လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဦးခင်ချို

လှိုင်းဘွဲ့မဲဆန္ဒနယ်၊

ကရင်ပြည်နယ်၊

မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့ အစည်းများက ဖွင့်လှစ် တည်ထောင်ထားသော ဂေဟာများကို ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်း တည်ထောင်နိုင်ရေး၊ ပြုစုထိန်းသိမ်း ထားသော ကလေးသူငယ်များကို စနစ်တကျ မှတ်တမ်း စာရင်းသွင်းထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်း ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှုနှင့် ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားကတ်ရရှိ အောင် ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာများကို နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရနှင့် အထောက်အပံ့ငွေများ ထောက်ပံ့ ပေးနိုင်မှု၊ ဂေဟာများတွင်ရှိသော ကလေးသူငယ် များ ပညာသင်ကြားမှုနှင့် ဘဝရပ်တည်နိုင်ရေး ကူညီဆောင် ရွက်ပေးနိုင်မှုနှင့် ဂေဟာကို အကြောင်းပြပြီး ကလေး သူငယ်များအပေါ် အမြတ်ထုတ်နေမှု၊ မတော်မမှန် ဆောင်ရွက်နေမှု များရှိ/မရှိ စစ်ဆေးဖော်ထုတ်အရေးယူ နိုင်မှုများ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိသိရှိလိုခြင်းနှင့် စပ် လျဉ်းသည့်မေးခွန်း။

 

၂၁-၇-၂၀၂၀ ဒုဝန်ကြီးဖြေပြီး

(၁၇)ကြိမ်မြောက်

ဒေါက်တာ ကြည်မို့မို့လွင်

စဉ့်ကိုင်မဲဆန္ဒနယ်၊

မန္တလေးတိုင်းဒေသကြီး၊

နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင် ဖွင့်လှစ် ထားသော ပရဟိတ ဂေဟာအရေအတွက် မည်မျှရှိကြောင်း၊ မည်ကဲ့သို့ စိစစ်၍ တည်ထောင် ခွင့်ပြုမိန့်ပေးကြောင်းနှင့် မည်ကဲ့သို့ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း။

၂၅-၅-၂၀၂၀ ဒုဝန်ကြီးဖြေပြီး

(၁၆)ကြိမ် မြောက်

ဒေါက်တာခင်စည်သူ

လွိုင်ကော်မဲဆန္ဒနယ်၊

ကယားပြည်နယ်၊

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက် ထားမှု ဥပဒေ (International Humanitarian Law: IHL) အား အကောင်အထည်ဖော်ခြင်း အတွက် နိုင်ငံအဆင့် အမျိုးသားကော်မတီ (National Committee)အား မြန်မာနိုင်ငံတွင် ဖွဲ့စည်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်းနှင့် ရှိပါက မည်သည့် အခြေအနေ/အဆင့်တွင် ရှိနေကြောင်း သိရှိလို ခြင်း။

၂၅-၅-၂၀၂၀ ဒုဝန်ကြီးဖြေပြီး

(၁၆)ကြိမ်မြောက်

ဦးတင်နု (ခ)တင်နုအောင်

မာန်အောင်မဲဆန္ဒနယ်၊

ရခိုင်ပြည်နယ်၊

မာန်အောင် မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာ တည်ရှိနေသည့် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းကျေးရွာများအား လေမုန်တိုင်း ဒဏ်ခံ အဆောက်အဦ (Cyclone Shelter ) များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုခြင်း။

၂၅-၅-၂၀၂၀

ဒုဝန်ကြီးဖြေပြီး

(၁၆)ကြိမ်မြောက်

အမှတ်စဉ်(၁)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်မ (၁၇)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်ချို၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။        လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် မှ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

၂။         ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၇) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့်  ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏  မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ရှင်းလင်းဖြေကြားမှာဖြစ် ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံးပြုခွင့်ပြုနိုင်ပါရန်နှင့် အချက်အလက်များ ပြည့်စုံစွာဖြေကြားနိုင်ရေးအတွက် အချိန်ပို (၃) မိနစ်ခန့် အနည်းငယ် ထပ်ဆောင်း ပေးနိုင် ပါရန် တင်ပြအပ်ပါတယ်။

၃။        မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့ အစည်းများက ဖွင့်လှစ်တည်ထောင်ထားသော ဂေဟာများကို ဥပဒေနှင့်အညီစနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရေး လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်း ချက်နှင့် စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)၊ အခန်း (၂၇) ပုဒ်မ ၁၀၁(က)မှာ တည်ထောင်ခွင့်ပြုမိန့်မရှိပဲ ပရဟိတဂေဟာ သို့မဟုတ်   ယာယီ စောင့်ရှောက် ရေးဂေဟာ တစ်ခုခုကို တည်ထောင် ဖွင့်လှစ်လျှင်    ထိုသူကို ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

၄။        အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပရဟိတနှင့် ယာယီစောင့် ရှောက်ရေး ဂေဟာများသည် တည်ထောင်ခွင့်ပြုမိန့် စနစ်တကျ လျှောက်ထားတင်ပြနိုင် ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာန က  ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် "ပရဟိတ ဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ” အမိန့်ကြော်ငြာစာထုတ်ပြန်၍ လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်ထားတဲ့ ပရဟိတ ဂေဟာနှင့်ယာယီစောင့်ရှောက်ရေးဂေဟာများ၊ တည်ထောင်ခွင့်ပြုမိန့် လုံးဝလျှောက်ထားခြင်း မရှိသေးသော ပရဟိတ ဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများအားလုံးအနေဖြင့် (၆)လအတွင်းတည်ထောင်ခွင့်ပြုမိန့်များပြန်လည်လျှောက်ထားရန်ဆောင်ရွက် လျက်ရှိပါတယ်။

၅။        အချိန်ကာလ (၆)လ သတ်မှတ်၍ လုပ်ငန်းအစီအစဉ်များကို ၂၀၂၀ ပြည့် နှစ်၊ မတ်လမှ စတင် ဆောင်ရွက်ခဲ့ရာ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်(၉)ခုမှ  ဂေဟာစုစုပေါင်း (၂၄၅)ခု အား ကနဦး စာရင်းရရှိထားပါတယ်။

