လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးကျော်ကျော်ဝင်း၊မဲဆန္ဒနယ် အမှတ်(၈)၊ ရခိုင်ပြည်နယ်။
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် အပါအဝင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွားမည့်ကိုယ်ဝန်ဆောင်မိခင်များ၊အသက် (၂)နှစ်အောက်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ငွေကြေးအထောက် အပံ့ပေးရေး အစီအစဥ်များ အကောင်အထည် ဖော် ဆောင်ရွက်နေမှုတို့ကို သိရှိလိုခြင်း


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရခိုင် ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၈)၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းဖြစ်သော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွားမည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ်အောက်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဥ်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှုတို့ကို သိရှိလိုခြင်းနှင့် စပ်လျဥ်း၍ ဖြေကြားသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သည် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဥ် (၈)ခုအနက် ပထမဦးဆုံးလုပ်ငန်းစဥ်ဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး အစီအစဥ် အား ယခုလာမည့် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာနှစ်အတွင်းတွင်ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါတယ်။

၄။ ဤစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်းဒေသများရှိကလေးသူငယ်များ ဖွံ့ဖြိုးကြီးထွား ရေးအတွက် အာဟာရပြည့်ဝစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် သားဆက်ခြား နည်းလမ်းများ စနစ်တကျသုံးစွဲရေး အပါအဝင် ကျန်းမာရေးနှင့်  ညီညွတ်သော အလေ့အကျင့်ကောင်းများ  ဖြစ်ထွန်းလာ စေရေးကို ရည်ရွယ်ပါသဖြင့် ငွေကြေးထောက်ပံ့မှုအပိုင်းသာမက အသိပညာပေးအပိုင်းပါ ပါဝင်မည်ဖြစ်ပါတယ်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန သည် ဤအစီအစဥ်အား ဦးစီးဆောင်ရွက်မည့် ဌာနအဖွဲ့အစည်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပါတယ်။ အစိုးရဌာနများသာမက၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၊ Save the Children နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များဖြစ်သော အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာအဖွဲ့ Livelihoods and Food Security Trust Fund (LIFT- Fund)တို့ အပါအဝင် Stakeholder အားလုံး ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရေးဆွဲထား ရှိပါတယ်။

၅။ အစီအစဥ်၏ အကောင်အထည်ဖော်ဆောင်ရွက်မှုအပိုင်း၌ ယေဘူယျအားဖြင့် ရပ်ရွာ လူထုအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းအဆင့်၊ အကျိုးခံစား ခွင့် ရှိသူများအား စာရင်းသွင်းခြင်း အဆင့်၊အဆိုပါ အကျိုးခံစားခွင့်ရှိသူများအား အတည်ပြုခြင်းအဆင့်၊ ၎င်းအကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေး ပေးအပ် ခြင်းအဆင့်နှင့် ကျန်းမာရေးအသိပညာပေးခြင်းအဆင့်ဟူ၍ (၅)ပိုင်း  ပါရှိမည်ဖြစ် ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၆။ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ ပထမအဆင့်အဖြစ် ရပ်ရွာ လူထုအား အသိပေးခြင်းကို ၂၀၁၇ခုနှစ်၊ မေလအတွင်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အကျိုးခံစားခွင့် ရှိသူများအား စာရင်းသွင်းခြင်း အဆင့်တွင် စာရင်းဇယားများ ရရှိရေးနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်းစာအုပ် ကိုင်ဆောင်ထားသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းဇယား များ ရယူမည်ဖြစ်ပါတယ်။ ဆက်လက်၍ အကျိုးခံစားခွင့် ရှိသူများစာရင်းကို မြို့နယ်နှင့် ခရိုင်အဆင့်ရှိ  လူမှုဝန်ထမ်းတာဝန်ခံ/ ပြည်နယ် လူမှုဝန်ထမ်း ဝာာဝန်ခံက ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးသည် မြို့နယ်နှင့် ခရိုင်များမှ တင်ပြ လာသောအကျိုးခံစားခွင့်ရှိသူအရေအတွက်ပေါ်မူတည်၍ လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်သို့ ရန်ပုံငွေတင်ပြတောင်းခံရမည်ဖြစ်ပါတယ်။၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ် Maternal and Child Cash Transfer (MCCT) လုပ်ငန်းအဖွဲ့မှ ရန်ပုံငွေတောင်းခံလာမှုအား စိစစ်ပြီးပြည်နယ်လူမှုဝန်ထမ်း ရုံးသို့  ရန်ပုံငွေ ခွဲဝေချထားပေးမှာဖြစ်ပါတယ်။ ၄င်းမှတစ်ဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး များထံ မြန်မာ့စီးပွားရေးဘဏ်၏ MCCT အစီအစဥ်ငွေစာရင်းမှတဆင့်  လွှဲပြောင်းပေးပို့ မည်ဖြစ် ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ထောက်ပံ့ငွေများ ထုတ်ယူပြီးအကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များအား အမြန်ဆုံး ထုတ်ပေးရမည် ဖြစ်ပါတယ်။ ထိုသို့  ထောက်ပံ့ငွေများအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များအား ပေးအပ်စဥ်တွင် မြို့နယ်အဆင့်ရှိလူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းမှ ငွေလက်ခံ ရရှိမှုအား သက်သေအဖြစ် လက်မှတ်ရေးထိုးကာ ငွေလက်ခံရရှိမှု အထောက် အထားများအား ရယူသိမ်းဆည်းထားရန် စီစဥ်ထားရှိပါတယ်။

၇။ အလားတူ  အကျိုးခံစားခွင့်ရှိသူ   ကိုယ်ဝန်ဆောင်မိခင် မီးဖွားပြီးပါက ရက်ပေါင်း (၄၅) ရက်အတွင်းတွင် မွေးဖွားသော ကလေးအရေအတွက်အရ ၎င်းတို့၏ ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူး များထံတွင် လာရောက်သတင်းပို့ကာ    ကလေးအကျိုးခံစားခွင့်ရှိသူစာရင်းပုံစံတွင် စာရင်းသွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါတယ်။   အဆိုပါ အကျိုးခံစားခွင့်ရှိသူ  ကလေးစာရင်းအားလည်း ကိုယ်ဝန်ဆောင် မိခင်စာရင်းအသစ်များစာရင်းနှင့်အတူ ပူးတွဲ၍ ယခင်အတိုင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ ပေးပို့ပြီး ရန်ပုံငွေ တင်ပြတောင်းခံရ မည်ဖြစ်ပြီး မွေးဖွားခဲ့သော မိခင်အနေဖြင့် ကလေးအရေအတွက်အလိုက် ထောက်ပံ့ကြေးခံစားနိုင်မည် ဖြစ်ပါတယ်။

၈။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစွာနှင့် တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုပိုင်းအနေဖြင့် ရပ်ကွက်/ ကျေးရွာအဆင့်၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သားဖွားဆရာမ၊ လူမှုရေး ခေါင်းဆောင်များ၊ရပ်မိရပ်ဖများပါဝင်သော ကျေးရွာ လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီ၊ မြို့နယ်အဆင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်သော  မြို့နယ်အဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီနှင့်  ပြည်နယ်အဆင့်တွင် လူမှုရေးရာဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင် အဖြစ် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဆက်စပ်ဌာနဆိုင်ရာများ ပါဝင်မှာဖြစ်ပါတယ်။လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်ပါဝင်မှာဖြစ်ပါတယ်။ ပြည်နယ် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ကြီးကြပ် ကွပ်ကဲဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ အဆိုပါ လူမှုကာကွယ် စောင့်ရှောက်ရေး ကော်မတီ အဆင့်ဆင့်တွင် သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များက နာယက များ အဖြစ် ပါဝင်မည်ြဖစ်ပြီး အကောင်အထည်ဖော်မှု၏   အခြေခံအကျဆုံးနှင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ ရသော  ရပ်ကွက်/ ကျေးရွာ အဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး ကော်မတီအား  ဖွဲ့စည်းရာတွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သားဖွား ဆရာမမှအပ ကျန်ကော်မတီဝင်များအား ပွင့်လင်းမြင်သာမှုရှိစွာ ရပ်ရွာလူထုမှ ရွေးချယ်သော သူများကိုသာ ခန့်အပ်မည်ဖြစ်ပါတယ်။ ၎င်းတို့အထဲမှ ရပ်ရွာလူထု အားကိုး အားထားပြုရသူ၊ အကျိုးခံစားခွင့်ရှိသူအနေဖြင့် လွယ်ကူစွာ ချဥ်းကပ်၍ ပြောဆို ဆွေးနွေးနိုင်သောသူတစ်ဦးအား တိုင်ကြားမှု တာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ပြီး ၎င်းအနေဖြင့် အစီအစဥ် အကောင်အထည်ဖော်မှု လက်စွဲအရ အတိုင်းအတာ တစ်ခုအထိ တိုင်ကြားမှုများအား ဖြေရှင်းရန် တာဝန်ရှိပြီး အခြားတိုင်တန်းမှု များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ခန့်အပ်ထားသော လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲ သူများထံ ဆက်လက်တိုင်ကြားရမည် ဖြစ်ပါတယ်။ ၎င်းနောက် တိုင်ကြားမှု အမျိုး အစားပေါ် မူတည်၍ စီမံခန့်ခွဲမှုအဆင့်အလိုက် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ် ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၉။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အမျိုးသား အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ   နောက်ထပ် အစီအစဥ် တစ်ခု ဖြစ် သည့် သက်ကြီးပင်စင်ထောက်ပံ့ရေး အစီအစဥ် ကိုလည်း ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အဘိုးအဘွားများအတွက် သက်ကြီး ပင်စင်ထောက်ပံ့ ပေးရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ တင်ပြတောင်းခံထားပါတယ်။ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာနှစ်အတွက် အသက်(၉၀)နှစ်နှင့်အထက်     အဘိုးအဘွားများကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်း ထောက်ပံ့ ပေးရန်စီစဥ်လျက်ရှိပြီး ဘိုးဘွားများအတွက် သက်ကြီးပင်စင်ထောက်ပံ့ပေးနိုင်ရန်အတွက်လည်း လုပ်ငန်းလမ်းညွှန် ရေးဆွဲခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ ရပ်ရွာနှင့်အကျိုးခံစားခွင်‌့ရှိသူဖြစ်လာ မည့်သူများအား သတင်းပေးခြင်း၊ စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ စိစစ်ခြင်း၊ ထောက်ပံ့ငွေကြေး ထုတ်ပေးခြင်း၊ စာရင်းဇယားများ ပြန်လည်ညှိနှိုင်းခြင်းနှင့် အကောင်အထည်ဖော်မှုများ စောင့်ကြည့် ကြီးကြပ်ခြင်းအဆင့်များဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါတယ်။

၁၀။ သက်ကြီးပင်စင်ထောက်ပံ့မှုအတွက် ၂၀၁၇ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် သက်ကြီး ပင်စင်လုပ်ငန်းအစီအစဥ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊  ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများသို့ ရှင်းလင်းတင်ပြ သည့် အခမ်းအနားအား ပြည်ထောင်စုလွှတ်တော်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သက်ကြီးပင်စင် ထောက်ပံ့ပေးမှုတွင် ပါ၀င်သင့်သူများမပါ၀င်ခြင်းနှင့် မပါ၀င်သင့်သူများ  ပါ၀င်လာမှုအမှားများ၊   ရပ်ကွက်/ကျေးရွာ အဆင့်တွင်  ဖွဲ့စည်းမည့် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီ ( အဆိုပြု )ဖွဲ့စည်းပုံ၊ သက်ကြီး ပင်စင် အခြေခံသဘောတရားများဖြစ်သည့် လူမှန်၊ ငွေပမာဏမှန်၊ အချိန်မှန်ထောက်ပံ့ပေးနိုင်မှု အတွက် တာ၀န်ခံမှုစသည်တို့နှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေး ညှိနှိုင်းအကြံများ ပြုခဲ့ကြပါကြောင်းနှင့် ဆွေးနွေးညှိနှိုင်းချက်များအပေါ်မူတည်၍ သက်ကြီးပင်စင်ထောက်ပံ့ရေး လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲပြီးအကောင်အထည်ဖော် သွားမည်ဖြစ်ပါတယ်။

၁၁။ မြန်မာနိုင်ငံတွင်၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေ ဖြင့် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဥ်ကို အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွား များအား စတင်ထောက်ပံ့ပေးမည်ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံဝန်ထမ်းအင်အား အနေအထားအရ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လူမှုကာကွယ် စောင့်ရှောက်ရေးကော်မတီများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများ၊   သက်ဆိုင်ရာဌာနဆိုင်ရာများမှ   ကိုယ်စားလှယ်များနှင့်အတူ  ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန၏ လက်ရှိဖွဲ့စည်းပုံ အနေအထားသည် ခရိုင်အဆင့် တွင်ပင် (၁၂)ရုံးသာ ရှိနေပြီး မြို့နယ်အဆင့်တွင် ဖွဲ့စည်းပုံအရ လုံးဝခန့်အပ်ထားခြင်း မရှိပါ၍ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား အမည်စာရင်းပေးသွင်းခြင်း၊ကောက်ခံခြင်းလုပ်ငန်း များကိုအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ညှိနှိုင်းစာများပေးပို့၍  စာရင်းဇယားများ ရရှိရေးအတွက်  အကူ အညီတောင်းခံ၍ လူမှုဝန်ထမ်းဦးစီးဌာနသို့  ပေးပို့စေရန်  စီစဥ်ထားပြီး ခရိုင်အချို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတွင် မြို့နယ်အလိုက် စာရင်းဇယားများကို စုစည်းပြီး လူမှုဝန်ထမ်းဦးစီးဌာန ရုံးချုပ်သို့ တင်ပြရန် စီစဥ်ထားရှိပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီး ပင်စင် ရရှိသော ဘိုးဘွား များ၏ (၁၀)%ကို ဘိုးဘွားများ လက်ထဲ အမှန်တကယ်ရရှိခြင်း ရှိ/မရှိ စိစစ်ရန် စီစဥ်ထားရှိသည့်အပြင် သက်ကြီးဘိုးဘွားများနှင့် ၎င်းတို့၏ မိသားစုများမှ အချိန်မရွေး  တိုင်တန်းနိုင်သော လူမှုဝန်ထမ်းဦးစီးဌာန Help Lineများကိုလည်း ပြည်သူလူထုသို့အသိပေး တင်ပြ ထားပြီးဖြစ်ပါတယ်။ယခုဆောင်ရွက်မည့် သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဥ်တွင် ဘိုးဘွား ရိပ်သာတွင်ရှိသည့် မှတ်ပုံတင် မရှိသော အဘိုးအဘွားများအတွက် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန အား ချိတ်ဆက်၍သော်လည်းကောင်း၊ သက်ရွယ်တူ သက်ကြီးအချင်းချင်း ထောက်ခံပေး၍ သော်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း‌ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။


MOS

DSW

DDM

DOR