေကျပ်(၅၉၀၄.၂၂၇)သိန်းနှင့် တန်ဖိုးနည်းနေအိမ်(၂၀၀)လုံး ဆောက်လုပ်ရန်ထောက်ပံ့မှုငွေကျပ်(၇၉၀၀.၀၀)သိန်း၊ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊အိမ်ထောင်စု(၅၀၀၁)စုစာထောက်ပံ့ခြင်းအတွက် ငွေကျပ်(၁၁၀၃.၅၂)သိန်းအားလည်းကောင်း၊ အမိုးအကာတဲစုစုပေါင်း (၃၅၅)လုံးအတွက် ငွေကျပ်(၃၅၅၀)သိန်းအားလည်းကောင်း၊ မိုးကာလိပ်စုစု​ပေါင်း(၂၅)လိပ်အတွက် ငွေကျပ်(၃၂.၅၀)သိန်းအားလည်းကောင်း၊ အဝတ်ဟောင်းထုတ်စုစုပေါင်း (၂၇၉) ထုတ်အတွက် ငွေကျပ်(၂၇.၉၀)သိန်းအားလည်းကောင်း၊အဝတ်အထည်မျိုးစုံ(၂၄၄၄)ထည်အတွက် ငွေကျပ်(၁.၂၀)သိန်း

အားလည်းကောင်း၊ ရန်ပုံငွေ​ထောက်ပံ့မှုငွေကျပ်(၅၆၅.၈၀)သိန်းအားလည်းကောင်း၊ (၆.၃.၂၀၁၇)မှ (၂၄.၃.၃၀၁၇)ရက်နေ့အထိကာလအတွင်းကိုးကန့်ဒေသမှလားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၁၀၄၇)စု၊ လူဦးရေ(၄၉၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေ ထောက်ပံ့မှုတန်ဖိုး ငွေကျပ် (၂၇၄.၉၅)သိန်းနှင့် ၂၀၁၇ ခုနှစ် ဇွန်လတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးခရီးစဉ်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်ခရီးစဉ်များ၌ အခြေခံစားသောက်ကုန်ပစ္စည်းတန်ဖိုးငွေကျပ် (၄,၄၈၃.၉၇၄)သိန်းအားလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၃,၈၄၄.၀၇၁) သိန်းအားထောက်ပံ့ ပေးခဲ့ပါသည်။ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ သီပေါ၊နောင်ချို၊နမ္မတူမြို့နယ်ကယ်ဆယ်ရေးဆယ်ရေးစခန်းများရှိ ပြည်သူများအား(၈-၁၁-၀၁၇)ရက်မှ (၅-၁၂-၂၀၁၇)ရက်ထိ လူသုံးကုန်ပစ္စည်းတန်ဖိုးငွေကျပ် ၄၉၃၉.၄၉၃ သိန်းအားလည်းကောင်း၊ စားသုံးကုန်ပစ္စည်းတန်ဖိုးငွေကျပ် ၃၄၇၅.၁၅၆ သိန်းအားလည်းကောင်း၊ အလှူငွေကျပ် ၂၂၁၃.၇၅၅ သိန်းအားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၆၂၈.၄၀၄ သိန်းအား ထောက်ပံ့ ပေးနိုင်ခဲ့ ပါသည်။ 

၂၂။ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား လူသုံးကုန်စားသောက်ကုန်များဖြစ်သည့် ဆန်(၈၉၈.၆)အိတ်၊ ဆီ(၈၅၄)ပိဿာ၊ ဆား (၄၂၇)ပိဿာ၊ ကုလားပဲ (၈၅၄) ပိဿာ၊ အနွေးထည် (၁၇၀၈)ထည်၊ စောင်(၈၅၄)ထည်နှင့်ရေသန့်ဆေးပြား (၅၁)ဖာ၊ အထုတ်ရေစုစုပေါင်း (၁၂၂၄၀)ထုတ်အတွက် ငွေကျပ် ၄၇၁.၁၅၅ သိန်းအား ဖြန့်ဝေပေးပြီး ဖြစ်ပါသည်။  ဒီဇင်ဘာလ၂၉ရက်နေ့တွင် တိမ်းရှောင်လာသော ကောင်းလိမ်ကျေးရွာအုပ်စုမ  တိမ်းရှောင် ပြည်သူ (၂၂၆)ဦးအားလူ(၁)ဦးလျှင်တစ်နေ့(၃၀၀)ကျပ်၊(၃)ရက်စာ(၉၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် ၂.၀၃၄ သိန်းအား လည်းကောင်း၊ ပစ္စည်း(၉)မျိုးပါဖာ(၄၆)ဖာအတွက် ငွေကျပ် ၁၀.၁၅၀ သိန်းအားလည်းကောင်း၊ စုစုပေါင်းငွေကျပ် ၄၈၃.၃၄၀သိန်းအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ပွဲများကြောင့် နယ်မြေလုံခြုံမှုမရှိသေး၍ သာယာယီခေတ္တရှောင်ခြင်းသာဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုရှိပါက မိမိဇာတိရပ်ရွာသို့ပြောင်းရွှေ့နေထိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။ လားရှိုးခရိုင်အတွင်းလောက်ကိုင်ဒေသ၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် ကြံခုတ်လုပ်သား ကျား(၄၄၃၀)ဦး၊ မ(၂၅၅၇)ဦး၊ ပေါင်း(၆၉၈၇)ဦးအားရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆန်အိတ်ပေါင်း(၁၅၀)ကိုလည်းကောင်း၊ သေဆုံးသူ ကျောင်းဆရာမ(၁)ဦးအတွက် ငွေကျပ်(၁၀)သိန်း၊စုစုပေါင်း(၁၃၁)သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း ရှမ်းပြည်နယ်အတွင်း ပြည်တွင်းစစ်ပွဲပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရသော ဒေသအသီးသီးမှ စစ်ပြေး ဒုက္ခသည်များအား စုစုပေါင်း ငွေကျပ် ၃၅၀၈၆.၈၁သိန်း အားထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း ကူညီပံ့ပိုး ဆောင်ရွက်ပေးနေမှု အခြေအနေများအားရှင်းလင်းဖြေကြားအပ်ပါသည်။

(ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအချက်အလက်)






MOS

DSW

DDM

DOR