၆။        လတ်တလော COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လုပ်ငန်း အစီအစဉ်များ အကန့်အသတ်နှင့်ဆောင်ရွက်လျက်ရှိပြီး COVID- 19 ရောဂါထိန်းချုပ်နိုင်မှုအခြေအနေပေါ် မူတည်၍ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သတ်မှတ်ကာလထက် ကျော်လွန်၍ ဆောင်ရွက်ရမည့်အခြေအနေဖြစ်ကြောင်း တင်ပြလိုပါတယ်။

၇။        လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးမြန်းချက်ပါ ဂေဟာများတွင် ပြုစုထိန်းသိမ်းထားသော ကလေးသူငယ်များကို စနစ်တကျ မှတ်တမ်းစာရင်း သွင်းထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်း ထုတ်ပေးနိုင်အောင် ဆောင်ရွက် ပေးနိုင်မှုနှင့် ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ အသက်(၁၀) နှစ်နှင့်(၁၈) နှစ်ပြည့် နိုင်ငံသားကတ်ရရှိအောင် ဆောင်ရွက်ပေးနိုင်မှုတို့နှင့်စပ်လျဉ်း၍ လူမှုဝန် ထမ်းဦးစီးဌာနအောက်ရှိ မိဘမဲ့ကလေး စောင့်ရှောက်ရေး သင်တန်းကျောင်းများ၊ တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်ထားသော ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများမှ မိဘမဲ့ကလေးများအား အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုးအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးလျက်ရှိရာ            မိဘအချက်အလက်များမသိရှိသော်လည်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂)၊ ပုဒ်မ(၅) တွင်“တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်း သားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း မွေးရာပါ နိုင်ငံသား ဖြစ်သည်” ဟု ဖော်ပြထားသည့်အတွက် ဖြေလျော့နည်းလမ်းအရ ဖွဲ့စည်းပေးထားတဲ့ မြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့် ဆုံးဖြတ်၍ သတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ခုနှစ် အတွင်း အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၃၇၀) ခု၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၂)ခုတို့ကို ထုတ်ပေး နိုင်ခဲ့ပြီးပါတယ်။

၈။        ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများက ဖွင့်လှစ်တည်ထောင် ထားသောဂေဟာများကို နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊  အာဟာရနှင့်  အထောက်အပံ့ငွေများ  ထောက်ပံ့ပေးနိုင်မှုနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များအတွက် အာဟာရ စောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝှမ်းလုံးတွင် အခြေခံ ကျန်းမာရေးပညာရှင်များမှ တစ်ဆင့်  အဓိကဆောင်ရွက်ပေးခြင်း၊ ကုသ ရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများ သို့ ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများမှ လွှဲပြောင်းလာသော လူနာများအပြင် ကွင်းဆင်းကုသရေးခရီးစဉ်များတွင် အခါအားလျော်စွာ သွားရောက် ကုသပေးခြင်းနှင့် ပြည်သူ့ ဆေးရုံများတွင် စွန့်ပစ်ခဲ့သော ကလေးငယ်များကို လိုအပ် သော ဆေးကုသမှု၊ ကာကွယ်ဆေး ထိုးနှံမှု၊ အာဟာရပိုင်း တည်ဆောက်ခြင်းဆိုင်ရာ ဆောင်ရွက်ပေးပြီး အခြားလူမှုရေးပိုင်း ဆိုင်ရာများ ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးလျှက်ရှိပါတယ်။ (၂၀၁၁) မှ (၂၀၁၉)ခုနှစ်အတွင်း ကလေးပြုစုရေးဌာနများသို့ ကုသရေး ဦးစီးဌာနနှင့်  ရပ်ရွာ/ အဖွဲ့အစည်းများမှ ပို့အပ်လာသည့် စွန့်ပစ်ကလေး စုစုပေါင်း (၆၂၅)ဦးအား လက်ခံစောင့် ရှောက်ပေးလျက်ရှိကြောင်း တင်ပြ လိုပါတယ်။

၉။        လူမှုဝန်ထမ်းဦးစီးဌာနရဲ့တည်ထောင်ခွင့်ပြုမိန့်ရရှိထားတဲ့   ပရဟိတဂေဟာများသို့ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ တာဝန်ရှိသူများက စစ်ဆေးခြင်း နှင့် ဦးစီးဌာန (ရုံးချုပ်)က စိစစ်ခြင်းတို့ကို ဆောင်ရွက်၍ စည်းကမ်းချက်များနဲ့ ကိုက်ညီတဲ့ ပရဟိတဂေဟာများကို သတ်မှတ်အဆင့်အလိုက် ထောက်ပံ့ပေး လျက်ရှိ ပါတယ်။

၁၀။      ဂေဟာများတွင်ရှိသော ကလေးသူငယ်များ ပညာသင်ကြားမှုနှင့် ဘဝရပ်တည်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မှုနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကာကွယ်စောင့် ရှောက်ရန် လိုအပ်တဲ့မိဘမဲ့နှင့် စွန့်ပစ်ခံကလေးသူငယ်များအတွက် ကလေးပြုစုရေးဌာန (၇)ခုကို ဖွင့်လှစ်၍ စောင့်ရှောက်ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်များအတွက် လူငယ်နှင့် အမျိုးသမီးကလေးသင်တန်းကျောင်း (၁၁)ကျောင်း ဖွင့်လှစ်၍ အတန်းပညာ၊ သက်မွေးပညာများ လေ့ကျင့်သင်ကြားပေးခြင်း၊ လူမှုဝန်ထမ်းဦးစီး ဌာနလက်အောက်ရှိ သင်တန်းကျောင်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ဂေဟာများရှိ ကလေးများ အခြေခံပညာ ကျောင်းများသို့ အပ်နှံပါက အခြေခံပညာဦးစီးဌာနအနေဖြင့် ပညာသင်ကြားမှုများကို ဆက်လက် ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိပါတယ်။

