လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါက်တာမောင်သင်း မိတ္ထီလာမဲဆန္ဒနယ်မှ မန္တလေးတိုင်းဒေသကြီး၊
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို (EL Nino) အကျိုးသက်ရောက်မှုကြောင့် မြန်မာ နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ် စီမံ ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို

၂။ဦးအာမိုးဆီ ခေါင်လန်ဖူးမဲဆန္ဒနယ်၊ ကချင်ပြည်နယ်၊
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး မြို့နယ်တွင် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈) ရက်နေ့မှစတင်၍ ယခုအထိ အဆက်မပြတ် ရွာသွန်းနေသောမို့ကြောင့် နေအိမ်များ ပြိုပျက် ခြင်း၊ မြေပြိုမှုကြောင့် စိုက်ပျိုးမြေနှင့် စိုက်ပျိုး သီးနှံများ ပျက်စီးဆုံးရှုံးရြခင်း၊ ခရီးလမ်းပန်း အဆက်အသွယ်ပြတ်တောက်ြခင်းနှင့် မိုးကြိုး ကြောင့် ဆက်သွယ်ရေးကိရီယာများ ပျက်စီး ခြင်းတို့ကြောင့် ခေါင်လန်ဖူးမြို့နယ်ရှိ အစိုးရ ဝန်ထမ်း၊ မြို့နယ်သူ/သားများ စားနပ်ရိက္ခာ ဆိုးဝါးစွာ ပြတ်တောက်မှုနှင့် နေထိုင်ရေးပြဿ နာများကို ဆောလျင်စွာ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရနှင့် ကချင်ပြည်နယ်အစိုးရ တို့အား တိုက်တွန်းကြောင်း အရေးကြီးအဆို

၃။ဦးဇုံးတိန့် ချီဖွေမဲဆန္ဒနယ်၊ ကချင်ပြည်နယ်၊
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ပျက်စီးသွားသော ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် ဆက်သွယ်ဖောက်လုပ်ထား သည်‌့ဖီမော်-ကန်းဖန့်-လန်ဆယ်ဒေသဖွံ့ဖြိုးရေး လမ်းမကြီး အမြန်ပြန်လည်ဖောက်လုပ်ပေးနိုင် ပါရန် အရေးကြီးအဆို


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီးမိတ္ထီလာမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း၏အဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးဘုန်းဆွေဖြစ်ပါတယ်။

၂။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း၏ " ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို (EL Nino) အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ် များကို ကြိုတင်ကာကွယ်စီမံဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ဖြေကြား သွားမှာဖြစ်ပါတယ်။

၃။ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိတဲ့ အယ််လ်နီညိုဖြစ်စဉ်သည် ယခု ၂၀၁၆ ခုနှစ်၊ မတ်၊ အေပြီနှင့် မေလ အထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ယခုကစပြီး လာမယ့် နွေရာသီကာလမှာ ပူပြင်းခြောက်သွေ့ခြင်း၊ သောက်သုံးရေရှားပါးခြင်းများ၊ အပူရှိန် ပြင်းထန်မှုနဲ့ ဆက်စပ်ပြီးဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်း လျော့ကျခြင်းများ၊ စားနပ်ရိက္ခာရှားပါးခြင်းများနဲ့ မီးဘေးအန္တရာယ်၊ မိုးခေါင်ရေရှားဘေးအန္တရာယ်များကို ကြုံတွေ့ရနိုင်ပါတယ်။

၄။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ၁၉၉၇-၁၉၉၈ခုနှစ်မှာလည်း ပြင်းထန်တဲ့ အယ််လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှု ရေရှားပါးမှုနဲ့ အပူရှိန် ပြင်းထန် မှုကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများစတဲ့ အတွေ့အကြုံများ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ၊ အရင် ကခံစားခဲ့ရတဲ့ အတွေ့အကြုံများကို အခြေခံပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ထိခိုက်မှုအနည်းဆုံးဖြစ် အောင် ကြိုတင်စီမံဆောင်ရွက်လျက်ရှိပါတယ်။

၅။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေနဲ့ လည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်၊ သြဂုတ်လတွေမှာဖြစ်ခဲ့တဲ့ ရေဘေးအန္တရာယ် တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာပဲ အဲဒီနှစ် စက်တင်ဘာ-အောက်တိုဘာ- နိုဝင်ဘာလများမှာ အယ်နီညိုဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးနှောင်း ကာလဖြစ်တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလများမှာ ဒုတိယအကြိမ် ရေကြီးနိုင်တဲ့ အလားအလာများ ရှိကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြိုတင်ခန့်မှန်းချက်များအရ ပထမအကြိမ် ဖြစ်ခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ ရေကြီးမှုဖြစ်စဉ်များရဲ့ အတွေ့အကြုံများအပေါ် အခြေခံကာ ဆက်လက်ဖြစ်ပေါ် နိုင်တဲ့ ရေဘေးအန္တ ရာယ်အတွက် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ကြို တင်ဆောင်ရွက်ခဲ့ပါတယ်။   (အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်များကို ၇.၉.၂၀၁၅ နေ့ သတင်းစာများတွင် ဖော်ပြခဲ့ပါတယ်)

၆။ ဒါ့အပြင် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလက်အောက်ရှိ လုပ်ငန်း ကော်မတီများ၊ ဆပ်ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လိုအပ်သည့် အစီအမံနဲ့ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကိုယ်တိုင် ညွှန်ကြား ခဲ့ပါတယ်။

၇။ ကျွန်တော်တို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ကတော့ ဝန်ကြီးဌာနလက်အောက်မှာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနဆိုတဲ့ ဦးစီးဌာန(၂)ခု ရှိပြီး သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးကူညီထောက်ပံ့ရေး၊ ပြည်သူ လူထု အသိပညာပေးရေးကို ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ UN, INGOs, NGOsများနဲ့ ပူးပေါင်းဆောင်ရွက်နေ ပါတယ်။

၈။ ယခုအယ်လ်နီညိုဖြစ်စဉ် အပါအဝင် သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ ရည်ရွယ် ချက်(၂)ခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား လတ်တလောသက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးရန်နဲ့ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက် များအတိုင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပါတယ်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်များ ထဲမှ "ထူးခြားစွာ မိုးခေါင်ခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် သော်လည်းကောင်း၊ စိုက်ပျိုးထား သောသီးနှံများအား ပိုးမွှား၊ တိရိစ္ဆာန်များ ဖျက်ဆီးခြင်းကြောင့်သော်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးဘေး ကျရောက်သူများအား ထောက်ပံ့မှုပေးခြင်း"ဆိုတဲ့ လုပ်ငန်း တာဝန်အတိုင်း ကျွန်တော်တို့အနေနဲ့ ယခု အယ််လ်နီညိုဖြစ်စဉ်ကြောင့် အစာရေစာရှားပါးခြင်းများ ကြုံတွေ့လာခဲ့ရပါက ထောက်ပံ့ပေးနိုင်ဖို့စီစဉ် ထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ထောက်ပံ့မှုနှုန်းထားဖြစ်တဲ့ လူတစ်ဦးလျှင် တစ်နေ့ဆန် နို့ဆီဗူး (၂)ဗူးနှုန်း ထောက်ပံ့နိုင်အောင်၊ ဒါ့အပြင် အရေးပေါ် အစားအစာအဖြစ် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်များ ထောက်ပံ့နိုင်အောင် စီစဉ်ထားရှိပါတယ်။ ရေကြို တင်သိုလှောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက်လည်း တာပေါ်လင်စများ၊ ရေပုံးများ ကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စီမံခန့်ခွဲဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ လူတစ်ဦးတစ်ရက်လျှင် ဆန်(၂)ဗူးနှုန်း (၃)ရက်စာဖြင့် လူ(၁၀၀၀၀၀)(တစ်သိန်း)အတွက်၊ ခေါက်ဆွဲခြောက်(၂)ထုပ်၊ ကြက်ဥ(၂)လုံး၊ရေ-၁လီတာဗူး(၁)ဗူးနှုန်းဖြင့် လူ(၁၀၀၀၀၀)(တစ်သန်း)စာအတွက် ဘတ်ဂျတ်တောင်းခံထားရှိပြီးဖြစ်ပါတယ်။ စုစုပေါင်း မိုးကာလိပ်(၂၉၉)လိပ်၊ ရေပုံး (၄၀၀၀)ပုံးတို့ကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များကို ဖြန့်ဝေထားပါတယ်၊ ဒါ့အပြင် မီးစက်(၁၁၆)လုံးနဲ့ ရေစုပ်စက် အလုံး(၄၀)ကို ၂၀၁၅ခုနှစ် မိုးရာသီ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးသင့်ဒေသများအနက် ဘေးဒဏ်ပိုမိုခံစားခဲ့ရ တဲ့ ဒေသများဖြစ်တဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကို ခွဲဝေပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့များ အနေနဲ့လည်း သဘာဝ ဘေးအရေးပေါ်အခြေအနေများမှ အရန်အသုံးပြုနိုင်ဖို့ မီးစက်(၅၄)လုံးနဲ့ ရေစုပ် စက်(၆၀)လုံးတို့ကို ခွဲဝေပေးထားပြီးဖြစ်ပါတယ်။

၉။ ဒါ့အပြင် ပြည်သူလူထုအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အယ််လ်နီညိုနဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်းများ၊ မီးဘေး၊ မိုးခေါင်ရေရှားဘေးများနဲ့ပတ်သက်တဲ့ အသိပညာပေးခြင်း များ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို အထူးဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ဦးစီးမှူးရုံးများသို့လည်း အရေးပေါ် ထောက်ပံ့မှုအတွက် အဆင်သင့်ဖြစ်နေစေရေး ညွှန်ကြားထားသလို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များရဲ့ ဦးဆောင်မှုနဲ့ အယ််လ်နီညိုအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ရှိ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ 

၁၀။ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများကလည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြ ပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနအနေနဲ့ဆိုရင် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှစတင်ကာ လိုအပ်သည်များကြိုတင်စီမံထားရန် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာနိုင်သည့် ကျေးရွာများအား အစုအဖွဲ့ ဖွဲ့၍ သောက်သုံးရေအလျင်အမြန်ပံ့ပို့ဖြည့် ဆည်းနိုင်ရန်အတွက် မြို့နယ်အတွင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ NGOsများ၊ စေတနာရှင်များနဲ့လုပ်ငန်းညှိနှိုင်းမှုများ ကြိုတင် ဆောင်ရွက်ထားရန်နဲ့ မိမိတို့ဒေသတွင်ရှိသော မီဒီယာ များအား လက်ရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေ၊ ရေပြတ်လပ်လျင် ဆောင်ရွက်မည်‌့ အစီအ မံများကို ရှင်းလင်းချပြလျက်ရှိပါတယ်။ သောက်သုံးရေအခက်အခဲကြုံတွေ့နိုင်သည့် ကျေးရွာများ၏ လက်ရှိ ရေအရင်းအမြစ် စက်ရေတွင်း၊ လက်တူးတွင်း၊ ‌မြေသား ကန်၊ စိမ့်စမ်းများမှ ‌နေ့စဉ်ရေသုံးစွဲမှုအား တွက်ချက်၍ ပူပြင်းရာသီကာလအတွင်း ထပ်မံသုံးစွဲနိုင်မည့် ခန့်မှန်းရက်နဲ့ ရေစတင်ရှားပါးပြတ်လပ်မှု ဖြစ်ပွားနိုင်မည့် အခြေအနေအပေါ် ပံ့ပိုးဖြည်းဆည်းပေးရမည့် ခန့်မှန်းရက်အား တွက်ချက်ထားပြီး ဖြစ်ပါတယ်။ နွေရာသီရေရှားပါးမှု ကြုံတွေ့နိုင်သော ကျေးရွာများသို့ ကွင်းဆင်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စများအား ပညာပေးဆွေးနွေးလျက်ရှိပါတယ်။ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျတ်လျာထားသည့် နွေရာသီရေရှားပါး ကျေးရွာများအား လုပ်ငန်းအမြန်ပြီးပြတ်စေရေး ဦးစားပေးဆောင်ရွက်သွားရန်ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကျေးရွာများတွင် ရေရှားပါး ပြတ်လပ်မှုပြဿနာ ကြုံတွေ့လာပါက အလျင်အမြန် သောက်သုံးရေပေးပို့နိုင် ရန်အတွက် မြို့နယ်အလိုက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်း၍ ရေသယ်ယာဉ်များ၊ မီးသတ်ကားများဖြင့် ရေသယ်ယူနိုင်ရေးညှိနှိုင်းစီမံထားပြီးဖြစ်ပါတယ်။ ရေခမ်းခြောက်သွားသော  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊  ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်များမှကျေးရွာ(၅၃)ရွာရှိ မြေသားကန် (၇၅)ကန်ကို နီးစပ်ရာမြစ်ချောင်းများမှ သောက်သုံးရေချိုများ ကြိုတင် ဖြည့်ဆည်းပေးပြီးဖြစ်ပါတယ်။ဆက်လက်၍ ကျောက်တော်၊ မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ်များမှ ကျေးရွာ(၃၇)ရွာရှိ မြေသားကန်(၄၇)ကန်ကို သောက်သုံးရေချိုဖြည့်ဆည်းခြင်းကို ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။ မကွေးတိုင်းဒေသကြီး၊ ကျေးရွာများရှိ စက်ရေတွင်းများ ပုံမှန်လည်ပတ်နိုင်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ရေသန့်ဆေးပြား/ ဆေးမှုန့်များ၊ ရေပုံး/ရေခွက် များ၊ ရေပိုက်အရွယ်စုံ၊ အပေါ့စားရေစုပ်စက်နဲ့ ရေတင်ပန့်အပိုပစ္စည်းများ အရန်သင့် သိုလှောင်ထားရှိပြီးဖြစ် ပါတယ်။ ထိုသို့ရေပြတ်လပ်မှု လတ်တလောဖြေရှင်း ပေးမည့် အစီအမံများအပြင် ဒေသအလိုက် ရေရှည် ဆောင်ရွက်သင့်သည်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဖော်ထုတ်၍ ကျေးလက်ရေ ရရှိရေး ကာလတို/ကာလရှည် စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသများတွင် ရေရှားပါးမှုဖြစ်ပွားသည်နှင့် ချက်ချင်းဆက်သွယ်နိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ခံများ၏ အမည်၊ ရာထူး၊ တယ်လီဖုန်းနံပတ်များအားလူမှုမီဒီယာ၊သတင်းဂျာနယ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ပြန်ကြေငြာထားရှိပါတယ်။ ဒါ့အပြင် ပူပြင်းခြောက်သွေ့မှုကြောင့် တိရိစ္ဆာန် အစားအစာ လုံလောက်မှုရှိစေရန် အစာများကြိုတင်စုဆောင်းခြင်း၊ အစာ ပေါများချိန်တွင် တိရိစ္ဆာန်အစာများ အဟာရလေလွင့်မှုမရှိစေရေး ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း၊ ယူရီးယားဖြင့်ပြုလုပ်ထားသောကောက်ရိုးများ ကျွေးမွေးခြင်း စသည့် နည်းပညာအထောက်အကူပြုသည့် သင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိပါတယ်။ ငါးမွေးမြူရေးလုပ်ငန်းအတွက် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိခိုက် ပျက်စီးမှုများမှ ကာကွယ်ရန် ကြိုတင်အသိပေးမှုများ ဆောင်ရွက်လျက်ရှိပါတယ်။

၁၁။ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ နိုင်ငံတော်အဆင့်မှာ ဖွဲ့စည်း ထားရှိတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့လက်အောက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ ဒုတိယဝန်ကြီးများ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အောက်ပါဆပ်ကော်မတီများကို ဖွဲ့စည်း ထားရှိပါတယ်-

(က) သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(ခ ) အရေးပေါ်ဆက်သွယ်ရေးဆပ်ကော်မတီ

(ဂ ) ပျက်စီးမှုပဏာမသတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေး ဆပ်ကော်မတီ

(ဃ) ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးဆပ်ကော်မတီ

(င ) ပို့ဆောင်ရေးနှင့် လမ်းကြောင်းရှင်းလင်းရေးဆပ်ကော်မတီ

(စ ) ဘေးအန္တရာယ်လျော့ပါးရေးနှင့် အရေးပေါ်အခိုအကာ ထူထောင် ရေးဆပ်ကော်မတီ

(ဆ) ကျန်းမာရေးစောင့်ရှောက်မှုဆပ်ကော်မတီ

(ဇ ) လုံခြုံရေးဆပ်ကော်မတီ

၁၂။ အဲဒီလိုဖွဲ့စည်းထားပြီးဖြစ်လို့ ဝန်ကြီးဌာနအသီးသီးသည်လည်း သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ဖြစ်လာမှသာဆောင်ရွက်ကြခြင်းမဟုတ်ဘဲ ဘေးမဖြစ်ခင်၊ ဖြစ်ဆဲနဲ့ ဖြစ်ပြီးကာလများမှာ တာဝန်ယူဆောင်ရွက်ရတဲ့လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိကြပါတယ်။ ဘေးအန္တရာယ်ကျရောက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများအသီးသီးမှ တာဝန်ရှိသူ များစုပေါင်းပြီး အရေးပေါ်ရုံးဖွင့်လှစ်ဆောင်ရွက်ကာ သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုပါတယ်။

၁၃။ နိဂုံးချုပ်တင်ပြရမယ်ဆိုလျှင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်နေသလို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ကိုယ်စား ဗဟိုနဲ့ တိုင်းဒေသကြီး/ပြည်နယ်တို့မှ အဆင့်ဆင့်သော ကော်မတီများ၊ ဝန်ကြီးဌာနများ လှုပ်ရှားဆောင်ရွက်နိုင် အောင် စီမံဆောင်ရွက်ပေးနေပါကြောင်းနဲ့ယခုအယ််လ်နီညိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပထဝီအနေအထားအရ တစ်နိုင်ငံလုံးပါဝင်မှုရှိခြင်း ပြည်သူတစ်ရပ်လုံး ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ခြင်းတို့ကြောင့် အစိုးရနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကာ လုပ်ဆောင်မှုဖြင့် ရင်ဆိုင်ဖြေရှင်းသွားမှ သာလျှင် ဘေးအန္တရာယ်ထိခိုက်မှု နည်းပါးမှာဖြစ်ပါတယ်။ အစိုးရနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါဝင်ဘေးသင့်သူများက ဦးဆောင်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက် နိုင်ပါက ဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးစေနိုင်မည်ဖြစ်ပါကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



MOS

DSW

DDM

DOR