လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဦးထွန်းထွန်း

ပွင့်ဖြူမဲဆန္ဒနယ်၊

မကွေးတိုင်းဒေသကြီး၊

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစုပျိုး ထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့် အားကိုယ်ကိုးမူကြိုကျောင်းများကို လွှဲပြောင်း လက်ခံရန် အစီအစဉ်ရှိ/မရှိသိရှိလိုခြင်းနှင့် စပ် လျဉ်းသည့်မေးခွန်း။

ဒုတိယဝန်ကြီး ဖြေပြီး

( ၂၇-၅-၂၀၁၉ )

ဦးဖေသန်း

မြေပုံမဲဆန္ဒနယ်၊

ရခိုင်ပြည်နယ်၊

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခ သည်များအား နိုင်ငံတော်မှ မည်သို့ကူညီစောင့် ရှောက်ပေးမည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်းမေးခွန်း။

ဒုတိယဝန်ကြီး ဖြေပြီး

( ၈-၈-၂၀၁၉ ) (ရခိုင်ပေါင်းစပ်)

ဦးထွန်းထွန်းနိုင်၊

ကနီမဲဆန္ဒနယ်၊

စစ်ကိုင်းတိုင်းဒေသကြီး၊

ကနီမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဆိုးရွားစွာကျရောက်လျက်ရှိရာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ ပိုမိုထိရောက်ကောင်းမွန်လာစေရေး ထိရောက် သောအစီအမံများဖြင့် အမြန်ဆုံး ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း။

ဒုတိယဝန်ကြီး ဖြေပြီး(၁၃ ကြိမ်မြောက်)

( ၈-၈-၂၀၁၉ ) (စစ်ကိုင်းပေါင်းစပ်)

 

အမှတ်စဉ်(၁)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

ဥက္ကဋ္ဌကြီးခင်ဗျာ

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၏ ပွင့်ဖြူမြို့ နယ်အတွင်းရှိ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ဖြေကြားမှာဖြစ်ပါတယ်။

၂။       ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြလာသော ပွင့်ဖြူမြို့နယ်တွင် ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်းများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးထားသော Save the Children အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်၍ ရပ်ရွာပြည်သူ လူထုထံသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ရပ်ရွာပြည်သူလူထုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိသော ကျောင်းများဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၃။      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန သည် လက်ရှိဌာနမူလတန်းကြိုကျောင်း (၁၂၅) ကျောင်းအား တင်ပြပါအတိုင်း ဖွင့်လှစ်ထားရှိ ပါတယ်။ နှစ်စဉ် စီမံကိန်းတွင်လည်း အစိုးရမူလတန်းကြိုကျောင်းမရှိသည့် မြို့နယ်များအတွင်း တစ်နှစ်လျှင် စံပြမူလတန်းကြိုကျောင်း (၁၀)ကျောင်းနှုန်းဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လျာထားထည့်သွင်းရေးဆွဲလျက်ရှိရာ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် မူလတန်းကြိုကျောင်း (၇) ကျောင်းကို ဖွင့်လှစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

၄။      မကွေးတိုင်းဒေသကြီးအတွင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြို ကျောင်းပေါင်း (၉)ကျောင်း၊ ရပ်ရွာပြည်သူလူထုမှ ပွင့်ဖြူမြို့နယ်အတွင်း ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဖွင့်လှစ်ထားသည့် ယောစုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းနှင့် ပွင့်ဖြူမိခင်နှင့် ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂)ကျောင်းအပါအဝင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း (၆၀)ကျောင်းဖွင့်လှစ် ထားပါတယ်။

၅။      ထို့အပြင် မကွေးတိုင်းဒေသကြီးအတွင်း Save the Children အဖွဲ့မှ ဖွင့်လှစ်ထားတဲ့ ရပ်ရွာ အခြေပြုမူလတန်းကြို ကျောင်းပေါင်း (၁၁၇) ကျောင်းရှိရာ ပွင့်ဖြူမြို့နယ်တွင် ရပ်ရွာအခြေပြု မူလတန်းကြိုကျောင်းပေါင်း (၇၉)ကျောင်းရှိပါတယ်။ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး တာဝန်ရှိသူများက တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ

          ပွင့်ဖြူမြို့နယ်ရှိ ရပ်ရွာအခြေပြုမူလတန်းကြိုကျောင်း (၁၀)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိတော့ ဘဲ (၆၉)ကျောင်းသာ ဖွင့်လှစ်ထားကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ပါ၍ မကွေးတိုင်းဒေသ ကြီးအတွင်းရှိ  လက်ရှိဖွင့်လှစ်လျက် ရှိသော ရပ်ရွာအခြေပြုမူလတန်းကြို ကျောင်းပေါင်း (၁၀၇) ကျောင်းအနက်  ပွင့်ဖြူမြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းပေါင်း (၆၉) ကျောင်းအပါအဝင် စုစုပေါင်း (၉၇)ကျောင်းကို တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးပြီးဖြစ်ပါတယ်။

၆။      မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး လူမှုဝန် ထမ်းရုံးသို့ တည်ထောင်ခွင့်ပြုမိန့်ရရှိရန် ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားနိုင်ပြီး တည်ထောင်ခွင့်ပြုမိန့်ရရှိထားပြီးသော  ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆရာမလစာ ထောက်ပံ့ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နည်းပညာပံ့ပိုး ကူညီပေးခြင်းများကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရရှိ ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၇။      မူလတန်းကြိုကျောင်းများကို နှစ်စဉ်စီမံချက်ဖြင့်  တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ သကဲ့သို့ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား လူမှုဝန်ထမ်းဦးစီးဌာန၏ ဌာနပိုင်မူလတန်းကြိုကျောင်းများအဖြစ် အပ်နှံလွှဲပြောင်း လိုပါက တင်ပြပါအချက်အလက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ လွှဲပြောင်းလက်ခံလျက်ရှိပါတယ်။

၈။      သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း များအား ဌာနပိုင် မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်းအပ်နှံလိုပါက သတ်မှတ်ချက်များနှင့် အညီ စိစစ်၍ လွှဲပြောင်းလက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ် ပါတယ်။

 

အမှတ်စဉ်(၂)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍  ရှင်းလင်းဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လေ့လာတဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြ ပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ် ပါတယ်။

၂။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃) ကြိမ်မြောက်ပုံမှန် အစည်း အဝေးသို့ ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏ “ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ကူညီစောင့်ရှောက်ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ကျွန်တော်တို့ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ဖြေကြားချက်များကို ပေါင်းစပ် ဖြေကြားသွားမှာ ဖြစ်ပါတယ်။   ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန်နဲ့ အချက်အလက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရေး အချိန်ပို မိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန် တင်ပြအပ်ပါတယ်။

၃။      ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွား နေမှုကြောင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့အထိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာ ပြီး ယာယီခိုလှုံမှုအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စတဲ့ မြို့နယ် (၈) မြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ၌ တင်ပြပါအတိုင်း တိုက်ပွဲရှောင် စခန်းစုစုပေါင်း (၆၅)နေရာဖွင့်လှစ်ထား ရှိရာ  အိမ်ထောင်စု (၆၁၉၆) စု၊ လူဦးရေ (၂၀၂၂၁)ဦးသည် ပြန့်ကျဲနေထိုင်လျက်ရှိတဲ့အပြင် ပြည်နယ်ချင်း ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိနေထိုင်လျက်ရှိပါတယ်။

၄။      မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာ စခန်းများတွင် နေထိုင် လျက်ရှိတဲ့ တိုက်ပွဲရှောင်ပြည်သူများအတွက် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့အထိ အိမ်ထောင်စု (၁၇၆၇၆)စု၊ လူဦးရေ(၇၀၆၅၆)ဦးအတွက် စုစုပေါင်း (၁၁၈၆.၃၉၅)သန်း တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီး ဖြစ်ပါတယ်။

၅။      မိမိတို့ဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့    အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ

          (ICRC)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)တို့ ပါဝင်ဖွဲ့စည်း ထားသော ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့(Red Cross Movement-RCM)နဲ့ ပူးပေါင်း၍လည်း ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၇၂၅၅)စု၊ လူဦးရေ (၂၇၀၉၇)ဦးအတွက် တင်ပြပါအတိုင်း ထောက်ပံ့ပေးခဲ့ပြီး ရွေ့လျားဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ မျိုးစေ့နှင့်ဓာတ်မြေဩဇာ ဖြန့်ချိခြင်းများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့အထိ တိုက်ပွဲရှောင် လူဦးရေ (၇၄၀၉)ဦးအတွက် စားနပ်ရိက္ခာ (၁)လစာ (ဆန်၊ဆီ၊ဆား၊ပဲ) (၁၀၈.၄၅၅) မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်တဲ့နေရာများ အတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

၆။      အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာအစီအစဉ်အရ ကိုရီးယား သမ္မတနိုင်ငံမှ လှူဒါန်းထားတဲ့ဆန်များမှ ကျန်ရှိနေတဲ့ ဆန်တန်ချိန် နှစ်ရာ့ငါးဆယ် (၆၂၅၀ - အိတ်)ကို စိုက်ပျိုး ရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ဝေ ထောက်ပံ့ပြီး ဖြစ်ပါတယ်။

၇။      ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကူအညီပေးရန် အဆိုပြုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျွန်တော်တို့ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့က ကျွန်တော်ဦးဆောင်ပြီး ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှု၊ လျာထားမှု၊ နိုင်ငံတော် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်လိုတဲ့အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် လူသားချင်း စာနာမှုလုပ်ငန်းများအတွက် ကုလသမဂ္ဂအရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေနှင့် အခြားရန်ပုံငွေများမှ တောင်းခံထားရှိမှုတို့ကို ဆွေးနွေးတင်ပြထားရှိပြီး ထောက်ပံ့မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများနှင့် ဆက်လက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

၈။      ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအပြင်  ပြည်နယ်ချင်း ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်ပြည်သူများကိုလည်း ထောက်ပံ့ပေးလျှက်ရှိရာ ကျွန်တော်တို့ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်နေ့ ခရီးစဉ်တွင် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများနဲ့ ရေဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီ၊ ဆား၊ ပဲများ၊ မိုးကာလိပ်များစတဲ့ ကယ်ဆယ်ရေးပစ္စည်း များနဲ့ မိမိတို့ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့အပြင် စေတနာရှင် ပြည်သူများရဲ့ ထောက်ပံ့ငွေ ကျပ် (၂၃၆၆.၈၄)သိန်းတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာလည်း ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ပလက်ဝကို စစ်တွေကနေတစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် ကျွန်တော်တို့ သွားဖို့ စစ်တွေမှာ စောင့်ဆိုင်းနေဆဲ ရာသီဥတုက (၂)ရက်စလုံး ရဟတ်ယာဉ်ပျံလို့ မရတဲ့အတွက် သက်ဆိုင်ရာချင်းပြည်နယ်အစိုးရမှတာဝန်ရှိတဲ့သူတွေကိုပဲ စစ်တွေမှာ လွှဲပြောင်း ပေးရတဲ့အနေအထား ဖြစ်ပါတယ်။

၉။      တိုက်ပွဲရှောင်များ ယာယီခိုလှုံရာစခန်းများသို့ ရောက်ရှိနေထိုင်ကြောင်း သတင်းရရှိလျှင် ရရှိချင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ စောင်၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးသုံး အသုံးအဆောင်ပစ္စည်းများ (Dignity Kit) စသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများကို  ဒေသခံအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒီလိုထောက်ပံ့ပေးတဲ့နေရာတွင် တစ်ချို့နေရာတွင်မှာ ဝေးလံ ခေါင်ဖျားပြီး သွားလာမှုခက်ခဲလောက်အောင် လုံခြုံရေးအခြေအနေအရ သွားဖို့ အချိန်မီ ရောက်အောင်ခက်ခဲတဲ့ဒေသများအတွက် အဲဒီဒေသခံကိုယ်စားလှယ်များနှင့် ဖုန်းနဲ့ချိတ်ဆက်၍ အဲဒီကိုယ်စားလှယ်တွေက လာရောက်ပြီး လုံခြုံရေးအရ အဆင်ပြေတဲ့ အနီးဆုံးနေရာတွင်မှာ စေလွှတ်ထုတ်ယူစေတဲ့ နည်းလမ်းနဲ့လည်း အကောင်းဆုံး ထောက်ပံ့ပေးခဲ့ပါတယ်။

၁၀။    ရခိုင်ပြည်နယ်အတွင်း အချို့မြို့နယ်များ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် နေရပ်စွန့် ခွာ တိမ်းရှောင်နေထိုင်သူများကို ထောက်ပံ့ရန်အတွက် ကျွန်တော်တို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနများနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ယာယီခိုလှုံရာစခန်းများဖွင့်လှစ်မှု၊ အဆောက်အဦဆောက်လုပ်မှုနှင့် စီမံခန့်ခွဲမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေကိစ္စရပ်များ ပါဝင်တဲ့ ယာယီနေရာချထားပေးနိုင်ရေးလုပ်ငန်းစဉ်အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြု ချက်များအရ ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် (၁)ဘီလီယံနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ်(၆၁၇.၅၀၀)သန်း၊ စုစုပေါင်းငွေ ကျပ် (၁၆၁၇.၅၀၀)သန်းဖြင့် တိုက်ပွဲရှောင်စခန်း (၇)ခု ဆောက်လုပ်ပေးလျက်ရှိပါတယ်။

၁၁။    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည်လည်း တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ တင်ပြပါ မြို့နယ် ()မြို့နယ်မှ ယာယီခိုလှုံရေးစခန်းများရှိ ပြည်သူများနဲ့ ဒေသခံများကို ဆေးကုသမှု စုစုပေါင်းမှာ (၂၂၄၈၈)ဦးရှိပြီး ခြင်ထောင်(၃၄၉၄)ထည်နဲ့ လိုအပ်တဲ့ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိပါတယ်။

၁၂။     တိုက်ပွဲရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားနိုင်ရေးအတွက်ကိုလည်း နီးစပ်ရာ ကျောင်းများတွင်လည်းကောင်း၊ ယာယီခိုလှုံရေးစခန်းအတွင်းရှိ အိပ်ဆောင်များတွင် နေရာ အခန်းဖွဲ့၍လည်းကောင်း သင်ကြားပေးနိုင်ရေး စီစဉ်ထားရှိပါတယ်။ ပညာရေးကိစ္စနှင့် ပတ်သက်၍ မနေ့က အမျိုးသားလွှတ်တော်မှာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပညာ သင်ကြားမှုအခြေအနေနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းတင်ပြဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။

၁၃။    ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို ပြည်နယ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထပ်မံလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကျွန်တော်တို့ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစီးပြီး ၂၀၁၉ ခုနှစ်၊ မေလ(၁၉)ရက်နေ့နဲ့ ဇူလိုင်လ (၉)ရက်နေ့တို့တွင် ပြုလုပ်ပြီး တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ လစဉ် ထောက်ပံ့ပေးလျက်ရှိတယ်။ ဒါ့ပြင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဦးဆောင်တဲ့ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ တွေ့ရှိ ချက်များနှင့် ကိုယ်စားလှယ်များ၊ ပါတီများ၊ ဒေသခံအဖွဲ့အစည်းများ၏ တွေ့ရှိချက်များမှ လိုအပ်ချက်များကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ အဆိုပါ အထောက်အကူပြုကော်မတီရဲ့ ၂၀၁၉ ခုနှစ်၊ မေလ(၉)ရက်နေ့မှ (၁၀)ရက်နေ့အထိ ခရီးစဉ်များမှာလည်း ကျွန်တော်ကိုယ်တိုင် လိုက်ပါပြီး ဒေသခံအဖွဲ့အစည်းများ၊ ပါတီများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များရဲ့ ဆွေးနွေးချက်တွင်၊ လိုလားချက်တွင်ကိုလည်း ကျွန်တော့်တို့အနေနဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါတယ်။

၁၄။    ထို့အပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရနဲ့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်သော နေရာများရှိ တိုက်ပွဲရှောင်ပြည်သူများအား ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအတွက် စိတ်လူမှု ရေး ဆိုင်ရာပံ့ပိုးမှုနှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၅။    သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား လက်တလောစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားလိုအပ် ချက်များကို ဖြည့်ဆည်း စီမံဆောင်ရွက်လျက်ရှိသလို နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးကဏ္ဍများမှာလည်း ဆက်လက်ပြီးတော့မှ စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်း

၁။      လူဦးရေမှာ လက်ရှိတွေ (၅)သောင်းကျော်အထိရှိပြီဖြစ်ကြောင်း၊ ပြောချင်သည်မှာ ဝန်ကြီးဌာန များရဲ့ အကူအညီတွေဟာ လုံလောက်ရဲ့လား၊ တကယ်တမ်း စစ်ဘေးဒုက္ခသည် တွေအတွက် အချိန်နှင့်တပြေးညီ စားသုံးနိုင်ဖို့အတွက် ဆေးဝါး၊ ရိက္ခာ  လုံလောက်ရဲ့လား၊

၂။       ဒီလို ရှေ့ဆက်ပြီးတော့ ဒီထက်မက များပြားလာမယ်၊  လက်ရှိ အခြေအနေမှာလည်း အများကြီး များနေပါတယ်။ ဒီကိစ္စတွေကို စနစ်တကျကူညီဖို့အတွက် ဆောင်ရွက်ဖို့အတွက်ပြည့်ပြည့်စုံစုံဖြစ်ဖို့ အတွက် ဝန်ကြီးဌာနတွေအနေနဲ့ ဘယ်လိုများ စီမံဆောင်ရွက်ပါသလဲဆိုတာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေက အားရဝမ်းသာဖြစ်ဖို့အတွက် တစ်ဆက်တစ်စပ်တည်း မေးခွန်း မေးရခြင်း ဖြစ်ပါတယ်။

 

ထပ်ဆင့်မေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်

၁။      လွတ်တော်ကိုယ်စားလှယ်ကြီးရဲ့ဆက်စပ်မေးခွန်းနဲ့ပတ်သက်ပြီး တိုက်ပွဲရှောင်ပြည်သူများအတွက် လက်ရှိနိုင်ငံတော်အနေနဲ့ ထောက်ပံ့ပေးနိုင်မှုအခြေအနေလုံလောက်မှုရှိရဲ့လားဆိုတဲ့အပိုင်းမှာ  နိုင်ငံတော် အနေနဲ့ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။

၂။       နိုင်ငံတော်အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာလည်း နိုင်ငံတော်ကိုယ်စား ကျွန်တော်တို့ ဝန်ကြီး ဌာနရယ် မဟုတ်ပါဘူး၊ သက်ဆိုင်ရာဌာနအလိုက် ဝန်ကြီးဌာနအသီးသီးကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ စောစောကတင်ပြခဲ့သလိုပါပဲ ကျန်းမာရေးကဏ္ဍဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးသလို လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အပိုင်းမှာ ဆိုရင် လည်း သက်ဆိုင်ရာ စိုက်၊မွေး၊ဆည်ဝန်ကြီးဌာနက သူတို့နဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပညာရေးကဏ္ဍမှာလည်း ထို့အတူပါပဲ၊

၃။      နောက်တစ်ခါ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေရဲ့ လာရောက်ထောက်ပံ့ပေးနိုင်မှု အပိုင်းကို လည်း ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အနေနဲ့ ပြည်နယ်အစိုးရအနေနဲ့ ကန့်သတ် ထားခြင်း၊ ကန့်ကွက် ထားခြင်း မရှိပါဘူး။ လာရောက်ထောက်ပံ့မှုတွေကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ ဘာတစ်ခုပဲ ကန့်သတ်မှုဖြစ်နေလဲ ဆိုရင် လုံခြုံရေးအခြေအနေအရပဲဖြစ် ပါတယ်။ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်မှု မရှိတဲ့နေရာတွေအတွက်ကို ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းကိုပဲ အဓိကထားပြီးတော့မှဆောင်ရွက် ပေးလျက်ရှိပါတယ်။

၄။      များပြားလာတဲ့ လူတွေအတွက်ကိုလည်း စောစောက ကျွန်တော်တင်ပြခဲ့ပြီး ဖြစ် ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ အရေးပေါ်ရန်ပုံငွေ (Scaft Fund) (Central Emergency Relief Fund)၊ ဒီလိုအနေအထားမျိုးနဲ့ သူတို့ဆီမှာလည်း ရရှိနေတဲ့ အပိုင်းကို သူ့ရဲ့ကဏ္ဍအသီးသီးမှာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အသီးသီးတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက် လိုတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ဆီကို ပြီးခဲ့တဲ့လ(၂၀၁၉ ဇူလိုင်) နောက်ဆုံးအပါတ်ထဲမှာ လာရောက်ဆွေးနွေးကြပြီ ဖြစ်တဲ့ အတွက် ဒါတွေနဲ့လည်း ကျွန်တော်တို့ ပူးပေါင်းပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။

၅။      ပြည်သူလူထုတွေ၊ လူမှုအဖွဲ့အစည်းတွေ၊စေတနာရှင်တွေရဲ့ ပူးပေါင်းပါဝင်ကူညီမှုကိုလည်း ကျွန်တော်တို့လက်တွဲပြီးတော့မှဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။

 

အမှတ်စဉ်(၃)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်မှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ဆက်လက်ထားရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၏ “ကနီမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ဆိုးရွားစွာ ကျရောက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ ပိုမို ထိရောက်ကောင်းမွန်လာစေရေး ထိရောက်သော အစီအမံများဖြင့် အမြန်ဆုံး ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ရဲ့ ဖြေကြားချက်များကိုပေါင်းစပ်ပြီး ကျွန်တော့်အနေနဲ့ ဆက်လက်ဖြေကြား မှာ ဖြစ်ပါတယ်။  ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုပါရန်နဲ့ အချက်အလက်များ ပြည့်စုံစွာဖြေကြားနိုင်ရေး အချိန်ပိုမိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးပါရန် တင်ပြအပ်ပါတယ်။

၂။       ကနီမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီး တောင်ပိုင်းတွင် တည်ရှိပြီး ချင်တွင်းမြစ်သည် မြို့နယ်အတွင်း မြောက်မှတောင်သို့ ရေမိုင် (၅၇)မိုင် ဖြတ်သန်းစီးဆင်းလျှက်ရှိပါတယ်။ ချောင်း များ ပေါများတဲ့မြို့နယ်ဖြစ်ပြီး ကနီမြို့နယ်ဟာ မိုးနည်းရပ်ဝန်းဒေသအတွင်း  တည်ရှိကာ မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေး စတဲ့ ဘေးအန္တရာယ်များ ကျရောက် လေ့ရှိပါတယ်။

၃။      စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဘေးအမျိုးအစားများအနေဖြင့် တင်ပြပါအတိုင်း လေဘေး (၂၉)ကြိမ်၊ ကမ်းပြိုဘေး (၂)ကြိမ်၊ မီးဘေး (၃)ကြိမ်၊ ရေဘေး (၁)ကြိမ်၊  ထူးခြားဘေး (၁)ကြိမ်၊ မိုးကြိုးဘေး (၁)ကြိမ်၊ စုစုပေါင်း (၃၇)ကြိမ် ဘေးကြုံတွေ့ခဲ့ရပါတယ်။   (ထူးခြားဘေးကတော့ ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလ (၁၅)ရက်နေ့က အောင်စိုးမိုးကျော်ရေယာဉ် ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်စဉ် ဖြစ် ပါတယ်။ )

၄။      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ဘေးဖြစ်ပွားမှု စုစုပေါင်း (၃၃၇) ကြိမ်တွင် အိမ်ခြေ (၅၀၀၀)ကျော်၊ အိမ်ထောင်စု (၅၀၀၀)ကျော်ထိခိုက်ခဲ့ပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငွေကျပ်သန်း(၂၃၀)ခန့် ထောက်ပံ့ခဲ့ပါတယ်။ ထိခိုက်မှု အများဆုံး မြို့နယ်များမှာ ယင်းမာပင်၊ ကန့်ဘလူ၊ ဒီပဲယင်းနှင့် မုံရွာမြို့နယ်တို့ဖြစ်ပြီး ကနီမြို့နယ် အနေဖြင့် ဘေးဖြစ်ပွားမှု(၁၄)ကြိမ်တွင် အိမ်ခြေ(၃၀၀)ကျော် ထိခိုက်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငွေကျပ် (၁၁.၈)သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။

၅။      စစ်ကိုင်းတိုင်းဒေသကြီးသည် ဘေးဖြစ်ပွားမှု များပြားသည့်တိုင်းဒေသကြီး တစ်ခုဖြစ်သည့် အတွက်လည်း သဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ နှစ်စဉ်ရေဘေးဒဏ်ခံစားရသည့် ကလေး၊ မော်လိုက်၊ ခန္တီး၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ ကျေးရွာ(၉)ရွာတွင် ဘေးဒဏ်ခံအဆောက်အဦ (၉)လုံး ဆောက် လုပ်ခြင်း၊ ကမ်းပါးပြိုမှုကာကွယ်ရေး၊ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေး ကြိုတင်ကာကွယ်ရေးများ အတွက် ထောက်ပံ့ခြင်းအပြင် တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Speed Boat (၂)စီး၊ ဖိုက်ဘာ စက်လှေ (၄၁)စီး၊ စက်လှေ (၃)စီးနှင့် အသက်ကယ်အင်္ကျီ (၁၀၇၀)ထည်ကို ထောက်ပံ့ခဲ့ပါတယ်။

၆။      ဒါ့အပြင် သဘာဝဘေးအသိပညာဖြန့်ဝေခြင်းအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း  ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အထိ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း (၁၇)ကြိမ်၊ ဇာတ်တိုက်လေ့ကျင့်ခန်း(၁၂)ကြိမ်၊ ဟောပြောပွဲ(၁၃၀)ကြိမ်ဆောင်ရွက်ခဲ့ပြီး လူဦးရေစုစုပေါင်း (၃၀,၀၀၀)ကျော်ကို အသိပညာများဖြန့်ဝေဆောင်ရွက် နိုင်ခဲ့ပါတယ်။

၇။      စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ လတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကနီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများအား သဘာဝ ဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်၊ ဆောင်ရန်၊ ရှောင်ရန်အချက် များအား သင်တန်းပေးခြင်း၊ ၂၀၁၈ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီး ဦးစီးဌာနနှင့် ကနီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများအား ရေဘေးကျရောက်လျှင် ဆောင်ရွက်ရမည့်ကိစ္စရပ်တွေ၊ အရေးပေါ် ရှာဖွေကယ် ဆယ်ခြင်း စတဲ့ ဇာတ်တိုက်လေ့ကျင့်မှုများကို ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွင်း ဇွန်လ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ သဘာဝ ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်( ဆင့်ပွား )သင်တန်း ဖွင့်လှစ်၍ သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါတယ်။

၈။      လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် လေပြင်း ဒဏ်ခံနိုင်စေရေးအတွက် ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၉) မြို့နယ်မှ နေအိမ်(၁၁၆၇)လုံးကို မွမ်းမံပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ကနီမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာနှင့် အုမ္မကျေးရွာတို့ရှိ အိမ်ခြေ (၆၄)လုံးကို အိမ်အမိုးများအား ဝါးများဖြင့် ကြက်နင်းများဖိပေးခြင်း၊ ယိုင်နဲ့ပြိုလဲနိုင်ခြေရှိသည့် အိမ်များကို မျောဖြင့် ဒေါက်ထောက်ကျားကန်ပေးခြင်း၊ ဟောင်းနွမ်းဆွေးမြေ့လွန်းသည့် သက္ကယ်မိုးများနှင့် ထန်းလက် မိုးများအား အသစ်လဲလှယ်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၉။      ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ  ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ်ဖြင့် ကနီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းပြီး အသိပညာပေး စီမံချက်များ ရေးဆွဲ၍ ဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများကို စနစ်တကျ လေ့လာသုံးသပ်စေပြီး ရန်ပုံငွေခန့်မှန်း တွက်ချက်၍ ဉီးစားပေးအစီအစဉ်များ ထည့်သွင်းရေးဆွဲခြင်း၊ လေပြင်းတိုက်ခတ်ရခြင်း ဖြစ်တဲ့ အတွက် ကနီမြို့နယ် အရှေ့ဘက်ရွာများရှိ လယ်ကွင်းကန်သင်းရိုးများတွင် သစ်ပင်နဲ့ အရိပ်ရ လေကာပင်များ တစ်အုပ်တစ်မ စိုက်ပျိုးဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၀။    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ဦးစီးမှူးရုံးကို လည်း လာမယ့် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ ယာယီရုံးခန်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ရုံးမြေနေရာ ရရှိပါက ရုံး၊ သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် နိုင်ရေးတို့ကိုလည်း ဆက်လက်လျာထားတောင်းခံသွားမှာဖြစ်ပါတယ်။ မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ဆောင်ရွက် ခြင်းဖြင့် ကနီမြို့နယ်အတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၁၁။    လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကနီမြို့နယ်သည် ချင်းတွင်းမြစ်ဘေးတွင် တည်ရှိပြီး သဘာဝဘေးဒဏ်ကို နှစ်စဉ်ခံစားနေရတဲ့ အတွက် Cyclone Shelter  ဆောက်လုပ်ပေးရန် အမှန်တကယ် လိုအပ်လျှက်ရှိပါကြောင်းနှင့် ကနီမြို့နယ်၊ မဲဒင်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာအုပ်စုနှင့် မိုးကောင်းကျေးရွာအုပ်စုတို့တွင် ရှိသော ကျေးရွာပြည်သူလူထုများမှလည်း အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာကို ပေးအပ်သွားမှာဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်းက စိစစ်ပြန်ကြားလာတဲ့အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ Cyclone Shelter (၁)လုံး ဆောက်လုပ်ပေးရန် မိမိတို့ဝန်ကြီးဌာနမှ တင်ပြခဲ့ရာ ဇွန်လ (၁၈) ရက်နေ့တွင် ခွင့်ပြုချက်ရရှိပြီး ဖြစ်ပါသဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ ဖြင့် ကနီမြို့နယ်အတွက် Cyclone Shelter (၁)လုံး ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါကြောင်းနဲ့ ကနီမြို့နယ်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ အရေးပေါ်တုံ့ပြန်မှုများ၊ ပြန်လည်ထူထောင်မှုလုပ်ငန်းများကို တင်ပြ ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

ထပ်ဆင့်မေးခွန်း

၁။      ဥက္ကဋ္ဌကြီးခင်ဗျာ ဆက်စပ်မေးခွန်းမေးမြန်းခွင့်ပြုပါခင်ဗျာ.. ကျွန်တော်တို့ မြို့နယ်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးရုံး(မြို့နယ်ဦးစီးမှူးရုံး)ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်းနှင့် ဘေးဒဏ် ခံနိုင်တဲ့အဆောက်အဦ(၁)လုံး  ဆောက်လုပ်ပေးမှာဖြစ်ကြောင်း သိရှိခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါကြောင်း၊ ကျေးဇူးလည်းတင်ရှိပါကြောင်း၊

၂။       ဒီနေရာမှာ ကျွန်တော် ထပ်မံတင်ပြလိုတာက ကျွန်တော်တို့မြို့နယ်မှာ တကယ်တမ်းတော့ သဘာဝဘေးက အစုံဖြစ်နေတာဖြစ်ပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်က အချိန်အတိုင်း အတာအရ များများ မတင်ပြနိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ရေဘေးနဲ့ ပတ်သက်ရင် ခုနပြောသလို မြစ်ချောင်းတွေ ပေါများတယ်၊ ၂၀၀၄-၂၀၀၆ လောက်တုန်းဆိုရင် ဖိုးမဲချောင်းမှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း  ဒါဇင်နဲ့ချီပြီး ပျက်စီးပြောင်းရွှေ့ခဲ့တာတွေ ရှိပါတယ်။ အခုလည်း ကျွန်တော်တို့ ကျန်တဲ့ ချောင်းတွေမှာ ရေဝါချောင်း၊ ပုထိုးလုံးချောင်း၊ သင်္ဂဒုံချောင်း၊ မျှိုင်းချောင်းတို့ စတဲ့ ဘေးမှာရှိတဲ့ ကျေးရွာ တွေမှာ ကျေးရွာတွေပြောင်းရွှေခဲ့ ရတာတွေ လယ်ယာမြေပျက်စီးဆုံးရှုံးတာတွေ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိ ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ သဘာဝဘေး၊ ရေဘေးနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေနဲ့ ဆောင်ရွက်ပေးနေတာတွေလည်းရှိပါတယ်။ သို့သော်လည်း ခုနပြောသလို မြစ်ချောင်းတွေ ပေါများတဲ့အတွက် တော်တော်မှ မလုံမလောက်ဖြစ်နေပါတယ်။ တစ်နေရာမှာ ဆောင်ရွက်နေဆဲ ကျန်တဲ့နေရာတွေက ကျန်တဲ့ရွာတွေက ကျန်တဲ့ချောင်းတွေက ဒီရွာတွေကော လုပ်မပေးဘူးလား၊ ဒီချောင်းတွေအတွက် ကော မဆောင်ရွက်ပေးဘူးလား စသည်ဖြင့် ကျွန်တော်တို့မှာ အမြဲတမ်း အမေးခံ၊ ဖိအားပေးခံနေရ တာတွေရှိပါတယ်။

၃။      ဒီတော့ ကျွန်တော်မြို့နယ်မှာ မြစ်ချောင်းတွေနဲ့ပတ်သက်လို့ သဘာဝဘေးနဲ့ပတ်သက်လို့ ကာကွယ်တားဆီးဖို့ရာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေနဲ့ မလုံလောက်ပါဘူး။ အဲဒီအတွက် ဒီကိစ္စကို ကျွန်တော်တို့ ပြည်ထောင်စု သဘာဝဘေးနဲ့ပတ်သက်တဲ့ ရန်ပုံငွေကနေပြီးတော့မှ ချထားဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ၊ မြစ်ချောင်းများနဲ့ပတ်သက်ပြီးတော့ သဘာဝဘေး၊ ရေဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ဆက်စပ်မေးမြန်းရခြင်းဖြစ်ပါတယ်။

ထပ်ဆင့်မေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်

၁။      ကျွန်တော်တို့နိုင်ငံအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် မြစ်ချောင်းများ ပေါများ ပြီးတော့မှ နှစ်စဉ်ရေဘေးဒဏ်ခံနေရတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပါတယ်။ လက်ရှိအနေ အထားအနေဖြင့်လည်း ကျွန်တော်တို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်ဖြင့် တောက်လျှောက် ရေဘေးတွေ ခံစားနေရပါတယ်။

၂။       ကိုယ်စားလှယ်ကြီးရဲ့ တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်ရန်ပုံငွေနဲ့ မလုံလောက်တဲ့အခါမှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ရန်ပုံငွေနဲ့ စီမံဆောင်ရွက်ပေးလို့ ရနိုင်လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့  ကျွန်တော်တို့ အမျိုးသားသဘာဝဘေးကော်မတီအနေနဲ့ သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနဲ့  ဦးစားပေးအစီအစဉ်အနေနဲ့ တင်ပြလာမယ်ဆိုလို့ရှိ ရင် ကျွန်တော်တို့ရဲ့ အမျိုးသားသဘာဝဘေးရန်ပုံငွေကနေပြီးတော့မှ ဦးစားပေးကဏ္ဍအလိုက် လျာထားပြီးတော့မှ ဆောင်ရွက်ပေးနိုင်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။


MOS

DSW

DDM

DOR