၁၁။      ဂေဟာကိုအကြောင်းပြပြီး ကလေးသူငယ်များအပေါ် အမြတ်ထုတ်နေမှု၊ မတော်မမှန် ဆောင်ရွက်နေမှုများ ရှိ/မရှိ၊ စစ်ဆေးဖော်ထုတ်အရေးယူနိုင် မှုများ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်းနှင့်ပတ်သက်၍ လိုအပ်ချက်များအရ ယာယီအုပ်ထိန်းရန်နှင့် ပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအတွက် သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီ စောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အခန်း (၆)တွင် ထည့်သွင်းပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။

၁၂။      ပရဟိတဂေဟာများအား ကြီးကြပ်ကွပ်ကဲခြင်း၊စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကလေး သူငယ်များအပေါ်တွင် အမြတ်ထုတ်နေမှုများ တွေ့ရှိမှုအရလည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ Help Line ဖုန်းနှင့် လူမှုကွန်ယက်မှ တိုင်ကြားခြင်းများအရလည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးအကြံပြုချက်များ ပေးပို့လာမှုအရ လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံး များက စစ်ဆေးပြီး ဥပဒေအရ အရေးယူခြင်းနှင့် သတင်းပေးတိုင်တန်းလာပါကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

၁၃။      ဒီလိုဆောင်ရွက်တဲ့နေရာမှာ အချို့သောဂေဟာများကို ဖျက်သိမ်းစေ၍ ကလေးသူငယ် များအား ယာယီလက်ခံစောင့်ရှောက်ခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခြင်း၊ လက်ခံစောင့်ရှောက်လိုသော ပရဟိတ ဂေဟာတစ်ခုခုတွင် ကလေးသူငယ်၏ ဆန္ဒနှင့်အညီ အပ်နှံ၍ စောင့်ရှောက်စေခြင်း၊ ကျန်ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်လက် စောင့်ရှောက်ပေးခြင်းများ စီမံဆောင်ရွက်လျက်ရှိပါတယ်။

၁၄။      သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ လက်ရှိ အားဖြင့် ပရဟိတ ဂေဟာများနှင့်  ယာယီစောင့်ရှောက်ရေးဂေဟာများ အားလုံးကို ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအရ တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည်လျှောက်ထားရန်အတွက် ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ဂေဟာရှိကလေးများအတွက် နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့်အာဟာရ ပံ့ပိုးပေးခြင်း၊ တိုင်ကြားမှုများရှိပါက စိစစ် ဆောင်ရွက်ခြင်းတို့ကို နှီးနွယ်ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ရှင်းလင်းဖြေကြား အပ်ပါတယ်။

            အားလုံးကိုကျေးဇူးတင်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်း

            နိုင်ငံတော်က ဖွင့်လှစ်တဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာများနှင့်ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးအားလုံးတွင် တိုးချဲ့ပြီး ဖွင့်လှစ်ဖို့ အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။

ထပ်ဆင့်မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားချက်

            စောင့်ရှောက်ရေးဂေဟာများ ဆက်လက်ဆောင်ရွက်ဖို့ရန်အတွက် နိုင်ငံတော်မှ ရရှိ လာတဲ့ ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုချက်အပေါ် မူတည်၍ ဆောင်ရွက်ပေးနေသလို သက် ဆိုင်ရာအလှူရှင် များ၏ကူညီပံ့ပိုးမှုနှင့်လည်းဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ခုဆိုရင်လည်း နေပြည်တော်ကောင်စီနယ်မြေမှာ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအနေနဲ့ လှူဒါန်းထားတဲ့ အဆောက်အဦ ရှိပါတယ်။ ဒီအဆောက်အဦမှာလည်း မကြာခင် (၃)၊ (၄)လ အတွင်းမှာ  ပြီးစီးတော့မှာဖြစ်ပါတယ်။ အဲဒီမှာ ကလေးပြုစုရေးအတွက်ကို မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံကလေးငယ်များကို ပြုစုစောင့်ရှောက်ပြီး တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲလို ဆက်လက် ပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။

အမှတ်စဉ်(၂)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။        လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်0ပါတယ်။

၂။         ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်မှ(၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေး သို့ ဆက်လက်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာကြည်မို့မို့လွင်၏ နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာအရေအတွက် မည်မျှရှိကြောင်း၊ မည်ကဲ့သို့ စိစစ်၍ တည်ထောင်ခွင့်ပြုမိန့်ပေး ကြောင်းနှင့် မည်ကဲ့သို့ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုခြင်း မေးခွန်းနဲ့စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံးရဲ့ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့ အနေနဲ့ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၃။        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနရဲ့ လုပ်ငန်းတာဝန်ကြီး(၇)ရပ်တွင် စေတနာ့၀န်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတစ်ခုအပါအဝင်ဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များဖြစ်သည့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်းဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် အမျိုးသမီးဂေဟာများသို့ သတ်မှတ်နှုန်းထားများနှင့်အညီ ထောက်ပံ့ပေးလျက်ရှိပါတယ်။

၄။        ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တည်ထောင် ခွင့်ပြုမိန့် ရရှိပြီးသော ဂေဟာများအနေနဲ့ ဌာနမှ ထောက်ပံ့မှုယူသော ဂေဟာ (၂၃၁)ခု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ထောက်ပံ့မှုယူသော ဂေဟာ(၁၀)ခု၊ ကလေးဦးရေ နည်းပါး သည့်အတွက် ဆန္ဒအရ ထောက်ပံ့မှု မယူသော ဂေဟာ(၂)ခုနှင့် ဦးစီးဌာနက စစ်ဆေးစဉ် ကလေးမရှိခြင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် မညီ ခြင်းတို့ကြောင့် ယာယီရပ်ဆိုင်း ဂေဟာ (၈)ခု၊ စုစုပေါင်း ဂေဟာ (၂၅၁)ခု ရှိပြီး တည်ထောင်သူတို့၏ဆန္ဒနှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တည်ထောင် ခွင့်ပြုမိန့် လျှောက်ထားခြင်း မရှိသော ဂေဟာ (၁၈၁) ခု ရှိပါတယ်။

၅။        အဆိုပါပရဟိတဂေဟာများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှထုတ်ပြန်ထားတဲ့စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်ပါ တင်ပြပါ စည်းကမ်းချက် (၅)ချက်နဲ့ညီညွတ်ပါက တည်ထောင်ခွင့်ပြုမိန့်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးမှတဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနသို့ တင်ပြရမှာဖြစ်ပါတယ်။

၆။        လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တည်ထောင်ခွင့်ပြုမိန့် ရရှိထားတဲ့ ပရဟိတ ဂေဟာများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းရုံးများမှ တာဝန်ရှိသူများက သွားရောက်၍ ကြီးကြပ်စစ်ဆေးခြင်း၊ နှစ်စဉ် တိုင်းဒေသကြီး/ ပြည်နယ်အချင်းချင်း အပြန်အလှန် တာဝန်ပေး စစ်ဆေးခြင်းများ ဆောင်ရွက်၍ စိစစ်တင်ပြလာမှုအား ဦးစီးဌာန(ရုံးချုပ်)က ထပ်မံစိစစ်၍ စည်းကမ်းချက်များနဲ့ကိုက်ညီတဲ့ ပရဟိတဂေဟာများကို သတ်မှတ်အဆင့်အလိုက် ထောက်ပံ့ ပေးလျက်ရှိပါတယ်။

၇။        လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသော “ဂေဟာ/‌ သင်တန်းကျောင်း များတွင် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနဲ့ အကာအကွယ်ပေး ခြင်းဆိုင်ရာ စံချိန် စံညွှန်းများ” အတိုင်း ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအခြေအနေများကို တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးက စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ လိုအပ်တဲ့ အကြံဉာဏ်ပေးခြင်းများ ကို ပြုလုပ်ပေးလျက် ရှိပါတယ်။

၈။        ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅(က)အရ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ် ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို ထုတ်ပြန်၍ ယခင် ကလေးသူငယ်ဥပဒေ (၁၉၉၃) ပုဒ်မ ၆၃ အရ လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်ထားတဲ့ ပရဟိတ ဂေဟာနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာများ၊ တည်ထောင်ခွင့်ပြုမိန့် လုံးဝလျှောက်ထားခြင်း မရှိသေးသော တည်ထောင်ဆဲ သို့မဟုတ် တည်ထောင်ဖွင့်လှစ်ထားတဲ့ ပရဟိတ ဂေဟာနှင့် ယာယီ စောင့်ရှောက်ရေး ဂေဟာ များအားလုံးက ခြောက်လအတွင်း လူမှုဝန်ထမ်းဦးစီးဌာနသို့ တည်ထောင်ခွင့်ပြုမိန့်များ ပြန်လည် လျှောက်ထားရန်အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါသော်လည်း လတ်တလော COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် စာရင်းကောက်ယူပြုစုနိုင်ခြင်း မရှိသေးပါ။ တည် ထောင်ခွင့်ပြုမိန့်မရှိပဲ ပရဟိတဂေဟာ (သို့မဟုတ်) ယာယီ စောင့်ရှောက်ရေးဂေဟာတစ်ခုခုကို တည်ထောင်ဖွင့်လှစ်လျှင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁(က)အရ  ထိုသူကို အနည်းဆုံး (၄)လမှ အများဆုံး (၁)နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်(၄) သိန်းမှ အများဆုံး ကျပ်(၆)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကို ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ (ဒါကတော့ နောက်ဆုံးအခြေအနေနှင့် ပရဟိတဂေဟာများကို စနစ်တကျနှင့် ထူထောင်နိုင် ဖို့အတွက်နှင့် ကြီးကြပ်နိုင်ဖို့အတွက်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေထဲမှာ ထည့်သွင်းထားကြောင်း တင်ပြအပ် ပါတယ်။ )

၉။        လူမှုဝန်ထမ်းဉီးစီးဌာနသည် ပရဟိတဂေဟာများနှင့်ပတ်သက်၍လည်း သင်တန်းများ ဖွင့်လှစ် ပေးလျှက်ရှိပါတယ်။ ရန်ကုန်မြို့ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ သဘောတူ စာချုပ်နှင့် ဥပဒေသင်တန်း၊ သက်ငယ်မုဒိမ်း အသိပညာပေးသင်တန်း၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်သင်တန်း၊ ကျား၊ မအခြေပြုအကြမ်းဖက်မှု သင်တန်းများကိုလည်း နှစ်စဉ် ဖွင့်လှစ် ပေးလျက်ရှိပါတယ်။

၁၀။      သို့ဖြစ်ပါ၍  လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ဂေဟာ ကြီးကြပ်မှုကော်မတီ များက အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးများက ပုံမှန်ကြီးကြပ်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဂေဟာကြီးကြပ်မှုကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိနည်းဥပဒေရေးဆွဲစဉ်ကာလအတွင်း ဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်။

            အားလုံးကို ကျေးဇူးတင်ပါတယ်။

 

အမှတ်စဉ်(၃)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်မှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် အစည်းအဝေးတွင် ကယား ပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။        ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ဆက်လက်ထားရှိသည့် ကယားပြည်နယ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ (International Humanitarian Law: IHL) အား အကောင်အထည် ဖော်ခြင်းအတွက် နိုင်ငံအဆင့်အမျိုးသားကော်မတီ(National Committee) အား မြန်မာနိုင်ငံ တွင် ဖွဲ့စည်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ၊ မရှိပါက အဘယ်ကြောင့်နည်းနှင့် ရှိပါက မည်သည့် အခြေအနေ/အဆင့်တွင် ရှိနေကြောင်းသိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန(၉)ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကော်မရှင်တစ်ခုနှင့် ဗဟိုဌာနတစ်ခုတို့ရဲ့ ဖြေကြား ချက်များနှင့် အကြံပြုချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ဆက်လက် ရှင်းလင်းဖြေကြား မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ တင်ပြချက်များပါ ဘာသာရပ်ဆိုင်ရာများတွင် အင်္ဂလိပ် ဘာသာအသုံးအနှုံးများ သုံးစွဲခွင့်ပြုနိုင်ပါရန်၊ အချက်အလက်များ ပြည့်စုံစွာ ဖြေကြားနိုင်ရေး အတွက် အချိန်ပို မိနစ်အနည်းငယ်ခန့် ခွင့်ပြုပေးနိုင်ပါရန်နှင့် Powerpoint အသုံးပြုခွင့်ပေးနိုင် ပါရန် တင်ပြအပ်ပါတယ်။

၂။         ဥက္ကဋ္ဌကြီးခင်ဗျာ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ တင်ပြပါ ဌာနများက အစိုးရဌာန၊ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာဌာနများက ရှင်းလင်းဖြေကြားချက်များနှင့် အကြံပြုချက်များ ရယူပေါင်းစပ်ဖြေကြားခြင်း ဖြစ်ပါတယ်။

၃။        အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေ( International Humanitarian Law-IHL)သည် ၁၈၆၄ခုနှစ် ပထမအကြိမ်ဂျီနီဗာကွန်ဗင်းရှင်း စတင်ပြဋ္ဌာန်းတဲ့အချိန်မှစ၍ အပြည်ပြည်ဆိုင်ရာဥပဒေ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

၄။        အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအား အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံများက ဦးဆောင်အကောင်အထည် ဖော်ရမည်ဖြစ်သော်လည်း စစ်ပွဲပဋိပက္ခများတွင်ပါဝင်ကြသည့် နိုင်ငံများ နဲ့အခြား လက်နက်ကိုင်အဖွဲ့အစည်းများက IHL ဆိုင်ရာ အခြေခံစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန် တာဝန်ရှိပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်း ဘုံပြဋ္ဌာန်းချက် အပိုဒ် ၁ နှင့် နောက်ဆက်တွဲ သဘောတူညီချက် () အပိုဒ် (၁) တို့တွင် IHL စာချုပ်ဝင်နိုင်ငံများသည် IHL ပါ အခြေခံစည်းမျဉ်း စည်းကမ်းများကို မည်သည့်အခြေအနေ တွင်မဆို လိုက်နာရန် တာဝန်ရှိ ကြောင်း ပြဋ္ဌာန်းထားပါတယ်။

၅။        ထို့ကြောင့် နိုင်ငံများက IHL ဆိုင်ရာ အခြေခံစည်းမျဉ်းစည်းကမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။

၆။        IHL အားထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမအဆင့် အနေဖြင့် IHL ဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခြင်းနှင့် အတည်ပြုခြင်းတို့ ဆောင်ရွက်ရန် လိုအပ်မှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် သဘောတူညီချက်များအား ပြည်တွင်းဥပဒေအဖြစ် ပြောင်းလဲကျင့်သုံးနိုင် ရေးအတွက် နိုင်ငံ၏ ဥပဒေမူဘောင်နှင့်အညီ ပြည်တွင်းဥပဒေများ ပြဋ္ဌာန်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ယင်းလုပ်ငန်းစဉ်များအား အထောက်အကူပြု ပေးနိုင်ရေးအတွက် အမျိုးသားအဆင့် IHL ကော်မတီ သို့မဟုတ် ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် လိုအပ်မှာ ဖြစ်ပါတယ်။  လက်ရှိအားဖြင့် အပြည်ပြည် ဆိုင်ရာလူသားချင်း စာနာထောက်ထားမှု ဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့်  သက်ဆိုင်ရာကဏ္ဍ အလိုက် လေ့လာဖတ်ရှုနိုင်ရေးအတွက်ကိုသာ မြန်မာဘာသာသို့ အလွတ်သဘောပြန်ဆိုထားရှိမှုများ ကိုသာ လေ့လာသိရှိရပြီး တရားဝင် ဘာသာပြန်ဆိုထားမှု မရှိသေးကြောင်း တင်ပြလိုပါတယ်။ IHL နှင့် ပတ်သက်လို့ Focal Ministry တစ်ခု သတ်မှတ်ပေးမယ်ဆိုလို့ ရှိရင် အဲဒီ Focal Ministry က IHL ရဲ့ ဘာသာပြန်ဆိုမှုတွေကို ဆက်လက်ပြီးတော့မှ ပြည်တွင်း ဥပဒေအဖြစ် ပြောင်းလဲနိုင် ဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

။        IHL သည် ၁၉၄၉ ခုနှစ်၊ ဂျီနီဗာ ကွန်ဗင်းရှင်းနှင့် ယင်း၏နောက်ဆက်တွဲ ပရိုတိုကောများ၏ အဓိကကျသည့်အစိတ်အပိုင်းဖြစ်ပြီး လူသားချင်းစာနာမှု လိုအပ်ချက်နှင့် စစ်ရေးဆိုင်ရာလိုအပ် ချက်ဟူသော အခြေခံကျသည့် မူဝါဒသဘောတရား ( ) ရပ်အကြား ဟန်ချက်ညီအောင် ထိန်း ညှိပေးသည့်ဥပဒေ ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ Slide ထဲမှာလည်း ပါဝင်ပြီး ဖြစ်ပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်း(၄)ရပ်မှာ တင်ပြပါအတိုင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြုပါဝင်ပြီး ဖြစ်ပါတယ်။

        ယင်းနောက် IHL အား ပိုမိုကျယ်ပြန့်စေရန်အတွက် ပြဋ္ဌာန်းတဲ့ ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲသဘောတူညီချက် ()ခုမှာ ပထမအချက် အနေနဲ့ နိုင်ငံများအကြား ဖြစ်ပွား သည့် နိုင်ငံတကာပဋိပက္ခများ၏ အကျိုးဆက်ကို ခံစားရသူများအား ကာကွယ်စောင့်ရှောက်မှု ပေးခြင်း၊ ဒုတိယအနေနဲ့  ပြည်တွင်းပဋိပက္ခများ၏ အကျိုးဆက်ကို ခံစားရသူများအား ကာကွယ်စောင့်ရှောက်မှု ပေးခြင်း၊ တတိယအချက်ကတော့ သိသာထင်ရှားသည့် အမှတ်တံဆိပ် သတ်မှတ်အသုံးပြုရေး အတည်ပြုခြင်းတို့ဆိုင်ရာ သဘောတူညီချက်များဖြစ်ပြီး မြန်မာနိုင်ငံ သည် ၎င်းနောက်ဆက်တွဲ သဘောတူညီချက် ()ခုလုံးကို အတည်ပြုပါဝင်ထားခြင်း မရှိသေး ကြောင်း တင်ပြအပ်ပါတယ်။

        IHLအကောင်အထည်ဖော်မှု အမျိုးသားကော်မတီအကြောင်းကို လေ့လာရန် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာသို့ လွှတ်တော်နှင့် အစိုးရဌာနဆိုင်ရာများ ပါဝင်သော မြန်မာကိုယ်စားလှယ်များ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) အစီအစဉ်ဖြင့် လေ့လာရေးခရီးသွားရောက် ခြင်း၊ IHL Event Briefing Session ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များနှင့် ကျင်းပပြုလုပ်ခြင်း၊ IHL နှင့်ပတ်သက်သည့် နိုင်ငံတကာ အစည်းအဝေး များသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ရန် စီစဉ်ပေးခြင်း၊ ပထမ အကြိမ် ဝန်ကြီးဌာနများအကြား  လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။

၁၀။      လက်ရှိအချိန်တွင် IHL အကောင်အထည်ဖော်ရေးဆိုင်ရာ နိုင်ငံအဆင့် အမျိုးသားကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိသည့် နိုင်ငံပေါင်း (၁၁၂) နိုင်ငံ ရှိသော်လည်း အာဆီယံနိုင်ငံများတွင် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သာ နိုင်ငံအဆင့်အမျိုးသား ကော်မတီအား ဖွဲ့စည်းထား ရှိပြီး ၎င်းနိုင်ငံများသည်လည်း ဂျီနီဗာကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားပြီး ယင်း၏ Protocols များကို အတည်ပြုပါဝင်ခြင်း မရှိသေးပါ။

၁၁။      မြန်မာနိုင်ငံတွင် IHL အကောင်အထည်ဖော်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်း မရှိသေးသော်လည်း တပ်မတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)၏ ကူညီထောက်ပံ့မှု များဖြင့် IHL ဆိုင်ရာအသိပညာတိုးပွားရေးအတွက် အရာရှိများအား အလုပ်ရုံဆွေးနွေးပွဲများနှင့် ရက်တိုသင်တန်းများသို့ တက်ရောက်စေခြင်း၊ သင်တန်းကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပို့ချခြင်း၊ ဌာနချုပ်/ တပ်ရင်း/ တပ်ဖွဲ့များသို့ IHL အသိပညာပေးဆွေးနွေးခြင်းများကို လစဉ် ပုံမှန်ဆောင်ရွက်ခြင်း၊ IHLနှင့် ပြည်တွင်းဥပဒေများကို အခြေခံ ရေးဆွဲထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement-ROE)ကို အိတ်ဆောင်ကတ်အဖြစ် ထုတ်ဝေပေးကာ အလေးထားလိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ စစ်ပွဲဆိုင်ရာဥပဒေ            အခြေခံမူသဘောတရားများ၊ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း၊ ရာဇသတ်ကြီး၊ ပြည်တွင်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်ချိုး ဖောက်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိ ပါတယ်။

၁၂။      ဒါ့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း များဆောင်ရွက်မှုအနေဖြင့် ဒုတိယသမ္မတ(၁) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်  များနှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးခြင်း၊ ဒီလုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တိုက်ပွဲများနှင့် လူမှုပဋိပက္ခများကြောင့် ဘေးသင့်သူများကိုလည်း ထောက်ပံ့ကူညီပေးရာတွင် ဘက်လိုက်မှု မရှိစေရေး၊ လူ့ဂုဏ်သိက္ခာထိခိုက်မှု မရှိစေရေးတို့ကို လိုက်နာဆောင်ရွက်လျက် ရှိသည့်အပြင် နိုင်ငံတကာမှ အလေးထား ဆောင်ရွက်လျက်ရှိသည့် မည်သူမျှ မချန်လှပ်စေရေး၊ မိမိဆောင်ရွက်မှုကြောင့်  နစ်နာမှု မရှိစေရေး (No One Left Behind နှင့် Do No Harm)   မူဝါဒ များနှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။

      သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် ညီလာခံ များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်း၏ protocols များကို အတည်ပြုပါက ယင်းပါအချက်များအတိုင်း လိုက်နာကျင့်သုံးရမည်ဖြစ်သဖြင့် လတ်တလောအချိန်တွင် အတည်ပြုပါဝင်ရန်အဆင်ပြေမှုမရှိသေးသည့် အခြေအနေဖြစ် ပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးတို့ကို ဉီးစားပေးဆောင် ရွက်ပြီး အချိန်အခါ ကျရောက်ချိန်တွင် အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီပါက protocols များသို့ အတည်ပြု ပါဝင်ရေး အတွက် စဉ်းစား နိုင်မှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအား သီးခြားဖွဲ့စည်းထားခြင်း မရှိသော်လည်း နယ်မြေဒေသနှင့် ဖြစ်ပေါ်လာ နိုင်သော အခြေအနေများအပေါ် မူတည်၍ အမျိုးသားအဆင့်ပြည်ထောင်စုအဆင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊မိမိတို့နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဥပဒေပြဋ္ဌာန်းပြီးမှ ယင်းဥပဒေနှင့် အညီ အမျိုးသားကော်မတီကို ဖွဲ့စည်းနိုင်မည်ဖြစ်ပါကြောင်းနှင့် လတ်တလောအားဖြင့် ပြည်သူ များနှင့် ပါဝင်ပတ်သက်သူများကို အသိပညာပေးခြင်းအစီအစဉ်များကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရှင်းလင်း ဖြေကြားအပ်ပါတယ်။

 

            အားလုံးကို ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၏ ထပ်ဆင့်မေးခွန်း

၁။        ဥက္ကဋ္ဌကြီးရှင့်- အခု ဒုတိယဝန်ကြီးဖြေကြားတဲ့ စုံစုံလင်လင်ရှိမှုကို ကျွန်မ အများကြီး ကျေးဇူး တင်ပါတယ်။ မသိသေးတဲ့အရာတွေကို သိရတဲ့အတွက် အရမ်း ဝမ်းမြောက်မိ ပါတယ်ရှင့်.. ကျွန်မ တစ်ခုပြောချင်တာက ဒုတိယဝန်ကြီးဖြေသွားတဲ့အခါမှာ တွေပါရှိသည့် IHL ဆိုင်ရာသဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးမယ်၊ အတည်ပြု မယ်၊ ပြည်တွင်းမှာ ဥပဒေ ပြဋ္ဌာန်းမယ်၊ ပြီးလို့ရှိရင် အဲဒီဟာ ပြဋ္ဌာန်းဖို့အတွက်ကို အမျိုးသားကော်မတီ လိုပါတယ်လို့  Slide 6 မှာ ပြောသွားတာ တွေ့ရပါတယ်။

၂။         နောက်ဆုံးအဖြေကတော့ နိုင်ငံတော်ရဲ့ အခြေအနေအရ ငြိမ်းချမ်းရေးကိစ္စတွေ၊ ပဋိပက္ခတွေ ကို အရင်ဖြေရှင်းပြီးမှ ဒီအမျိုးသားကော်မတီကို ဖွဲ့မယ် ဆိုတာလေး၊ စဉ်းစားပေးမယ် ဆိုတာ လေးကို ပြောသွားပါတယ်။ ဖွဲ့မယ်တော့မဟုတ်ပါဘူး။ စဉ်းစားပေးနိုင်ပါတယ်လို့ ပြောသွား ပါတယ်ရှင့်။

၃။        အဲဒီနှစ်ခုက အပေါ်နှင့်အောက်ဆုံး(Slide-6)နှင့်က နည်းနည်းကွဲလွဲနေတာ သိရပါတယ်။ အဲဒါလည်း သိချင်ပါတယ်ရှင့်။ ရှင်းရှင်းလင်းလင်း။

၄။        နောက်တစ်ခုကတော့ Protocols (၃)ခုကို လက်မှတ်မထိုးရသေးဘူးလို့ ပြောပါတယ်ရှင့်။ အဲဒီ Protocols တွေကို ကျွန်မတို့ လက်မှတ်ထိုးဖို့ ပြောတာလည်း မဟုတ်ပါဘူး၊ နောက် တစ်ခုကတော့ ဒီကော်မတီက အခု လူ၊ကယ်၊ပြန်က လုပ်နေတဲ့ Social ကော်မတီတွေ ကလည်း အခု ကျွန်မအရင်မေးခွန်း၊ ဒီလက်နက်ကိုင် ပဋိပက္ခမေးခွန်းနဲ့က နည်းနည်းကွဲလွဲ နေတာ တွေ့ရပါတယ်။ ကျွန်မ မေးတာက ပဋိပက္ခ၊ လက်နက်ကိုင် ပဋိပက္ခဖြစ်တာနဲ့ ဆိုင်တဲ့ International Humanitarian Law ကို ပြောတာပါ၊ ကော်မတီဖွဲ့တာနဲ့တော့ နည်းနည်း လွဲနေ ပါလို့ ကျွန်မ နည်းနည်းထောက်ပြချင်ပါတယ်။

၅။        နောက်တစ်ခုက အခု ကျွန်မ မေးတဲ့ မေးခွန်းက အခု ရင်ဆိုင်နေရတဲ့ ပစ်ခတ်မှုတွေ၊ နောက်တစ်ခုက အမျိုးသားရင်ကြားစေ့ရေးတွေ၊ ပြည်သူလူထုတွေ၊ စစ်ထဲမှာ တိုက်နေတဲ့လူ တွေ အနာတရဖြစ်တဲ့လူတွေ၊ ပါဝင်ပါတ်သတ်ခြင်း မရှိတဲ့လူတွေ၊ နောက်ပြီးတော့ ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အဦတွေ အားလုံးကာကွယ်နိုင်တဲ့ဥပဒေကို ဖော်‌ဆောင်ရွက်ဖို့ အမျိုးသား ကော်မတီတစ်ရပ် လိုတာကို ကျွန်မ မေးခြင်းဖြစ်ပါတယ်။

၆။        ဒါကြောင့်မို့လို့ အဲလို လွဲလွဲနေတဲ့အတွက် ကျွန်မအနေနဲ့ ရှင်းရှင်းလင်းလင်း သိချင် ပါတယ်ရှင့်။

၇။        နောက်တစ်ခုကတော့ အဖွင့်နှင့် အပိတ် နံပါတ်(၆)နှင့် နောက်ဆုံးက ဥပဒေပြဋ္ဌာန်းပြီးမှ ကော်မတီဖွဲ့မယ်လို့ ပြောတာပေါ့နော်..

ထပ်ဆင့်မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားချက်

၁။        ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ..

            ဥက္ကဋ္ဌကြီးခင်ဗျာ..ကျွန်တော်တို့ ပထမအပိုဒ်တွေနဲ့အပိုဒ်(၆)မှာပါတဲ့ ကော်မရှင်နဲ့ ကော်မတီ ဖွဲ့ဖို့ဆိုတဲ့ အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့ဖို့ လိုအပ်ပါတယ်ဆိုတဲ့ ဥစ္စာက ကျွန်တော် ဖြေကြားတဲ့အဓိပ္ပါယ်က ကျွန်တော်တို့ ဥပဒေရေးဆွဲနိုင်ဖို့အတွက်ဆိုလို့ရှိရင် အမျိုးသား အဆင့်အနေနဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ လိုအပ်တာကို ပြောကြားခြင်း ဖြစ်ပါတယ်။

၂။         IHL နဲ့ပတ်သက်လို့ ဥပဒေရေးဆွဲနိုင်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ သက်ဆိုင်ရာ ဝန်ကြီးဌာန တစ်ခုကို Focal Ministry သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီ Focal Ministry က ဦးဆောင် ပြီးတော့မှ ပါဝင်ပတ်သက်တဲ့ စောစောကကျွန်တော်တင်ပြခဲ့တဲ့ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်း တွေ (၁၁)ခုရှိပါတယ်။ အဲလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ စုပေါင်းပြီးတော့မှ ဖွဲ့စည်းမယ်၊ အဲလို အမျိုးသားကော်မတီကို ဖွဲ့စည်းပြီးတော့မှ ဒီဥပဒေတစ်ရပ်ကို ရေးဆွဲနိုင်ဖို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲလို ရေးဆွဲလိုက်တဲ့အခါကျရင် အဲဒီ ဥပဒေထဲမှာမှ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းဆိုတာကို ပါဝင်လာမှာ ဖြစ်ပါတယ်။

၃။        ဒါကြောင့် ကျွန်တော့်အနေနဲ့ ကိုယ်စားလှယ်ကြီး ရှင်းလင်းအောင် ဖြေကြားရမယ် ဆိုလို့ရှိရင် ပထမဦးစွာ ဒီဥပဒေရေးဆွဲဖို့အတွက်ကို အပိုဒ်(၆)မှာ စကားလုံး တစ်လုံးကျန်ခဲ့တာ ဖြစ် ပါတယ်။ ဒီဥပဒေရေးဆွဲ‌ရေး အမျိုးသားကော်မတီဖွဲ့စည်းဖို့ ဖြစ်ကြောင်း၊ အဲဒီဖွဲ့စည်း ပြီးတော့မှ ကျွန်တော်တို့ ဥပဒေတစ်ရပ်ရေးဆွဲမယ်၊ ရေးဆွဲလိုက်တဲ့အခါကျမှ အဲဒီဥပဒေ ထဲမှာမှ အမျိုးသားကော်မတီကို ထည့်သွင်းပြီးတော့မှ ဖော်ပြမယ်ဆိုတဲ့အကြောင်း ဖြစ် ပါကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြား အပ်ပါတယ်။

            ကျေးဇူးတင်ပါတယ်။

အမှတ်စဉ်(၄)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု ( ခ ) တင်နုအောင်၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။        ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်မှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ဆက်လက်ထားရှိသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု (ခ) တင်နုအောင်၏ “ မာန်အောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာ တည်ရှိနေသည့် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းကျေးရွာများအား လေမုန်တိုင်း ဒဏ်ခံ အဆောက်အဦ (Cyclone Shelter)များ ဆောက်လုပ်ပေးရန် အစီ အစဉ် ရှိ/မရှိ သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်များကို ပေါင်းစပ်ပြီး ကျွန်တော့အနေနဲ့ ဆက်လက်ပြီး ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power  Point  အသုံး ပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

၂။         ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် နှစ်စဉ် မုန်တိုင်းဒဏ် ခံစား နေရသည့်အတွက်  မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ပြည်သူများ အသက်ဘေးမှ ရှောင်တိမ်းခိုလှုံနိုင်ရေး အတွက် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်းများ၊  အသက်ကယ်ကုန်းမြင့်များကို  ခေတ် အဆက်ဆက်က ဆောင်ရွက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း နှစ်စဉ် မုန်တိုင်းဒဏ် ခံစား ရနိုင်ခြေများပြားသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်  မုန်တိုင်းဒဏ်ခံ အဆောက်အဦများ၊ မုန်တိုင်းဒဏ်ခံ စာသင်ကျောင်းများကို  ဒေသ၏ လိုအပ်ချက်များအပေါ် မူတည်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ၊ပြည်ထောင်စုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ ဘဏ္ဍာရန်ပုံငွေ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် နှစ်စဉ် တိုးချဲ့တည်ဆောက်ပေးလျက်ရှိ ပါတယ်။

၃။        ရခိုင်ပြည်နယ်အတွင်း၌ ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့၏ ဘတ်ဂျက်နှင့်  လှူဒါန်း မှုများဖြင့် Shelter စုစုပေါင်း (၁၆) လုံးကိုတည်ဆောက်ပေးခဲ့ပါတယ်။ ဒီ့အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာတော့ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေမှ စုစုပေါင်းငွေကျပ် (၈၀၈၆.၆၃၆)သန်းဖြင့် Shelter စုစုပေါင်း(၄၁) လုံးကိုလည်း တည်ဆောက်ပေးခဲ့ပြီးဖြစ်ရာ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၁)မြို့နယ်ရှိ ကျေးရွာ(၅၇)ရွာ တွင် Shelter (၅၇)လုံးကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

၄။        အဆိုပါ Shelter (၅၇)လုံးအနက်  မာန်အောင်မြို့နယ်အတွင်း  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကုန်းတန်းရွာတောင်ပိုင်းနှင့် ဇီးတောကျေးရွာတို့တွင် လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် မြို့မရပ်ကွက်၊ ပုတ်ချောင်း ကျေးရွာ၊ ပန်းဖဲကျေးရွာ၊ ရေမျက်ဝကျေးရွာ၊ ရန်အောင်မြင် ရပ်ကွက်၊ ကျီးချောင်းဝကျေးရွာ၊ သိမ္ဗလကျေးရွာနှင့် ကျူးကျေးရွာတို့တွင် Shelter (၁)လုံးစီဖြင့် စုစုပေါင်း(၁၀)လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ စုစုပေါင်း ငွေကျပ် (၂၁၈၆.၈၄၀)သန်း အကုန်ကျခံ၍ တည်ဆောက်ပေးထားပါတယ်။

၅။        လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်စပ်လျဉ်း၍ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် Shelter များ ထပ်မံလိုအပ်မှု အခြေအနေနှင့် လိုအပ်မှုရှိပါက အဆိုပါ ကျေးရွာများ ၏ လူဦးရေ၊ တည်ဆောက်ပြီး ဖြစ်သော Shelter များနှင့်အကွာအဝေး၊ တည်ဆောက်ရန် လျာထားသည့် Shelterများသို့ သွားရာလမ်းကြောင်းအခြေအနေ၊ မြေနေရာစီစဉ်ဆောင်ရွက်ပေး နိုင်မှုအခြေအနေတို့ပေါ်တွင်မူတည်၍ ထည့်သွင်းတွက်ချက်ကာ လွှတ်တော်ကိုယ်စားလှယ် တင်ပြသည့် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက် (၁၁)နေရာအတွက် Cyclone Shelter လိုအပ်မှုအခြေ အနေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့်ညှိနှိုင်းပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် လာမယ့်ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ရှင်းလင်းဖြေကြားအပ်ပါတယ်။

            အားလုံးကို ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR