လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

မေးခွန်းအကြောင်းအရာ

မှတ်ချက်

ဒေါက်တာ ကြည်မို့မို့လွင်၊

စဉ့်ကိုင်မဲဆန္ဒနယ်၊

မန္တလေးတိုင်းဒေသကြီး၊

 

လိင်အကြမ်းဖက် ကျူးလွန်ခံရသော အမျိုးသမီးငယ် ရွယ်များ တစ်ပြေးညီ ပညာဆက်လက်သင်ကြားခွင့် ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ချိတ်ဆက် ညှိနှိုင်း၍ တိကျသော မူဝါဒများ ချမှတ်ပြီး ညွှန်ကြား ချက်များ ထုတ်ပြန်ထားခြင်း ရှိ/မရှိနှင့် အကယ်၍  မရှိ ပါက တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလို ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။

(၂၁-၇-၂၀၂၀) အင်္ဂါနေ့

ဒုတိဝန်ကြီး ဖြေပြီး

(၁၇)ကြိမ်မြောက်

( ပြည်ထဲရေ၊

ပညာရေး ပေါင်းစပ်)

 

 

အမှတ်စဉ်(၁)။  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်မှ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ဆက်လက်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကြည်မို့မို့လွင်၏ ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။        လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ ဆက်လက်၍ ကျွန်တော့အနေနဲ့ မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ ဖြေကြားချက် များကို ပေါင်းစပ်ပြီး ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန်နှင့် (၂)မိနစ်ခန့် အချိန်ထပ်ဆောင်းပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။

၂။         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ သက်ငယ် မုဒိမ်းမှုများကြုံတွေ့လာပါက တိုင်ကြားနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့က စတင်ထူထောင် ဖွင့်လှစ်ခဲ့တဲ့ Help Line နံပါတ်(၀၆၇-၄၀၄၂၂၂)နှင့်(၀၆၇-၄၀၄၉၉၉)တို့သို့ တိုင်ကြားလာသော အမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အကြမ်းဖက်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် လူမှု၀န်ထမ်းရုံးများနဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ပြည်သူများ တိုင်ကြားလာခြင်း များကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိ ပါတယ်။

၃။        ထိုကဲ့သို့ တိုင်ကြားလာမှုများအား စနစ်တကျ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမှုဝန် ထမ်းဦးစီးဌာနမှ Case Manager များအား ခန့်အပ်ထားရှိပြီး တိုင်ကြားစာများအား တုန့်ပြန် ဖြေရှင်းပေးရာတွင် အကြမ်းဖက်ခံရသူများအား ယာယီလုံခြုံရေးနေရာစီစဉ်ပေးခြင်း၊ ကျန်းမာ ရေး စောင့်ရှောက်မှု ရရှိရေး ချိတ်ဆက်ပေးခြင်း၊ တရားရေးဆိုင်ရာကိစ္စရပ်များ ချိတ်ဆက် ပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ညှိနှိုင်းပေးခြင်းနဲ့     အခြားဝန်ဆောင်မှုများပေး ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၄။        နိုင်ငံတော်အဆင့်၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်စသည်ဖြင့် အဆင့်ဆင့်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ များနှင့် အမျိုးသမီးကော်မတီများကို ဖွဲ့စည်းထားရှိရာ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီများတွင် လူမှုရေးဝန်ကြီးများကလည်းကောင်း၊ ခရိုင်/မြို့နယ် အဆင့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှလည်းကောင်း အတွင်းရေးမှူးအဖြစ် ကော်မတီ (၂)ရပ်လုံးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်များအဖြစ် ပညာရေးဝန်ကြီးဌာနအပါအဝင် အခြား သက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများအား ထည့်သွင်းဖွဲ့စည်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။        ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၄၆(က)ပါ ကလေးသူငယ် တိုင်းသည် ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများ ရရှိစေရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်နှင့်အညီ သက်ငယ်မုဒိမ်းမှုကျူးလွန်ခံရသော မိန်းကလေးငယ်များ ပညာသင် ယူမှုအခွင့်အရေး မဆုံးရှုံးစေရန် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ အထိ သက်ငယ်မုဒိမ်း ကျုးလွန်ခံရသော အတန်းပညာ ဆက်လက်သင်ယူလိုသည့် အမျိုး သမီးငယ်စုစုပေါင်း (၂၂၅)ဦးအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

၆။        ပြစ်မှုကျူးလွန်ခြင်းခံရသော  ကလေးသူငယ်၏  ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများကို ပြန်လည်ကုစားပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းနှင့်စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉)၊ အခန်း(၂၅)၊ ပုဒ်မ ၉၇ နှင့်အညီ ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့် လူမှုရေးထိခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် လူမှု ရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်၍ ယင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စံချိန်စံညွန်းနှင့်အညီ ဆောင်ရွက်နိုင်ရန် စံလုပ်ငန်း လမ်းညွှန် (SOP)ကို ရေးဆွဲထားပါတယ်။ လူမှုရေးထိခိုက်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ စနစ်တကျလေ့ကျင့်သင်ကြားပေးထားသည့် Case Manager များကို ထားရှိကာ အကြမ်းဖက်ခံရသူများကို တိုက်ရိုက်ထိတွေ့ကာ  ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၇။        ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)၊ အခန်း(၁၆)၊ ပုဒ်မ  ၅၆ ၌ “ မည်သူမျှ ကလေးသူငယ်အပေါ် တစ်နည်းနည်းဖြင့် နစ်နာဆုံးရှုံးစေ သည့် သို့မဟုတ် ထိခိုက်ဒဏ်ရာရစေသည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကို ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကိုဖြစ်စေ မပြုလုပ်ရ” ဟု ပြဋ္ဌာန်းထားပါတယ်။

၈။        မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကလေးသူငယ်များအား ဥပဒေနှင့်အညီ အခွင့်အရေးများ ရရှိရေး၊ အမျိုးသမီးငယ်များ လိင်အကြမ်းဖက်မှုကျူးလွန်ခြင်း မခံရစေရေးတို့အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ လိင်အကြမ်းဖက်မှုခံရခြင်းနှင့်ပတ်သက်၍ အရေးယူ ခြင်းတို့ ဆောင်ရွက်လျှက်ရှိပါတယ်။

၉။        အခြေခံပညာရေးဥပဒေ (၂၀၁၉) ပုဒ်မ (၃)(က)တွင်    ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည်အထိ သင်ယူတတ်မြောက် ရန်ဟု ရည်မှန်းချက်အနေဖြင့် ပြဋ္ဌာန်းထားရှိပြီး အခြေခံပညာရေးဆိုင်ရာ  အခြေခံမူများအနေဖြင့် ပုဒ်မ ၄ တွင် ပြဋ္ဌာန်း ထားရှိရာ အခြေခံပညာကို နိုင်ငံသားတိုင်း သင်ယူတတ်မြောက်ရေး၊ အကြောင်းအမျိုးမျိုး ကြောင့် ပညာ သင်ယူနိုင်ခဲ့ခြင်းမရှိသူများကို ကျောင်းပညာရေး သို့မဟုတ် ကျောင်းပြင်ပ ပညာရေး တစ်ခုခုတွင် အခြေခံပညာရေးကို  သင်ယူခွင့်ရရှိရေး တို့ကို ပြဋ္ဌာန်းထားရှိပါတယ်။ သို့ဖြစ်ပါ၍  လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်ရွယ်သူများ အနေဖြင့်လည်း ဥပဒေများနဲ့အညီ ပညာဆက်လက် သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်ကြီး ဆွေးနွေးသွားတဲ့အတိုင်းပါပဲ တာဝန်ထမ်းဆောင်နေတဲ့ Stakeholder တွေ ပါဝင် ပါတ်သက်သူ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးကလည်း မိမိတို့ရဲ့ ဥပဒေများကို ကျေညက် အောင်သိရှိပြီး ကာကွယ်စောင့်ရှောက်မှုအတွက် ဆက်လက်ပြီး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

၁၀။      ပညာရေးဝန်ကြီးဌာနအနေဖြင့်  အရွယ်မတိုင်မီ   လိင်အကြမ်းဖက်ကျူးလွန် ခံရမှုများ မရှိနိုင် ရေးအတွက် တားဆီးကာကွယ်စောင့်ရှောက်ရေးနှင့် လျှော့ချရေးဆောင်ရွက်ခြင်း၊ လိင်အကြမ်း ဖက် ကျူးလွန်ခံရမှုများ ရှိလာပါကလည်း ပညာသင်ယူမှုမဆုံးရှုံးရေးနှင့် လူမှုရေး၊ စိတ်ကျန်းမာရေးများ အထူးဂရုပြု နိုင်ရေးစီစဉ်၍ ကျောင်းပညာ ဆက်လက်သင်ယူခြင်း၊ ကျောင်းပြင်ပရောက် သင်ယူသူများအတွက် အရည်အသွေးရှိသော ကျောင်းပြင်ပ မူလတန်းနှင့် အလယ်တန်း တန်းညှိအစီအစဉ်များနှင့် အခြားကျောင်းပြင်ပနှင့် တစ်သက် တာ ပညာရေးအစီအစဉ်များဖြင့် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းအကောင်အထည် ဖော်နေ ပါတယ်။ အလယ်တန်းဆင့်ပြီးမြောက်သော ကျောင်းသားများအား နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကို မြို့ပြသင်ယူမှု အခွင့်အလမ်းများနည်းတူ ကျေးလက်ဒေသ များတွင်လည်း သင်ယူခွင့် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် အသက်မွေးဝမ်း ကြောင်း ပညာများ သင်ယူနိုင်သည့် အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ပါတယ်။

၁၁။      ပညာရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့တွင် “ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံရာတွင် အစဉ်ပြေချောမွေ့စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ် (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်သူများဖြစ်ပါက မည်သည့်ခွဲခြားမှုမှ မပြုလုပ်ဘဲ ကျောင်းအပ်နှံခွင့်နှင့် ဆက်လက်ပညာ သင်ကြားခွင့်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်” တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်‌ ကောလိပ်များအားလုံး ညွှန်ကြားထားပြီး ဖြစ်ပါသည်။

၁၂။      သို့ဖြစ်ပါ၍  လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသမီး ငယ်များအပေါ် လိင်အကြမ်းဖက်မှုများ လျော့နည်းကျဆင်းရေးအတွက် ဥပဒေများနှင့်အညီ ကာကွယ် စောင့်ရှောက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့ အစည်းများ၊ သတင်းမီဒီယာ များ၊ ပြည်သူများနှင့်အတူ အသိပညာပေး ကာကွယ်တားဆီးရေး လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လိင်အကြမ်းဖက် ကျူးလွန်ခံ ရသော အမျိုးသမီးငယ်များအား တန်းတူ ပညာသင်ကြားခွင့် ရရှိရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာများ ဆက်လက်သင်ယူနိုင် ရန်နှင့် ယင်းတို့ဘဝအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် စိတ်လုံခြုံမှု ပြည့်ဝစွာ အသက်ရှင်နေထိုင်သွားရန်အတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေး သည့်အစီအစဉ်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြဋ္ဌာန်းထားရှိပြီး ဖြစ်သော ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ  မည်သည့်ခွဲခြားမှုမှ မပြုလုပ်ဘဲ ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဥက္ကဋ္ဌကြီးကတစ်ဆင့် ရှင်းလင်းဖြေကြား အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၏ ထပ်ဆင့်မေးခွန်း

            လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်လေးတွေအတွက်  Case by Case  ဖြေရှင်းပေးနေ တာကို သိရှိရပါတယ်၊  ကျွန်မတို့ လေ့လာရေးခရီးစဉ်တွေမှာလည်း တွေ့ရပါတယ်၊ ဒီမေးခွန်း မေးရတဲ့ ရည်ရွယ်ချက်က စာသင်ကျောင်းတွေမှာရှိတဲ့ ဆရာ/ ဆရာမများကိုလည်း အပြစ် တင်လိုခြင်း အလျဉ်း မရှိပါဘူး၊ ဆရာ/ဆရာမတွေ ဒီလိုအမှုကိစ္စတွေကို ဖြေရှင်းဆောင်ရွက် ရာမှာ ဒွိဟမဖြစ်စေဖို့ တိကျတဲ့ လမ်းညွှန်ချက်တွေ ရှိစေဖို့လို့လည်း ရည်ရွယ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ ဆိုရင် လည်း အသက် (၁၈)နှစ်မပြည့်တာကို ကလေးသူငယ်လို့ ဥပဒေအရ သတ်မှတ်ပါတယ်၊ ပြီးလို့ရှိရင် ရာဇသတ်ကြီးဥပဒေမှာဆိုရင်လည်း အသက် (၁၆)နှစ်အောက်ဖြစ်တယ်ဆိုလို့ရှိရင် ကာယကံရှင် သဘောတူရင်တောင်မှ ဒါဟာ Rape Case ဖြစ်ပါတယ်၊ ဒီအချိန်မှာ ဆရာ/ ဆရာမတွေအတွက်က ဒီလို Case တွေမှာ ဆိုလို့ရှိရင် ဒွိဟဖြစ်စရာ ရှိပါတယ်၊ အသက် (၁၄)၊(၁၅)နှစ်အရွယ် မိန်းကလေးတွေ အတွက်ဆိုရင် သူတို့က ဒွိဟဖြစ်စေပါတယ်၊ ဒီဟာက အလိုတူ အလိုပါကြောင့်ဆိုပြီး တော့ သူတို့က သတ်မှတ်ပြီးတော့ ဖြေရှင်းရခက်တာ၊ ဒွိဟ ဖြစ်တာရှိပါတယ်၊ အဲဒါ ကြောင့်မို့လို့ ဒီလိုဆရာ/ ဆရာမ တွေအတွက် ဒွိဟဖြစ်ရတဲ့ ဒီလိုအရွယ် မိန်းကလေးတွေအတွက်ဆိုရင်ရော ဘယ်လိုမျိုး ဒွိဟ မဖြစ်ရအောင် ညွှန်ကြား ပေးမယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။

ထပ်ဆင့်မေးခွန်းအပေါ် ဒုတိယဝန်ကြီးမှ ပြန်လည်ဖြေကြားချက်

            အကြမ်းဖက်ခံထားရတဲ့ ကလေးသူငယ်များ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက်ကို ဒွိဟ မဖြစ်စေဖို့အတွက် အဓိကအားဖြင့် သက်ဆိုင်ရာ စာသင်ဆရာ/ဆရာမများ၊ ကျောင်းအုပ်များ သူတို့အပေါ်မှာ အများကြီး မူတည်နေပါကြောင်း၊ ဥပဒေများနှင့် မူဝါဒ များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ထမ်း များအနေဖြင့် မိမိတို့၏ Mind Set များ ပြုပြင်ပြောင်းလဲနိုင်ဖို့နှင့် ဥပဒေများကို ကျေကျေညက်ညက် သိရှိနားလည်နိုင်ဖို့ကို လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ဖြည့်စွက် အကြံပြုချက်နှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

 


MOS

DSW

DDM

DOR