လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါ်ထုမေမဲဆန္ဒနယ် အမှတ်(၁၁)၊ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြ သည့် စစ်ဘေးရှောင် တိုင်းရင်းသားများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင် ရေးနှင့် စားဝတ်နေရေးပြေလည်ရေးတို့အတွက် မည်သို့စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍  ရှင်းလင်း ဖြေကြားချက်


၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် တိုက်ပွဲရှောင်တိုင်းရင်းသားများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် စားဝတ်နေရေး ပြေလည် ရေးတို့အတွက် မည်သို့စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ်ဖြေကြား သွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ အချက်အလက်များ ပြည့်စုံစွာဖြေကြားနိုင်ရေး အချိန်ပိုမိနစ်အနည်းငယ် ခန့် ခွင့်ပြုပေးပါရန်နှင့် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၃။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA အဖွဲ့၏ တိုက်ခိုက်မှုများ ကြောင့် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလာသဖြင့် ဒေသခံကျေးရွာများနေ ပြည်သူ များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ တိုက်ပွဲရှောင်စခန်းများတွင် တိမ်းရှောင်လျက် ရှိရာ (၈−၀၉−၂၀၁၉) ရက်နေ့အထိ စာရင်းအရ တင်ပြပါအတိုင်း မြို့နယ်(၈)မြို့နယ်တွင် တိုက်ပွဲရှောင်စခန်း (၁၁၄)ခု၊ အိမ်ထောင်စု(၇၁၆၈)စု၊ လူဦးရေ (၂၉၉၅၀) ဦး ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများအရ သိရှိရပါတယ်။ 

( ခုန လွှတ်တော်ကိုယ်စားလှယ်ပြောသွားတဲ့အထဲမှာတော့  (၇)သောင်းကျော်  ရှိတယ်ဆိုတာ လူဦးရေစာရင်းက  အဝင်/အထွက်  ရှိတဲ့အတွက်ကြောင့် စာရင်းက မတည်ငြိမ်ဘူးလို့လဲ သိရ ပါတယ်။ ဒါပေမယ့် လက်ရှိ(၈-၉-၂၀၁၉) ရက်နေ့ ရတဲ့စာရင်းအရကတော့ လက်ရှိမှာ လူဦးရေ (၂၉၉၅၀)ရှိပါတယ်။ )

၄။ တိုက်ပွဲရှောင်ပြည်သူများအတွက် ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးခရီးစဉ် (၄)ကြိမ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌခရီးစဉ် (၂)ကြိမ်သွားရောက်၍ ဆန်ရိက္ခာဘိုးငွေထောက်ပံ့ခြင်း၊ ကယ်ဆယ် ရေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဆန်ရိက္ခာဘိုး ငွေစုစုပေါင်း ကျပ်သိန်း ( ၁၂၆၈၄.၂၇) ၊ ကယ်ဆယ်ရေးအသုံးအဆောင် ပစ္စည်းများ တန်ဘိုးငွေကျပ် သိန်း( ၁၃၂၇.၈၀)၊ ဆီ၊ ပဲ၊ ဆား စသည့် အခြေခံ စားသောက်ကုန် တန်ဘိုးငွေကျပ် သိန်း (၂၅၃.၃၆၄)၊ သေဆုံး၊ ဒဏ်ရာရ ထောက်ပံ့ခြင်း ကျပ်သိန်း (၂၈၀)၊ စုစုပေါင်းငွေ ကျပ်သိန်း ( ၁၄၅၄၈.၆၄) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

၅။ မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော    ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement-RCM)က ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့အထိ တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂၅၅)စု၊ လူဦးရေ (၂၇၀၉၇)ဦး အတွက် တင်ပြပါအတိုင်း ထောက်ပံ့မှုများပေးခဲ့ပြီး ရွေ့လျား ဆေးပေးခန်းများ ဖွင့်လှစ်ခြင်း၊  မျိုးစေ့နှင့်ဓာတ်မြေဩဇာ   ဖြန့်ချိခြင်းများကို ဆောင်ရွက်ခဲ့ ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့အထိ တိုက်ပွဲရှောင်လူဦးရေ (၇၄၀၉)ဦးအတွက် စားနပ်ရိက္ခာ (၁)လစာ (ဆန်၊ဆီ၊ဆား၊ပဲ) (၁၀၈.၄၅၅) မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သော နေရာများအတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

၆။ ဒါ့အပြင် အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာအစီအစဉ်အရ ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းထားသောဆန်များမှ ကျန်ရှိနေသော ဆန်တန်ချိန် နှစ်ရာ့ငါးဆယ် (၆၂၅၀ - အိတ်) ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ဝေထောက်ပံ့ပြီး ဖြစ်ပါတယ်။

၇။ အိန္ဒိယနိုင်ငံအစိုးရကလည်း  ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းလိုခြင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ပြန်ကြားပေးနိုင်ပါရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ညှိနှိုင်းလာမှုအရ မိမိတို့ ဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်ကြားထားရှိပြီးဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံအစိုးရက တိုက်ပွဲရှောင်ပြည်သူဉီးရေ (၅၀၀၀၀)အတွက် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်း နိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

၈။ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကူအညီပေးဖို့ အဆိုပြုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျွန်တော်တို့ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့က ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကျင်းပခဲ့ရာ အစည်းအဝေး မှာ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှု၊လျာထားမှု၊ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက် လိုသောအခြေအနေများ၊ လက်ရှိဆောင်ရွက်နေ မှုများနှင့် လူသားချင်း စာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေး ရန်ပုံ ငွေနှင့် အခြားရန်ပုံငွေများမှ တောင်းခံထားရှိမှုတို့ကို ဆွေးနွေးတင်ပြထားရှိပြီး ထောက်ပံ့မှု အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့်  ဆက်လက်၍   ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၉။ NGOs, INGOs နှင့် လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့ခြင်းများကိုလည်း ပိတ်ပင်မှုမရှိဘဲ လုံခြုံရေးအခြေအနေအရ သွားလာမှုစိစစ်ခြင်းသာပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ သို့သော်လည်း လက်တွေ့မှာအခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရှိရတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းတွေကို တွေ့ ဆုံပြီးတော့ အသိပေးရှင်းလင်းထားပြီး ဖြစ်ပါတယ်။

၁၀။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီး ဌာနအနေဖြင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယာယီခိုလှုံသည့်စုရပ်များသို့ ခေတ္တရောက်ရှိနေတဲ့ တိုက်ပွဲရှောင် ပြည်သူများထဲမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၅၀)ဦးကို  လူမှုရေးပင်စင်များ    ခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၁။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ −၂၀၁၈ ဘဏ္ဍာရေးမှ စတင်ခဲ့သော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (Maternal and Child Cash Transfer - MCCT ) အစီအစဉ်ကိုလည်း    တိုက်ပွဲရှောင်ပြည်သူ ပြည်သူများ ဆက်လက်ခံစားရရှိရန် ကြိုးပမ်းပေးလျက်ရှိရာ ၂၀၁၈ −၂၀၁၉ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)အတွက် ထောက်ပံ့ကြေးများကို (၄−၉−၂၀၁၉) ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ် ပါတယ်။

လူမှုဝန်ထမ်းဉီးစီးဌာနမှ တိုက်ပွဲရှောင်ကလေးငယ်များအတွက် ခိုလှုံသည့် စုရပ်များတွင် စိတ်ခံစားရမှုသက်သာစေရန်   ကလေးပျော်နေရာများကို ၂၀၁၈-၂၀၁၉ ခု၊  ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ပေါက်တောမြို့နယ်တွင် (၂)ခု၊ မောင်တောမြို့နယ်တွင်(၁)ခု၊ ရသေ့တောင်မြို့နယ်တွင် (၁)ခု၊ ဘူးသီးတောင်မြို့နယ်တွင် (၁)ခု၊ စုစုပေါင်း ကလေးပျော် နေရာ(၅)ခုအား ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်တဲ့နေရာတွေမှာ ကလေးပျော်နေရာ(၂၀)ခု အား ဖွင့်လှစ်ထောက်ပံ့ရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

၁၂။ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လက်ရှိတည်ငြိမ်မှုရှိသော ကျေးရွာအချို့တွင် ရပ်ရွာ အခြေပြု အခြေခံစက်ချုပ်သင်တန်းများကို (၇−၂−၂၀၁၉)မှ (၇−၆−၂၀၁၉) အတွင်း လူမှု ဝန်ထမ်းဉီးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာ(၆)ရွာတွင် အမျိုးသမီး (၁၃၅) ဉီးအား သင်ကြားပေး ခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းကျောင်းအခြေပြု အိမ်တွင်းမှုသက်မွေး ပညာများကိုလည်း (၁−၁− ၂၀၁၉) မှ (၈− ၈− ၂၀၁၉) အတွင်း အမျိုးသမီး (၁၁၅)ဉီးအား စစ်တွေအိမ်တွင်းမှုကျောင်းတွင် အပ်ချုပ်သင်တန်း၊ အလှပြင်သင်တန်းနှင့် မုန့်လုပ်သင် တန်းများ သင်ကြားပေးခဲ့ရာ လာရောက်တက်ရောက်သင်ကြားခဲ့ကြတာရှိပါတယ်။

၁၃။ ကလေးငယ်များ ပညာသင်ကြားရေးနဲ့ပတ်သက်ပြီးတော့ ၂၀၁၉-၂၀၂၀ ပညာသင်ကြားရေး နှစ်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင် မြို့နယ် ပေါင်း (၇)ခုရှိ တိုက်ပွဲရှောင်စခန်းပေါင်း (၅၃)ခုမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၉၂)ဦး သင်ကြားလျက်ရှိပါတယ်။ တိုက်ပွဲရှောင်စခန်းတွေက ကျောင်းသား၊ ကျောင်းသူတွေ သူတို့နေထိုင်သည့်စခန်းနှင့် နီးကပ်စွာ တည်ရှိကြသည့်ကျောင်းများတွင် တက်ရောက်သင်ကြားခွင့်ရရှိအောင်လည်း ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့  ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ဆောက်လုပ် နေသော ယာယီစခန်းများနှင့် အနီးဆုံးကျောင်းတွင် ဝင်ဆံ့ပါက ၎င်းကျောင်းများတွင် သင်ကြားပေးသွားမှာဖြစ်ပြီး ဝင်ဆံ့မှုမရှိပါက ယာယီကျောင်းဆောင်များဆောက်လုပ်၍ သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

၁၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊        ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် စခန်း များရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များကိုပါ ကုသပေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ မေလ(၂၇)နှင့် (၂၈)ရက်နေ့များတွင် ရခိုင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၌ ရခိုင်ပြည်နယ်(၁၇)မြို့နယ် ကျန်းမာရေးဌာနများမှ သင်ကြားရေးအဖွဲ့ဝင်များအား Psychological First Aid (TOT) Training ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်များတွင် တိုက်ပွဲရှောင်ဒေသများအပါအဝင် ဆက်လက်၍ ဆင့်ပွားသင်တန်းများ ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိကြောင်း သိရှိရပါတယ်။

၁၅။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေထိုင်နေရတဲ့သူတွေကို ယာယီ ခိုလှုံရာစခန်းများဆောက်လုပ်ပေးရန် လိုအပ်သည့်အတွက် စနစ်တကျဆောင်ရွက်နိုင်ရန်  အဆောက်အဦဆောက်လုပ်မှုနှင့် စီမံခန့်ခွဲမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေကိစ္စရပ်များ ပါဝင်တဲ့ ယာယီနေရာချထားပေးနိုင်ရေးလုပ်ငန်းစဉ်အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြု ချက်များရယူ၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၆)မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် (၁)ဘီလီယံနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်(၆၁၇.၅၀၀) သန်း၊ စုစုပေါင်းငွေ ကျပ် (၁၆၁၇.၅၀၀)သန်း ဖြင့် တိုက်ပွဲရှောင်စခန်း (၇)ခုကို ဇွန်လ၊ ဒုတိယပတ်မှစ၍ စတင် ဆောင်လုပ်ပေးလျက်ရှိရာ ရသေ့တောင်မြို့နယ်၊ သောင်းဒရားစုရပ်နှင့် ရွာသစ်ကေစုရပ်များတွင် လုံခြုံရေးနှင့် ရာသီဉတု အခြေအနေများကြောင့် ဇူလှိုင်လ ဒုတိယပတ်မှ စ၍ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ကျန်မြို့နယ် များတွင် ၉၀%  ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

၁၆။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်တိုင်းရင်းသားများအတွက် ဘဏ္ဍာနှစ်အလိုက် နေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အဦများ ပြုပြင်ခြင်း၊ လမ်းများဖောက်လုပ်ပေးခြင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရိက္ခာထောက်ပံ့ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့်သင်ထောက်ကူပစ္စည်းများ ပံ့ပို့းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် တိုင်းရင်းသားများ နေရပ်သို့ဘေးကင်း လုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင် ရေးနှင့် စားဝတ်နေရေးပြေလည်စေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရ ပါတယ်။

၁၇။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်ဒေသများဖြစ်သော ဘူးသီးတောင်-မောင်တော၊ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦးဒေသများအတွင်းရှိ ဒေသခံပြည်သူများအား  ၂၀၁၉ ဇန်နဝါရီ မှ ဇွန်လအတွင်း ရေပေးဝေခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်နေရာများသို့ ကူညီပံ့ပိုးမှုများ အချိန်မီဆောင်ရွက်ပေးခြင်း၊ ဒေသအတွင်းရှိ ဘုရားပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း များသို့ လှူဖွယ်ဝတ္ထုများ၊ တစ်ဆုပ်ဆန်၊ တစ်ဇွန်းဆန် လှူဒါန်းခြင်းများကို ဆောင်ရွက်ခြင်းနှင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များမှ နီးစပ်ရာကျေးရွာများသို့ သွားရောက်၍ နယ်လှည့်ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

၁၈။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တိုက်ပွဲရှောင်တိုင်းရင်းသားများ စားဝတ်နေရေး ပြေလည်စေရန် အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြစိမ်းရောင် (အသားကဏ္ဍ)အတွက် မွေးမြူရေးကျေးရွာ ထူထောင်ရန်၊ တစ်မြို့နယ်လျှင် ကျပ်သန်း (၃၀) နှုန်းဖြင့်  မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များအတွက်  ကျပ်သန်း(၆၀)နှင့်   ပလက်ဝ မြို့နယ်တွင် မျိုးကောင်း မျိုးသန့်တိရစ္ဆာန်ဖြန့်ဖြူးရန် ကျပ်သန်း (၃၀)၊ စုစုပေါင်း ကျပ်သန်း (၉၀)ကို ပြည်နယ်သို့ရန်ပုံငွေ လွှဲအပ်ပြီး စီမံကိန်းများ စတင်အကောင်အထည်ဖော် ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။

၁၉။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  တိုက်ပွဲရှောင်ဒေသများအပါအဝင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း (၂၁၀)ဖြင့် ကျေးလက်အိမ်ရာ အလုံး (၃၀၀) ကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ သူများ  ရေရရှိရေးအတွက် ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်များရှိ ရေကန်(၉)ကန်အား  သောက်သုံးရေရရှိရေးအတွက် ကုန်ကျငွေကျပ် (၂.၄၉) သန်း အသုံးပြု၍ ရေချိုများ ဖြည့်တင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။

၂၀။ တိုက်ပွဲရှောင်ဒေသများဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ၂၀၁၈-၂၀၁၉၊ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

၂၁။ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ပြီးပါက သောက်သုံးရေရရှိရေး၊ မီးလင်းရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင် တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့် အလိုက် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

၂၂။ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည်ဆိုပါက ပြည်နယ်အတွင်းရှိ ဌာနပိုင်ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများဖြင့် ကူညီဆောင် ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

၂၃။ စိုက်ပျိုးရေးဦးစီးဌာနသည် ပြည်နယ်ရန်ပုံငွေဖြင့် ခရိုင်/ မြို့နယ်များအတွင်း တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးမီထုတ်ကုန်များ ရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးတို့အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ခုနှစ် တွင် မျိုးစေ့ထုတ်လုပ်ငန်းအနေဖြင့် တင်ပြပါအတိုင်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။

၂၄။ ထို့အပြင်    တစ်မြို့နယ်တွင် တစ်ရွာစီ  ဘက်စုံ အဆင့်မြင့်နည်းပညာသုံး  စံပြကျေးရွာများတည်ထောင်၍ တောင်သူများအား ဆောင်ရွက်ပညာပေး ပြသလျက်ရှိရာ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် စံပြကွက်စုစုပေါင်း (၇၀၄)ဧက စိုက်ပျိုးပညာပေးပြသခဲ့ပါတယ်။ နွေစပါး(SRI)၊ ဆောင်းသီးနှံ ( GAP မြေပဲ၊ GAP မတ်ပဲ၊ GAP ပဲတီစိမ်း)၊ နေကြာ၊  ကြံခင်း သစ်/လမိုင်း၊ သီဟို၊ ရော်ဘာစံပြကွက်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

၂၅။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ် (၁၇)တွင် မျိုးစေ့ သိုလှောင်ရန်အတွက် ဂိုဒေါင်(၅၀)လုံး၊ မြို့နယ် (၁၀)တွင် နည်းပညာပြန့်ပွားရေးစင်တာ (၁၀)လုံး ဆောက်လုပ်နေဆဲဖြစ်ပြီး၊ မျိုးစေ့ အခြောက်ခံစက်(၂၀)လုံး၊ မျို့းစေ့ချ ကိရိယာ (၁၇၀)ခု ဖြန့်ဝေပြီး ဖြစ်ပါတယ်။ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့် အကူအညီများကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

၂၆။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် တိုက်ပွဲရှောင်ယာယီစုရပ်များတွင် သွားရောက်ခိုလှုံနေကြသည့် တိုက်ပွဲရှောင်တိုင်းရင်းသား များ ဘေးကင်းလုံခြုံရေးအတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အမှတ်(၁၊ ၂၊ ၃) ၊ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါတယ်။

၂၇။ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို   ယခုထက်ပိုမိုချောမွေ့စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အတွက်လည်းကောင်း၊ တိုက်ပွဲရှောင်စုရပ်များနေ ပြည်သူများသို့ထောက်ပံ့ပစ္စည်းများ စနစ်တကျလက်ခံ/ ဖြန့်ခွဲပေးနိုင်ရေးအတွက်လည်းကောင်း တင်ပြပါအတိုင်း ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။

(လက်ရှိအခက်အခဲများ ပြေလည်စေဖို့ ကြီးကြပ်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါတယ်။ ကော်မတီများနှင့်သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။)

၂၈။ လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ တိုက်ပွဲရှောင်စခန်းများ စုရပ်များတွင် ရောက်ရှိခိုလှုံနေသော   တိုက်ပွဲရှောင်ပြည်သူများ မူလနေထိုင်ခဲ့သော    နေရပ်ဒေသများသို့ ပြန်သွားနိုင်ရေး လုံခြုံရေးအခြေအနေအရ တည်ငြိမ်အေးချမ်းပြီးဖြစ်သော မူလနေထိုင်ခဲ့ရာ နေရာများစာရင်းကို ပြုစုလျက်ရှိပြီး ရရှိပါက မူလနေရပ်များသို့ ၎င်းတို့ဆန္ဒအရ ပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ အစီအမံဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားသော တိုက်ပွဲရှောင်စခန်းများတွင် စနစ်တကျနေထိုင်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR