လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးတင်နု(ခ)ဦးတင်နုအောင် မာန်အောင်မြို့နယ် မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်၊
မေးမြန်းထားရှိတဲ့မာန်အောင်မြို့နယ်ရှိ ပင်လယ် ကမ်းခြေ မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများအား လေမုန်တိုင်းဒဏ်ခံအဆောက်အဦ(Cyclone Shelter)များ ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ

၂။ဦးသန်းအောင် ငပုတောမဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းအောင် မေးမြန်းထားရှိတဲ့ငပုတောမြို့နယ်ရှိပင်လယ်နှင့်နီးစပ်ပြီးမုန်တိုင်းအန္တရာယ် ကျရောက်လေ့ရှိသော    ကျေးရွာများအတွက်  မုန်တိုင်းဒဏ်ခံ အဆောက် အဦ(CycloneShelter)များထပ်မံလုပ်ဆောင်ပေးရန် မည်သို့အလေးထား ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း

၃။ဦးပါထန်းမတူပီမဲဆန္ဒနယ်၊ချင်းပြည်နယ်၊
၂၀၁၅ခုနှစ်၊ ဇူလိုင်လတွင် ချင်းပြည်နယ်၊ မတူပီမြို့၌ သည်းထည်စွာ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး၊ အိမ်ခြေ(၃၀)ကျော် ပျက်စီး ခြင်း၊ ရေမြောင်းကြီးများကြောင့် မြို့၏တစ်ဖက် တစ်ချက်ကြီးမားစွာပြိုပျက်ခဲ့ပြီး အနာဂတ်မြို့ ဆက်လက်တည်တံ့ရေးကို  ကြီးမားစွာ ထိခိုက် ခြိမ်းခြောက်လျက်ရှိပါသည်။ ယခင်နှစ်ကပြိုကျ ပျက်စီးသည့်နေရာကို ယခုနှစ်တွင် ပြုပြင် တည်ဆောက်ခြင်း မရှိသည့်အတွက် ယခုနှစ် တွင် ကြီးမားစွာ ဆက်လက်ပြို ကျပျက်စီးနေပါ သည်။ ယခုနှစ်မိုးကုန်ကာလတွင် ပြုပြင်ထိန်း သိမ်းခြင်း၊ ကာကွယ်ခြင်းမလုပ်နိုင်ပါက နောင် (၄)နှစ်၊ (၅) နှစ် အတွင်းတွင် မတူပီမြို့တစ် မြို့လုံးလုံးဝ ပျက်သုံးသွားနိုင်သည့်အခြေအနေသို့ ရောက်ရှိနေ ပါသည်။ သို့ဖြစ်ပါ၍ မတူပီ မြို့ပြိုကျပျက်စီးမှုကို နိုင်ငံတော်သမ္မတ၏ ရန်ပုံငွေမှ ကျခံဆောင်ရွက် ပေးနိုင်ရန် အစီအစဥ်ရှိ/မရှိ။


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နု ( ခ ) ဦးတင်နုအောင်၏ ကြယ်ပွင့်ပြ မေးခွန်းအားရှင်းလင်းဖြေကြားချက် 

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ရခိုင်ပြည်နယ်၊  မာန်အောင်မြို့နယ် မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု(ခ)ဦးတင်နုအောင် မေးမြန်းထားရှိတဲ့ မာန်အောင် မြို့နယ်ရှိ ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများအား လေမုန်တိုင်း ဒဏ်ခံအဆောက်အဦ(Cyclone Shelter)များ ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ရခိုင်ပြည်နယ်သည် ရေမြေသဘာ၀အနေအထားအရ   ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင် တည်ရှိသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဥ်တွေ့ကြုံ ခံစားရသည့် ဒေသဖြစ်၍ မုန်တိုင်းဒဏ်ခံ ခိုလှုံရာအဆောက်အဦများကို လိုအပ်ချက်အပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရေး ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့်  ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများဖြစ်သည့် မြေပုံမြို့နယ်တွင် Cyclone Shelter (၂)လုံး၊ ပေါက်တော မြို့နယ်တွင် Cyclone Shelter (၂)လုံး၊ စုစုပေါင်း (၄)လုံးတို့ကို ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်တို့၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့ပြီး၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြေပုံမြို့နယ်တွင် (၃)လုံးနှင့် တောင်ကုတ် မြို့နယ်တွင် (၃)လုံး၊ စုစုပေါင်း(၆)လုံး  ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဥ်ဖြင့်လည်း စစ်တွေမြို့နယ်တွင်Cyclone Shelter (၄)လုံး၊ ပေါက်တောမြို့နယ်တွင် Cyclone Shelter(၁)လုံး၊ မင်းပြားမြို့နယ်တွင် Cyclone Shelter (၁)လုံး၊ မြေပုံမြို့နယ်တွင် Cyclone Shelter (၂)လုံး၊ ကျောက်ဖြူမြို့နယ်တွင် Cyclone Shelter (၁)လုံး၊ တောင်ကုတ်မြို့နယ်တွင် Cyclone Shelter (၁)လုံး၊ စုစုပေါင်း (၁၀)လုံးကို ဆောက်လုပ်ပေးပြီးဖြစ်ပါတယ်။

၄။ ရခိုင်ပြည်နယ်  ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့်   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၃/၂၀၁၆)အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၊ စစ်တွေမြို့၌ ကျင်းပပြု လုပ်စဉ်  လွှတ်တော်ကိုယ်စားလှယ်များမှ  ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် Shelter နှင့် သက်ကယ် ကုန်းများ တည်ဆောက်ပေးနိုင်ရေးတင်ပြခဲ့ရာ တည်ဆောက်မည့်နေရာ၊ မြေနေရာအကျယ်အဝန်း၊ လိုအပ်သည့်အရေအတွက်တို့ကို ပြန်ကြားပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၅။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မာန်အောင်မြို့နယ်တွင် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ Cyclone Shelterနှင့် သက်ကယ်ကုန်း တည်ဆောက်ပေးနိုင်ရန် ပထမ ဦးစားပေး အနေဖြင့် ဇီးတောကျေးရွာ(၂.၀၀ဧက)၊ ဒုတိယဦးစားပေးအနေဖြင့် ကုန်းတန်းရွာတောင်ပိုင်း(၂.၀၀ဧက)၊ တတိယဦးစားပေးအနေဖြင့် ပုတ်ချောင်းကျေးရွာ(၂.၁၂ဧက)၊ စတုတ္ထဦးစားပေးအနေဖြင့် ရေမျက်ဝ ကျေးရွာ (၂.၅၀ဧက)၊ ပဉ္စမဦးစားပေးအနေဖြင့် ကျူကျေးရွာ(၀.၅၀ဧက) တို့တွင် ဆောင်ရွက်ပေးနိုင် ရန်၂၀၁၆ခုနှစ်၊အောက်တိုဘာလ(၇)ရက်နေ့တွင် ညှိနှိုင်းပြန်ကြား လာပါတယ်။

၆။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ လတ်တလောအားဖြင့် ဦးစားပေးအဆင့်(၁) ဇီးတောကျေးရွာနှင့် ဦးစားပေးအဆင့်(၂) ကုန်းတန်းရွာ တောင်ပိုင်းတွင် Cyclone Shelter (၁)လုံးစီကို အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျခံသုံးစွဲတည်ဆောက်ခွင့်အား ဥက္ကဋ္ဌထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ပါသဖြင့် ရန်ပုံငွေကျပ်သိန်း (၂၅၉၁.၆)အား ၁၁-၁၁-၂၀၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၂) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး၊ငပုတောမဲဆန္ဒနယ်မှလွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍  ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဧရာဝတီတိုင်းဒေသကြီး၊      ငပုတောမဲဆန္ဒနယ်မှ      ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းအောင်မေးမြန်းထားရှိတဲ့ငပုတောမြို့နယ်ရှိပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်းအန္တရာယ် ကျရောက်လေ့ ရှိသော    ကျေးရွာများအတွက်   မုန်တိုင်းဒဏ်ခံအဆောက်အဦ (CycloneShelter)များ ထပ်မံလုပ်ဆောင် ပေးရန် မည်သို့အလေးထားဆောင်ရွက်နေကြောင်း သိရှိလိုခြင်းနှင့်စပ်လျဥ်းသည့်မေးခွန်းအား  ဖြေကြား သွားမှာဖြစ်ပါတယ်။

၃။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား၍ ဦးစားပေးဆောင်ရွက်နေပါတယ်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဖြစ်ပွားနိုင်‌ခြေများသောဒေသနှင့် ဖြစ်ပွား နိုင်သော ဘေးအမျိုးအစားအလိုက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မဲန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းအောင်၏ ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်ရှိပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်းအန္တရာယ်ကျ‌ေရာက်လေ့ရှိသော ကျေးရွာများအတွက် မုန်တိုင်း ဒဏ်ခံအဆောက်အဦ(Cyclone  Shelter)များထပ်မံဆောက်လုပ်ပေးရန်  မည်သို့အလေးထား ဆောင်ရွက် နေကြောင်းသိလိုခြင်းမေးခွန်းနှင့်စပ်လျဥ်း၍ ဧရာ၀တီတိုင်းဒေသကြီးအတွင်း မုန်တိုင်းဒဏ်ခံအဆောက် အဦ(Cyclone Shelter)များ နိုင်ငံတော်ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ပြည်တွင်း/ပြည်ပ စေတနာရှင်များ၏ အထောက်အပံ့ဖြင့်လည်းကောင်း မြို့နယ်(၈)မြို့နယ်တို့တွင် နာဂစ်မုန်တိုင်းအပြီး တည်ဆောက်ပေးခဲ့ ရာ၌လပွတ္တာမြို့နယ်တွင် (၂၈)လုံး၊ ဖျာပုံမြို့နယ်တွင် (၉)လုံး၊ ဒေးဒရဲမြို့နယ်တွင်(၅)လုံး၊ ဘိုကလေးမြို့ နယ်တွင် (၉)လုံး၊ မော်လမြိုင်ကျွန်းတွင် (၂)လုံးနှင့်ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၁၄)လုံး၊ စုစုပေါင်း(၆၇)လုံးကို ဆောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

၂။ အဆိုပါတည်ဆောက်ပြီးစီးသည့် ငပုတောမြို့နယ်အတွင်းရှိ Cyclone Shelter (၁၄)လုံး သည် အထက်တန်းကျောင်း၊ မူလတန်းကျောင်းများအဖြစ် အသုံးပြုလျက်ရှိသော Multipurpose Shelter များ ဖြစ်ပါတယ်။

၃။ ဧရာ၀တီတိုင်းဒေသကြီးအတွင်းမြို့နယ်(၈)မြို့နယ်တွင်Cyclone Shelter စုစုပေါင်း(၄၃)လုံး ဆောက်လုပ်ရန်လိုအပ်ပါကြောင်း   ဦးစားပေးအစီအစဥ်များအလိုက် လျာထားတင်ပြထားချက်အနက် ငပုတောမြို့နယ်အတွင်းရှိဟိုင်းကြီးကျွန်းမြို့တွင်(၆)လုံး၊ ငပုတောမြို့တွင် (၃)လုံး၊    စုစုပေါင်း(၉)လုံး ပါဝင် ပါတယ်။

၄။ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွင်း  သာပေါင်းမြို့နယ်၊ ကျားရဲအုပ်စု၊  ကညင်ကုန်းကျေးရွာ ခွဲ၌ အလျား(၁၃၀)ပေ၊အနံ(၃၀)ပေရှိ လူဦးရေ(၃၀၀)ဆံ့Cyclone Shelter(၁)လုံးကို  ငွေကျပ် (၁၂၉.၅၈၀) သန်းနှင့်   မြောင်းမြခရိုင်၊      အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာ၌ အလျား (၉၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၈)ပေရှိ   School  Cum  Shelter (၁)လုံးအတွက်  ငွေကျပ်(၈၆.၄၀၀)သန်းကို  အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၏  ငွေစာရင်းသို့ လွှဲ ပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ အစိုးရအဖွဲ့၏အစီအစဥ်ဖြင့် ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

၅။ ၂၀၁၇-၂၀၁၈   ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်၊     ကျွန်းသာယာကျေးရွာအုပ်စု၊ ညောင်ပိတ်ကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူးကျေးရွာတို့၌ အလျား (၁၃၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၂၅) ပေရှိ Cyclone Shelter (၁)လုံးစီတို့အတွက် (၁)လုံးလျှင် ငွေကျပ် (၁၂၉.၅၈)သန်းဖြင့် Cyclone Shelter(၂)လုံးအတွက် စုစုပေါင်းငွေကျပ်(၂၅၉.၁၆)သန်းတို့အား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေစာရင်းသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ပါတယ်။ 

၆။ Cyclone Shelter များသည်  ဘေးအန္တရာယ် ဖြစ်ပွားသည့်အချိန်တွင် ဒေသတွင်းရှိ လူအားလုံးကို ခိုလှုံရန်မဖြစ်နိုင်ပါ။ မုန်တိုင်းအန္တရာယ်သည် မဖြစ်ပွားမီ(၂)ရက်၊(၃)ရက် ကြိုတင်သိရှိရ သည့်အတွက် မုန်တိုင်းလွတ်ရာသို့ ပြောင်းရွှေ့ရန် အချိန်လုံလောက်စွာ ရရှိသဖြင့် ရွှေ့ပြောင်းသွား ကြသည့်အချိန်တွင် ရွှေ့ပြောင်းရန် ကျန်ရစ်သူများကိုသာ မုန်တိုင်းအန္တရာယ်ကျရောက်သည့် ကာလ အတွင်း Cyclone Shelterနေထိုင်နိုင်ရေး ဦးစားပေးစီစဥ်ရခြင်းဖြစ်ပါတယ်။

၇။ Cyclone Shelter  များဆောက်လုပ်ပေးနိုင်ရေးအတွက် ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေမှ  နှစ်စဥ် လျာထား  တောင်းခံခဲ့သော်လည်း အခြားဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများကြောင့်  ဘတ်ဂျက် မရရှိခဲ့သဖြင့်    ဂျပန်နိုင်ငံနှင့်   တရုတ်နိုင်ငံတို့၏ အကူအညီဖြင့် ဆောက်လုပ်ပေးနိုင်ရေး တင်ပြ ဆောင်ရွက်ထားပါတယ်။ သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးစားပေးအလိုက်  တင်ပြလာမှုအပေါ်မူတည်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှကျခံသုံးစွဲ၍  ဆောက်လုပ်ပေးလျက်ရှိရာတွင်   Cyclone  Shelter  များကို   ယခုနှစ်အတွင်း ဧရာ၀တီတိုင်းဒေသကြီး သာမက ရခိုင်ပြည်နယ်တွင်(၈)လုံး၊ ကရင်ပြည်နယ်တွင်(၂)လုံး၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၃)လုံး၊ ပဲခူးတိုင်းဒေသကြီး(၁)လုံးနှင့်ချင်းပြည်နယ်တွင် (၁)လုံးစသည်တို့ကိုလည်းဆောက်လုပ်ပေးခဲ့ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အမှတ်စဉ်(၃) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းဝေးတွင် ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍  ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်း မေးမြန်းထားရှိတဲ့ ချင်းပြည်နယ်၊မတူပီမြို့ မြေပြိုမှုကို နိုင်ငံတော်သမ္မတ ရန်ပုံငွေဖြင့် ထောက်ပံ့တည် ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းအား ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ပထမဦးစွာ ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေမှ သုံးစွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ လိုပါတယ်။ သီးသန့်ရန်ပုံငွေအတွက် သတ်မှတ်ထားသော စည်း ကမ်း(၂)ချက် ရှိပါတယ်-

(က) ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် အသုံးစရိတ် ဖြစ်ခြင်း၊

(ခ) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင် မဖြစ်သည့် အထူးကိစ္စရပ်ဖြစ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ထောက်ခံချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခွင့်ပြုသော အသုံးစရိတ်ဖြစ်ခြင်းတို့ဖြစ်ပါတယ်။

၄။ နိုင်ငံတော်အနေဖြင့် ပံ့ပိုးပေးမှုများတွင် အဓိကအားဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျခံသုံးစွဲပေးလျက်ရှိပါတယ်။ အဆိုပါ ရန်ပုံငွေမှ ချင်းပြည်နယ်အတွင်းတွင် ထောက်ပံ့ကျခံပေးမှုများကို တင်ပြရမည်ဆိုလျှင်  ချင်းပြည်နယ်တွင် ၂၀၁၆ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များအတွက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၆ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ စုစုပေါင်း ကျပ် သိန်းပေါင်း (၇၇၇၉.၁)လွှဲပြောင်းပေးခဲ့သည့်အနက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချိုင်ကျေးရွာတွင် ပြောင်းရွှေ့နေအိမ် (၅၄)လုံးဆောက်လုပ်ရန် တစ်အိမ်လျှင် ကျပ်(၃)သိန်းနှုန်းဖြင့် ကျပ်(၁၆၂)သိန်း၊ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်များအတွင်း သဘာဝဘေးကြောင့်ပြိုကျပျက်စီးအိမ် (၂၆)လုံး အတွက် တစ်အိမ်လျှင်(၂) သိန်းနှုန်းဖြင့်ကျပ်(၅၂)သိန်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအနက် ဦးစားပေးပြန်လည်ပြုပြင်ရန် ဟားခါး၊ တီးတိန်၊ မတူပီမြို့နယ်များအတွက် ကျပ် (၁၆၂၅)သိန်း၊ တီးတိန် မြို့နယ်၊ အိုင်ဖားရွာ မြေပြိုအက်ကွဲမှုကြောင့် ပြောင်းရွှေ့ နေအိမ်(၁၅)လုံးအတွက် (၁)လုံးလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ကျပ်သိန်း(၃၀)တို့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ချင်းပြည်နယ်၊ မင်းတပ်၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံမြို့နယ်များတွင် အဆောက်အဦ၊ တံတားများနှင့် ငါးကန်များပြန်လည် ပြုပြင်ရန်အတွက် ကျပ်(၁၅၃၆.၁)သိန်း လွှဲပြောင်းထောက်ပံ့ခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်း မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ နာဘုန်ကျေးရွာနှင့်  တူဖေကျေးရွာကြားရှိ ပျက်စီးခဲ့တဲ့ ကြိုးတံတား (၁)စင်းအတွက် ကုန်ကျငွေကျပ်(၅.၀)သန်းအားလည်းကောင်း၊ ရွာတလိုင်းကျေးရွာနှင့် လိုတောကျေးရွာကြားရှိ ဘေလီ သစ်သားတံတား(၁)စင်းအတွက် ကုန်ကျငွေကျပ်(၃၇.၅)သန်းအားလည်းကောင်း၊ စုစုပေါင်း တံတား(၂)စင်း ပြုပြင်ရန် လိုအပ်ငွေကျပ်(၄၂.၅၀)သန်းကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

၅။ ချင်းပြည်နယ်အတွင်းရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီ မြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ် စသည့် မြို့နယ်(၉)မြို့နယ်တွင် မတူပီမြို့နယ်မှအပ ကျန် (၈)မြို့နယ်တွင် ၂၀၁၅ ခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ ကျေးရွာပေါင်း(၉၆)ရွာရှိ ဘေးသင့်အိမ်ခြေ(၁၁၂၂)၊ လူဦးရေ (၅၆၈၅)ဦး ဘေးသင့်ခဲ့မှုများအနက် မတူပီမြို့‌ပေါ်တွင် နေအိမ်ပြိုကျပျက်စီးမှုအခြေအနေများ တင်ပြ ထားမှု မရှိသည်ကို စိစစ်တွေ့ရှိရပါတယ်။ အကြောင်းရင်းမှာ  ခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဘေးသင့်ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် လည်းကောင်း တည်ဆောက်ပြုပြင်ခဲ့သဖြင့် ပျက်စီးမှုအခြေအနေများအား ဆက်လက်တင်ပြ တောင်းခံမှု မရှိခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒီလိုတင်ပြခြင်းမရှိခဲ့တာက ဆက်သွယ်ရေး ဖုန်းလိုင်းများမကောင်းခြင်း၊ အင်တာနက်လိုင်းမကောင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ တင်ပြစာအရ သိရှိရတဲ့အတွက် များစွာကိုယ်ချင်းစာမိပါတယ်။

၆။ မြေပြိုမှုများသည်တောင်ပေါ်ဒေသများတွင်ဖြစ်သကဲ့သို့ မြစ်ချောင်းများ၏ ကမ်းနားများ တွင်လည်း ကမ်းပြိုမှုများ ဖြစ်ပေါ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ယင်းမြေပြိုမှုများနှင့်ပတ်သက်၍  ဘေးကင်းလုံခြုံသည့်နေရာတွင် မြေနေရာချထားပေးရန် လိုအပ် သကဲ့သို့ ယင်းမြေနေရာချထားပေးမှု အပေါ်တွင်မူတည်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ နှင့် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က

အိမ်ဆောက်ဘိုးငွေများထောက်ပံ့ပေးခြင်း၊ အရေးပေါ်ထောက်ပံ့ကူညီမှုများပေးခြင်းတို့ကို ဆောက်ရွက် ပေးလျက်ရှိပါတယ်။ နိုင်ငံအတွင်းရှိမြစ်များ၏ ကမ်းပါးပြိုမှုနှင့်ပတ်သက်၍ ရေရှည်ထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် စီမံချက်များရေးဆွဲကာ နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိပါတယ်။

၇။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်တွင် ပါရှိသော မတူပီမြို့ပေါ်တွင် မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေမြောင်းများ၊ မြေထိန်းနံရံများအား တည်ဆောက်ရန်လိုအပ်မှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး လိုအပ်နေတဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးနိုင်ရေး အမြန်ဆုံးစီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR