လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါ်သီရိရတနာမွန်ပြည်နယ်၊မဲဆန္ဒနယ် အမှတ်(၁၂)၊
မွန်ပြည်နယ်၊သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း  မြို့နယ်ကွပ်ကဲရေးရုံးအဖွဲ့၏ စီမံခန့်ခွဲမှုလွယ်ကူ စေရန်နှင့် တစ်စုတစ်စည်းထဲဖြစ်စေရန် လူ(၁၀၀၀)ဆံ့မည့် မီးစက်၊ သန့်စင်ခန်း၊ ရေကန် ပါဝင်သော ကယ်ဆယ်ရေးစခန်း အဆောက် အအုံတစ်လုံး ဆောက်လုပ်ပေးရန် ရှိ/မရှိနှင့် စပ် လျဉ်းသည့်မေးခွန်း။
ဝန်ကြီးရုံးဖြေ(မွန်)ပေါင်းစပ် ဒုဝန်ကြီးဖြေပြီး၂၇.၁၁.၂၀၁၈
၂။နော်လှလှစိုးရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၀)၊
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေအား ရေးဆွဲခြင်းလုပ်ငန်း မည်သည့်အခြေအနေတွင်ရှိနေပြီး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း။
ဝန်ကြီးရုံးဖြေ(ပြည်ထဲရေးနှင့် ရှေ့နေချုပ်ရုံး ပေါင်းစပ်)ဒုဝန်ကြီးဖြေပြီး၂၇.၁၁.၂၀၁၈ 


သက်သေအမှတ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအ‌ဝေးတွင် မွန်ပြည်နယ်၊မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ရှင်းလင်း‌ဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၂)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း မြို့နယ်ကွပ်ကဲရေးရုံးအဖွဲ့၏ စီမံခန့်ခွဲမှုလွယ်ကူစေရန်နှင့် တစ်စုတစ်စည်း တည်းဖြစ်စေရန် လူ(၁၀၀၀ )ဆံ့မည့် မီးစက်၊ သန့်စင်ခန်း၊ ရေကန်ပါဝင်သော ကယ်ဆယ်ရေးစခန်းအဆောက်အအုံတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနနှင့်မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။ 

၃။ မွန်ပြည်နယ်သည် ရေမြေသဘာ၀အနေအထားအရ သဘာဝဘေးဖြစ်ပွားမှု နည်းပါးသည့်ဒေသ ဖြစ်ခြင်း၊ မုန်တိုင်းအန္တရာယ်ကို တိုက်ရိုက်တွေ့ကြုံ ခံစားရမှုနည်းပါးသည့်ဒေသဖြစ်ခြင်းတို့ ကြောင့် ထုထည်ကြီးမားသည့် ခိုလှုံရာအဆောက်အဦများကို ယခင်ကဆောက်လုပ်ပေးခဲ့ခြင်း မရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်(၄)ခုဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုအများဆုံး ခံစားခဲ့ရသဖြင့် အဆိုပါ ရေဘေး ကြောင့် မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် လမ်းတံတားကဏ္ဍများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်​ပေါ်ခဲ့ သည့်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ မျိုးစပါး(၁၃၅၇၂)တင်းအတွက် တန်ဖိုးငွေကျပ်(၁၁၇.၄၀)သန်းကို ထောက်ပံ့ပေးခဲ့ပါတယ်။ 

၄။ အရေး‌ေပါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖိုင်ဘာ စက်လှေများကိုလည်း ထောက်ပံ့ပေးခဲ့ရာ World Bank ၏ IRM ချေးငွေ အစီအစဥ်ဖြင့် ဝယ်ယူထားသော အင်ဂျင်ပါဝါ Hp-40 ရှိသည့် ဖိုင်ဘာ စက်‌လှေကို ဘီးလင်းမြို့အတွက် (၂)စီးအပါအဝင် မွန်ပြည်နယ်သို့ (၅)စီး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဝယ်ယူ ထားခဲ့သည့် အင်ဂျင်ပါဝါ Hp-7.5 ရှိသည့် ဖိုင်ဘာစက်လှေကို ဘီးလင်း မြို့အတွက်(၅)စီးအပါအဝင် မွန်ပြည်နယ်သို့ (၈)စီး စသည်တို့ကိုလည်း ထောက်ပံ့ပေးထားခဲ့ပြီးဖြစ်ပါတယ်။   ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၅။ အထက်ပါ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တဲ့အပြင် ပြည်သူများ ဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေးစခန်းအဖြစ် ခိုလှုံနိုင်ရေးအတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ Cyclone Shelter များကို ဆောက်လုပ် ပေးရန် စီစဥ်ပေးခဲ့ရာ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း တင်ပြပါ တော်ပွန်ကျေးရွာတွင် (၁)လုံး၊ ဆယ်ပလာကျေးရွာတွင် (၁)လုံး၊ ဇီးကုန်းကျေးရွာတွင် (၁)လုံး၊ စုစုပေါင်း (၃)လုံးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ်(၃၀၃.၈)သန်းကို ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပြီးဖြစ်၍ အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၆။ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ရေဘေးဖြစ်ပွားချိန်တွင် ရေဘေးသင့် ပြည်သူများအား စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် နေရာဖြန့်ခွဲ၍ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရခြင်းကြောင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးအတွက် ကြီးကြပ်ကွပ်ကဲရာတွင် အခက်အခဲမရှိစေရေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြု နိုင်ရန် သန့်စင်ခန်း၊ ရေကန်ပါဝင်သော Multi Purpose Shelter (၁)လုံးကို ၂၀၁၉ ခုနှစ်အတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း(၂၀၀)ဖြင့် ဆောက်လုပ် ပေးနိုင်ရေး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပါသဖြင့်  အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု ပေးပို့နိုင်ရေးနှင့် မြေနေရာရွေးချယ်အတည်ပြုပေးနိုင်ရေး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်းနှင့် မီးစက်ထားရှိ နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ ( 2.5 KW )ရှိ မီးစက် (၁)လုံးကို အဆောက်အဦပြီးစီးသည့်အချိန်တွင် ပေးပို့ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား အပ်ပါတယ်။


အားလုံးကို ကျေးဇူးတင်ပါတယ်။


သက်သေအမှတ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအ‌ဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုး၏ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျာ ကျွန်တော့်အနေနဲ့ ဆက်လက်၍ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်  ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နော်လှလှစိုး၏ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးဥပဒေအား ရေးဆွဲခြင်းလုပ်ငန်း မည်သည့်အခြေအနေတွင် ရှိနေပြီး မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။

၂။ မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(Convention on the Elimination of all forms of Discrimination Against  Women- CEDAW) အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အလျောက် အဆိုပါကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် များနှင့်အညီ အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း)ကို ၂၀၁၄ ခုနှစ်မှစ၍ ရေးဆွဲဆောင်ရွက်ခဲ့ပြီး အဆိုပါဥပဒေ(မူကြမ်း)အား အောင်မြင်စွာရေးဆွဲနိုင်ရေး အတွက် ဥပဒေ(မူကြမ်း)ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေး ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေ(မူကြမ်း)အား အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၆) သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ပေးပို့ခဲ့ရာ ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကာလတွင် ယခင်ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့ထားသော ဥပဒေကြမ်းများ၌ လိုအပ်ချက်များရှိပါက လက်ရှိအစိုးရအဖွဲ့သစ်၏ မူဝါဒ များနှင့်အညီ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ပါရန် ဥပဒေ (မူကြမ်း)အား ၂၀၁၆ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြန်လည်ပေးပို့လာသည့်အတွက် ဆက်လက်၍ လိုအပ် သည့် သုံးသပ်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါတယ်။   ဥက္ကဋ္ဌကြီးခင်ဗျာ Power Point  အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၃။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) နှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ဖေဖော်ဝါရီလမှ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ အတွင်း မူကြမ်းရေးဆွဲရေးအဖွဲ့နှင့် (၁၈)ကြိမ်၊ ဥပဒေပညာရှင်များနှင့် အကြိမ်(၂၀)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် သီးခြား(၅)ကြိမ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ဆက်စပ်ဝန်ကြီးဌာနများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စား လှယ်(၄၀)ဦးအား ချပြရှင်းလင်းခြင်း (၂)ကြိမ်၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် (၁)ကြိမ်တို့ဖြင့် ညှိနှိုင်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ 

၄။ ဥပဒေ မထွက်ရှိသေးသော်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဥပဒေတွင် ပါရှိသည့် အကြမ်း ဖက်ခံရသူ အမျိုးသမီးများအတွက် ခေတ္တနားခိုရာ စင်တာများအား ဖွင့်လှစ်ထားရှိခြင်း၊ ရေတို ရေရှည်ဝန်ဆောင်မှုများ၊ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ တရားရင်ဆိုင်နိုင်ရေး အတွက် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအခါ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ မော်လမြိုင်မြို့များမှာရှိတဲ့ ခေတ္တနားခိုရာ စင်တာမှာ အကြမ်းဖက်ခံရသူအမျိုးသမီး (၈၅)ဦးအား လက်ခံစောင့်ရှောက်နိုင်ခဲ့ပြီး ပညာဆက်လက်သင်ကြားလိုသူများအား ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းချိတ်ဆက်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြား ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

၅။ ဒါ့အပြင် ဝန်ဆောင်မှုပေးမည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ လမ်းညွှန်ချက်များ (Guide lines)၊ စံလုပ်ငန်းအစီအစဉ် (Standard Operation Procedure)များ ရေးဆွဲလျက်ရှိ ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့ များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါတယ်။ ၎င်းအဖွဲ့မှ လုပ်ငန်းစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပါတယ်။

၆။ အဆိုပါဥပဒေ(မူကြမ်း)အား ဥပဒေရေးရာအသုံးအနှုန်းများ စိစစ်နိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ရာ ရရှိခဲ့သည့် သဘောထားမှတ်ချက်များအပေါ် နည်းပညာဆိုင်ရာ အကြံပေးကော်မတီနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ခဲ့သည့် နောက်ဆုံး မူကြမ်းကို  သဘောထားမှတ်ချက်ပြန်ကြားပေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ထပ်မံပေးပို့ညှိနှိုင်းထားရှိပါတယ်။

၇။ ရာဇသတ်ကြီးဥပဒေတွင်ပါရှိသော ပြဋ္ဌာန်းချက်များဟာ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ လိုအပ်ချက်များ ရှိနေပါသဖြင့် အမျိုးသမီးများ လက်တွေ့ဘဝတွင် အကြမ်းဖက် ခံစားနေရမှုများအား ဥပဒေအရ အကာအကွယ်ပေးနိုင်ရန်အတွက် ဤဥပဒေအား အထူးဥပဒေ တစ်ရပ်အနေဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်ပါတယ်။ ဥပဒေရေးဆွဲရာတွင်လည်း ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များဟာ အထူးသိမ်မွေ့နက်နဲ၍   ဥပဒေထွက်ရှိပြီးပါက   လက်တွေ့လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးများတွင် အချိန်ယူ၍ အသေးစိတ်ဆွေးနွေးခဲ့ရပါတယ်။

၈။ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထား အကြံပြုချက်ရရှိရေးအတွက် ထပ်မံပေးပို့ညှိနှိုင်းထားရှိပါကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။



MOS

DSW

DDM

DOR