လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးခင်မောင်လတ်မဲဆန္ဒနယ် အမှတ်(၃)၊ရခိုင်ပြည်နယ်။
ရခိုင်ပြည်နယ်၌ အရန်ရိက္ခာဆန်သိုလှောင်ရေးနှင့် ဖြန့်ဝေရေးကို မည်ကဲ့သို့စီစဉ်ထားသည်ကို သိရှိလို ခြင်း ကြယ်ပွင့်ပြမေးခွန်း။


အမှတ်စဉ်(၁) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်


၁။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက် ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ်၌ အရန်ရိက္ခာဆန် သိုလှောင်ရေးနှင့် ဖြန့်ဝေရေးကို မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနဲ့စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ရဲ့ ဖြေကြား ချက်များကို ပေါင်းစပ်ပြီးတော့မှ ကျွန်တော့အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားမှာ ဖြစ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာထောက်ပံ့ပေးပြီး လိုအပ်ချက် ရှိပါက စားနပ်ရိက္ခာအဖြစ်(ဆန်၊ဆီ၊ ဆား၊ ပဲ)နှင့် အရေးပေါ် အစားအစာအဖြစ် (ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့် ) စတာတွေကို အချိန်နဲ့တစ်ပြေးညီ ထောက်ပံ့ ပေးလျက်ရှိပါတယ်။ ထောက်ပံ့မှုများဆောင်ရွက်ရာမှာ ဆန်ရိက္ခာဖိုးကို ငွေသားဖြင့် အဓိကထောက်ပံ့ပြီး ဘေးဖြစ်ပွားမှု အခြေအနေ၊ ဘေးသင့်ဒေသ၏ အခြေအနေနဲ့ ဘေးသင့်ပြည်သူများ၏ လိုအပ်ချက်တို့အပေါ်မှာ မူတည်ပြီးတော့မှ ဆန်ရိက္ခာနဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိပြီး လိုအပ်ချက်များနဲ့အညီ ဒေသတွင်းမှာရှိတဲ့ ဆန်ကုန်သည်များအသင်း၊ ကုန်သည်ကြီးများအသင်း၊ ဒေသခံကုန်သည်များနဲ့ ပူးပေါင်းပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ညှိနှိုင်းဆောင်ရွက်ကာ ရိက္ခာထောက်ပံ့ရေး လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီရဲ့ ရန်ပုံငွေကိုလည်း နိုင်ငံတော်က ထူထောင်ပေးထားပြီးတော့မှ အရေးပေါ် အသုံးပြုရန် ကြိုတင်ငွေတွေ သတ်မှတ်ပြီးတော့မှ ထုတ်ပေးဆောင်ရွက်လျက်ရှိပါတယ်။ ( ဥပမာ အားဖြင့် ဆိုလို့ရှိရင် သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေကို တိုင်းဒေသကြီး/ပြည်နယ်တွေကနေပြီးတော့မှ တောင်းဆိုလာ တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အမျိုးသားသဘာဝဘေး ရန်ပုံငွေကနေပြီးတော့မှ ကြိုတင်ငွေများ ထုတ်ပေးပြီးတော့မှ အရေးပေါ် 

ထောက်ပံ့နိုင်အောင် စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ )

၄။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိတဲ့ သဘာဝဘေးအန္တရာယ်နဲ့ လူကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များအတွက် ဆန်ရိက္ခာထောက်ပံ့မှုအစီအစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး ဘေးအန္တရာယ်ကြောင့် မိုးစပါး စိုက်ခင်းများ ပျက်စီးပါကလည်း ပြန်လည်အစားထိုးစိုက်ပျိုးရန်အတွက် အရန်မျိုးစပါးများ ကိုလည်း စုဆောင်းသိုလှောင်ထားရှိပါတယ်။

၅။ ၂၀၁၉ ခုနှစ်၊ မိုးရာသီမှာ မိုးစပါး ဧက (၁၀) သိန်းကျော် စိုက်ပျိုးရန် လျာ ထားဆောင်ရွက်ခဲ့ရာ ဧက(၁၀)သိန်း စိုက်ပျိုးနိုင်ခဲ့ပြီး မြို့နယ်အလိုက် လျာထားအထွက်နှုန်းဖြင့်  ခန့်မှန်းတွက်ချက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ မိုးစပါး တင်း (၆၁၉)သိန်း ထွက်ရှိနိုင်မှာဖြစ်ပြီး စပါးအထွက်တင်းများအပေါ် ဆန်ဖူလုံမှုကို ခန့်မှန်းတွက်ချက်ရာ ပြည်နယ်အတွင်း ဆန်ဖူလုံမှု (၁၂၅.၄၆%) ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြီးရဲ့ ဆွေးနွေးချက်ထဲမှာပါသလို လုံခြုံရေးအခြေ အနေအရ ရိတ်သိမ်းနိုင်မှုအခြေအနေအပေါ်မူတည်ပြီးတော့မှ အနည်းငယ် ကိန်းဂဏန်းများ ကွာဟမှုတော့ ရှိနိုင်ပါတယ်။

၆။ လတ်တလော ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဆန်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာတွေကို စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့  (Asean Plus Three Emergency Rice Reserve) APTERR ဆန် (အာဆီယံအပေါင်း ၃ အရေးပေါ်အရန်ဆန်ရိက္ခာအစီအစဉ် - ၃ အရ) ထောက်ပံ့နိုင်ရေးကိုလည်း လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ အဆိုပါအစီအစဉ်ဟာ အာဆီယံဒေသတွင်း နိုင်ငံများရဲ့ သဘာဝဘေးနဲ့ သီးခြား ကိစ္စရပ်များကြောင့် စားနပ်ရိက္ခာအရေးပေါ်လိုအပ်သော အခြေအနေများမှာ ဖြစ်ပေါ်တဲ့ဒေသ များကို ထောက်ပံ့ပေးသော အစီအစဉ်ဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် အကျုံးဝင် ဒေသအားလုံး အတွက် ကူညီထောက်ပံ့ခြင်းဖြစ်၍ လိုအပ်ချက်အပေါ် စီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ် ပါတယ်။ ဒီအစီအစဉ်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကို စိုက်/မွေး/ဆည်ဝန်ကြီးဌာနကနေပြီး တော့မှ ဆန်ရိက္ခာများ ထောက်ပံ့ပြီးဖြစ်ပါတယ်။

၇။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိတဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ လူ့ကြောင့်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များအတွက် ဆန်ရိက္ခာများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်း၊ သတ်မှတ်နှုန်းထားများနဲ့အညီ ဆောလျင်စွာ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့မှု အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ 

၈။ လတ်တလော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် ဆန်ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေသော ကျေးရွာများသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ တိုက်ပွဲရှောင် စုရပ်များနေ ပြည်သူများအတွက် ဆန်ရိက္ခာတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိ ပါတယ်။ ရခိုင်ပြည်နယ်အတွင်း အရန်ရိက္ခာဆန်အား သီးသန့်အစီအစဉ်ဖြင့် သိုလှောင်ထားမှု မရှိသော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့က ချက်ချင်းအရေးယူ ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။ 

၉။ ကြီးမားတဲ့ သဘာဝဘေး ဖြစ်စဉ်များမှာ အရေးပေါ်ဆန်လိုအပ်ချက်များရှိပါက ဒေသတွင်းရှိ ဆန်ကုန်သည်များအသင်း၊ ဒေသခံကုန်သည်များနဲ့ ညှိနှိုင်းဆောင်ရွက်ထောက်ပံ့လျက်ရှိပြီး  ဒေသတစ်ခုနှင့်တစ်ခု သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ အသုံးပြု၍ မရတဲ့အခါမှာဖြစ်စေ၊ ဒေသတွင်း ဆန်ကုန်သည်များ အသင်းတို့မှ မရနိုင်တော့တဲ့ အခါမှာဖြစ်စေ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနဲ့လည်း ညှိနှိုင်း၍ တပ်မတော်အရန်ဆန်ရိက္ခာမှ ခေတ္တယူဆောင်ထောက်ပံ့ ပေးနိုင်သကဲ့သို့ တပ်မတော်ရဟတ်ယာဉ်များ ဖြင့်လည်း ရိက္ခာများကို လေကြောင်းမှ ထောက်ပံ့ သယ်ပို့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

၁၀။ ဥပမာအနေနဲ့ တင်ပြရမည်ဆိုင်လျှင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ဖြစ်ပွား ခဲ့တဲ့ဖြစ်စဉ်များမှာသော်လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွင်လည်းကောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီအနေနဲ့ တပ်မတော်နဲ့ ညှိနှိုင်းပြီး တပ်မတော် ထောက်ပံ့ပို့ဆောင်ရေးရိက္ခာစခန်းများမှ ဆန်၊ ဆီ၊ ဆား၊ ပဲ များကို ခေတ္တ ရယူကာ ပြည်သူများကို ထောက်ပံ့ပေးဝေမှုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ခဲ့တဲ့ မင်းပြား ရေဘေး ဖြစ်စဉ် မှာလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျွန်တော်တို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး တပ်မတော် ရဟတ်ယာဉ်များဖြင့် လေကြောင်းထောက်ပံ့မှုများဖြင့် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

၁၁။ သို့ပါ၍ တင်ပြပါအတိုင်း နောင်အရေးပေါ် ဘေးဖြစ်ပွားမှုအခြေအနေများတွင် အလားတူ ညှိနှိုင်း ဆောင်ရွက်နိုင်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန၏ ရန်ပုံငွေဖြင့် ပြည်နယ် အတွင်း မြို့အလိုက် ဒေသဆန်များ ဝယ်ယူထောက်ပံ့ပေးခြင်း၊ UN/INGO/NGO များ၊ လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်လည်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့  လတ်တ‌လောတွင်  ရခိုင်ပြည်နယ်အတွင်း အရန်ရိက္ခာဆန်အား သီးသန့်အစီအစဉ်ဖြင့်  သိုလှောင် ထားမှု မရှိ‌သော်လည်း  အရေးပေါ်လိုအပ်ပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန  ရုံး/ သိုလှောင်ရုံများမှာ ခေတ္တ သိုလှောင်ထားရှိပြီး ရောက်/ဖြန့်စနစ်ကို ကျင့်သုံးထောက်ပံ့ပေးလျက်ရှိပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR