လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါ်ထုမေ၊မဲဆန္ဒနယ် အမှတ်(၁၁)၊ရခိုင်ပြည်နယ်။
ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိလိုအပ်သော မြို့နယ်များတွင် ဘက်စုံ အသုံးပြုနိုင်သော (MultiPurpose) Cyclone Resistant Shelters များ လာမည့်ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာ တည်ဆောက်ပေးရန်အစီအစဥ်ရှိ/မရှိ။

၂။ဦးကိုကိုနိုင် မဲဆန္ဒနယ်အမှတ်(၈)၊စစ်ကိုင်းတိုင်းဒေသကြီး။
သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန် အတွက် နှစ်စဥ်နှစ်တိုင်းသဘာဝဘေး အန္တရာယ် ရင်ဆိုင် ကြုံတွေ့ခံစားနေရသည့် မြို့နယ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဦးစီးရုံးများ အမြန်ဆုံးဖွင့်လှစ်ပေးရန် အစီအစဥ် ရှိ/မရှိ။

အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် ရခိုင် ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ၏ "ခေတ်အဆက်ဆက် သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ လိုအပ်သောမြို့နယ်များတွင် ဘက်စုံအသုံးပြု နိုင်သော (MultiPurpose)Cyclone Resistant Shelters များလာမည့် ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာတည်ဆောက် ပေးရန်အစီအစဥ်ရှိ/မရှိ" ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်း ဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ရခိုင်ပြည်နယ်သည်ရေမြေသဘာ၀အနေအထားအရပင်လယ်ကမ်းရိုးတန်း တလျောက်တွင် တည်ရှိသည့်အတွက်မုန်တိုင်းအန္တရာယ်ကို နှစ်စဥ်တွေ့ကြုံခံစားရသည့်ဒေသဖြစ်ရာ မုန်တိုင်းဒဏ်ခံ ခိုလှုံရာအဆောက်အဦများကို လိုအပ်ချက်အပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရေး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 

၄။ လူမှု၀န်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောနေရာများ၌ Cyclone  Shelter များကို ဆောက်လုပ်ပေးခဲ့ရာ  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြေပုံမြို့နယ် တွင်(၁)လုံး၊ပေါက်တောမြို့နယ်တွင် (၁)လုံး၊  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မြေပုံမြို့နယ်တွင်(၁)လုံး၊   ပေါက်တောမြို့နယ်တွင် (၁)လုံး၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း  မြေပုံမြို့နယ်တွင်(၃)လုံး၊   တောင်ကုတ်မြို့နယ်တွင်(၃)လုံး၊ မာန်အောင်မြို့နယ် တွင် (၂)လုံး၊၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွင်း အမ်းမြို့နယ်တွင် (၂)လုံး၊ စုစုပေါင်း Cyclone Shelter (၁၄)လုံးကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောက်လုပ်ပေးခဲ့ ပါတယ်။ 

၅။ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ် အတွင်း  Cyclone  Shelter  များကို စစ်တွေမြို့နယ်တွင်(၄)လုံး၊ ပေါက်တောမြို့နယ်တွင်(၁)လုံး၊ မင်းပြားမြို့နယ်တွင် (၁)လုံး၊ မြေပုံမြို့နယ်တွင်(၂)လုံး၊ ကျောက်ဖြူမြို့နယ်တွင်(၁)လုံး၊ တောင်ကုတ် မြို့နယ်တွင် (၁)လုံး၊စုစုပေါင်း(၁၀)လုံးကို ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ 

၆။ ထို့ကြောင့်ရခိုင်ပြည်နယ်အတွင်း ဘေးဒဏ်ခံ ဘက်စုံသုံး Cyclone Shelter စုစုပေါင်း (၂၄)လုံးတည်ဆောက်ထားရှိပြီးဖြစ်ပါတယ်။ Cyclone Shelter  များကို ထိရောက်စွာအသုံးပြုနိုင်ရန်၊ ဘေးသင့်ပြည်သူများအလွယ်တကူရောက်ရှိခိုနားနိုင်ရန်  ရွာချင်းဆက်လမ်းများကို ခိုင်ခံ့ကောင်းမွန် ရန် လိုအပ်သဖြင့် နိုင်ငံတော်အနေဖြင့် လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ရေးကိုပါ တပါတည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သဘာဝဘေးနှင့်ပတ်သက်၍ အဆင်သင့်ဖြစ်ရေး ရည်ရွယ် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်းတင်ပြအပ်ပါတယ်။

၇။ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဆောက်လုပ်ရန်ကျန်ရှိသော Cyclone Shelter ဦးရေမှာ(၃၀)လုံးြဖစ်ပြီး ၎င်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀)ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ချောင်းနွယ် ကျေးရွာ၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာ၊ ကျောက်ဖြူမြို့နယ်၊သဲတန်းကျေးရွာ၊ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်ကျေးရွာတို့တွင် Cyclone  Shelter (၁)လုံးစီဖြင့်  စုစုပေါင်း(၄)လုံးကို  ၂၀၁၈  ခုနှစ်အတွင်း  ဆောက်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ  ကျန်ရှိသော  Cyclone Shelter (၂၆)လုံးကို   အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆက်လက် ဆောက်လုပ်မှာ ဖြစ်ပါတယ်။

၈။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ခွဲဝေရရှိမှုအရသော်လည်းကောင်း၊  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လည်းကောင်း၊ အလှူရှင်များ၏ ထောက်ပံ့မှုအရသော်လည်းကောင်း၊ Cyclone Shelter များကို ဒေသလိုအပ်ချက်များ ပေါ်မူတည်၍ ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း  ဧရာဝတီတိုင်းဒေသကြီးတွင် (၇၀)လုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၉)လုံး၊ ရခိုင်ပြည်နယ်တွင် (၁၄)လုံး၊ စုစုပေါင်း Cyclone Shelter (၉၃)လုံး ဆောက်လုပ်ပေးခဲ့ပြီး ၂၀၁၆ခုနှစ်မှ ယနေ့အထိ ဧရာဝတီတိုင်းဒေသကြီးတွင် (၅)လုံး၊ ရခိုင်ပြည်နယ်တွင် (၁၀)လုံး၊ ကရင်ပြည်နယ်တွင် (၂)လုံး၊ ပဲခူးတိုင်း ဒေသကြီးတွင် (၅)လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃)လုံး၊ ချင်းပြည်နယ်တွင် (၁)လုံး၊ စုစုပေါင်း Cyclone Shelter (၂၆)လုံးမှာ ဆောက်လုပ်ဆဲဖြစ်ပါတယ်။ 

၉။ ဆက်လက်၍ Cyclone Shelter (၉၀)လုံးကို ဆောက်လုပ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၆)လုံး၊ ရခိုင်ပြည်နယ်တွင် (၂၆)လုံး၊ ချင်းပြည်နယ်တွင် (၃)လုံး၊ ရှမ်းပြည်နယ်တွင် (၁)လုံးတို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် (၄)လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလှူဒါန်းငွေဖြင့်လည်းကောင်း ဆောက်လုပ်ပေးနိုင်ရေး စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အမှတ်စဉ်(၂) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်၏ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၈)မှ  လွှတ်တော်ကိုယ်စားလှယ်  ဦးကိုကိုနိုင်၏ "သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန်အတွက် နှစ်စဥ် နှစ်တိုင်းသဘာဝဘေး အန္တရာယ်ရင်ဆိုင် ကြုံတွေ့ခံစားနေရသည့်မြို့နယ်များတွင် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊မြို့နယ်အဆင့်ဦးစီးရုံးများအမြန်ဆုံးဖွင့်လှစ်ပေးရန်အစီအစဥ်ရှိ/မရှိ"ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်း သဘာဝဘေးသင့် ပြည်သူများ အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ အရေးပေါ် အခိုအကာ စသည့် အရေးပေါ်တုန့်ပြန်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့်စပ်လျဥ်း၍ အသိပညာပေး လုပ်ငန်းများ၊ သဘာဝဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပေါင်းစပ်ပါဝင်ဆောင်ရွက် ပေးလျက်ရှိပါတယ်။

၄။ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေး   စီမံခန့်ခွဲမှုလုပ်ငန်းများကို  ထိရောက်လျင်မြန်စွာ    ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ရုံး(၇၄)ရုံးနှင့် မြို့နယ်ရုံး (၃၃၀)ရုံးတို့တွင်ခရိုင်/မြို့နယ် အဆင့်ရုံး များတိုးချဲ့ဖွင့်လှစ်နိုင်ရန််လိုအပ်နေပါသဖြင့် ဖွဲ့စည်းပုံတိုးချဲ့နိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့ရာ (၆-၇-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဥ် (၁၃/၁၇)အရဖွဲ့စည်းပုံခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါဖွဲ့စည်းပုံအတိုင်း(၆)နှစ်စီမံကိန်းဖြင့် ဖွဲ့စည်းပုံကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ်ရုံးများအဖြစ် ကချင်ပြည်နယ်တွင် (၁)ရုံး၊ ကယား ပြည်နယ်တွင် (၃)ရုံး၊ ကရင်ပြည်နယ်တွင် (၂)ရုံး၊ မွန်ပြည်နယ်တွင် (၅)ရုံး၊ ရခိုင် ပြည်နယ်တွင် (၇)ရုံး၊ ရှမ်းပြည်နယ်တွင် (၇)ရုံး၊ ရန်ကုန်တိုင်းေဒသကြီးတွင် (၄)ရုံး၊ မန္တလေးတိုင်းဒေသကြီးတွင် (၅)ရုံး၊  ပဲခူးတိုင်းဒေသကြီးတွင် (၅)ရုံး၊ မကွေးတိုင်း ဒေသကြီးတွင် (၅)ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ရုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် 

(၈)ရုံး၊ မြို့နယ်ရုံးစုစုပေါင်း (၅၅)ရုံးတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ခရိုင်ရုံးများအဖြစ် ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် (၁)ရုံးစီနှင့် ရှမ်းပြည်နယ်တွင် (၂)ရုံး၊ ခရိုင်ရုံးစုစုပေါင်း(၇)ရုံးတို့ကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပါတယ်။

၅။ ပထမအဆင့်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဘေးဖြစ်ပွား မှုအခြေအနေ၊ အနည်းဆုံးဝန်ထမ်း(၂)ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထားရှိသိုလှောင်နိုင်သော နေရာရရှိနိုင်မှုတို့ပေါ်မူတည်၍ရုံးများဖွင့်လှစ်မည်ဖြစ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းညှိနှိုင်း၍ ခရိုင်/ မြို့နယ်အဆင့် ဦးစီးမှူးရုံးများ ဦးစားပေးဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။




MOS

DSW

DDM

DOR