လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဒေါက်တာအောင်ခင်၊ပြင်ဦးလွင်မဲဆန္ဒနယ်၊မန္တလေးတိုင်းဒေသကြီး။
အခြေခံပညာမတက်ရောက်မီကလေးသူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်ရေးလိုအပ်လျက်ရှိ၍ ပြင်ဦးလွင် မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်း ကျောင်းနှင့်မူကြိုဖွင့်လှစ်ပေးရန် အစီ အစဥ် ရှိ/မရှိ။

၂။ဦးအောင်ကျော်ဇံ၊ပေါက်တောမဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
ပေါက်တောမြို့နယ်တောင်ပိုင်းပင်လယ်ကမ်းစပ်မြေနိမ့်ပိုင်းဒေသတွင်နေထိုင်လျက်ရှိကြသောပြည်သူများ၏ အသက်အန္တရာယ်ကိုလတ်တလောကာကွယ်ပေးနိုင်ရန်အလို့ငှာလေဘေးဒဏ်ခံအဆောက်အဦ(Cyclone  Shelter)(၃)လုံးဆောက်လုပ်ပေးရန်အစီအစဥ်ရှိ/မရှိ။


အမှတ်စဉ်(၁) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်ခင်၏   ကြယ်ပွင့်ပြမေးခွန်းဖြစ်သော "အခြေခံပညာ မတက်ရောက်မီ ကလေးသူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်ရေးလိုအပ်လျက်ရှိ၍ ပြင်ဦးလွင်မြို့တွင်လူမှုဝန်ထမ်းဦးစီးဌာန၏ နေ့ကလေးထိန်းကျောင်းနှင့် မူကြိုဖွင့်လှစ်ပေးရန် အစီအစဥ်ရှိ/မရှိ" မေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။

၃။ လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီး ဌာနသည် ရှေးဦးအရွယ်ကလေးသူငယ်  ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ကလေးသူငယ်ဥပဒေအရ နိုင်ငံတော်ကတာဝန်အပ်နှင်းထားသည့်ကလေးသူငယ်ဆိုင်ရာ တာဝန်ယူဆောင်ရွက်ရသည့်ဌာနဖြစ်သည်နှင့်အညီ(၃)နှစ်မှ(၅)နှစ်အရွယ်ကလေးငယ်များအတွက် အသက် အရွယ်အလိုက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်လှုပ်ရှားခံစားမှု၊ ဘက်စုံဖွံ့ဖြိုးမှုရရှိစေ ရန်နှင့် ဘဝတစ်သက်တာအတွက်အခြေခံအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းနှင့်အညီ ပြုစုပျိုးထောင်ပေး နိုင်ရန်အတွက်  မူလတန်းကြိုကျောင်းများကို ၁၉၅၃ ခုနှစ်မှ စတင်၍ဖွင့်လှစ်ကာ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါတယ်။

၄။ ထို့အပြင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား အသိအမှတ်ပြုခြင်း၊ နည်းပညာ အကူအညီပေးခြင်း၊ ဆရာမ(၂)ဦး၏လစာစရိတ် ထောက်ပံ့ပေးခြင်းကို ၁၉၇၃ ခုနှစ်ကတည်းကစတင် ဆောင် ရွက်ခဲ့ပါတယ်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  အသက်(၃)နှစ်မှ (၅)နှစ်အရွယ်အထိ ကလေး သူငယ်များအတွက်  ရှေးဦးအရွယ်ကလေးသူငယ်  ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းနှင့်အညီ ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် မူလတန်းကြိုကျောင်းများတည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား အသိအမှတ်ပြုထောက်ပံ့ပေးခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံး တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်း (၁၀၄)ကျောင်းရှိပြီး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၉၈၆)ကျောင်းအား အသိအမှတ်ပြု၍ဆရာမလစာနှင့် သင်ထောက်ကူ ပစ္စည်းများအတွက်နှစ်စဥ်ထောက်ပံ့ပေးလျက်ရှိပါတယ်။ 

၅။ မူလတန်းကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် နှစ်စဥ်စီမံကိန်းတွင် တစ်နှစ်လျှင် (၁၀) ကျောင်းနှုန်း   တိုးချဲ့နိုင်ရေး  ထည့်သွင်းရေးဆွဲလျက်ရှိရာ ၂၀၁၀-၂၀၁၁ခု၊  ဘဏ္ဍာရေးနှစ်အထိ  မူလတန်းကြို ကျောင်း (၆၅)ကျောင်းရှိရာမှ ၂၀၁၄-၂၀၁၅ခု၊ဘဏ္ဍာရေးနှစ်တွင်(၁၀)ကျောင်း၊ ၂၀၁၅-၂၀၁၆ခု၊ဘဏ္ဍာရေးနှစ်တွင် (၁၉)ကျောင်း၊၂၀၁၆-၂၀၁၇ခု၊ဘဏ္ဍာရေးနှစ်တွင်(၅)ကျောင်း၊ယခု၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်တွင်(၅)ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သဖြင့် မူလတန်းကြိုကျောင်းပေါင်း(၃၉)ကျောင်း  တိုးတက်လာကြောင်း  တွေ့ရှိရပါတယ်။   လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစတင်၍ (၉)နှစ်စီမံကိန်းဖြင့် တစ်မြို့နယ်လျှင်စံပြ မူလတန်းကြိုကျောင်း(၁)ကျောင်း ဖွင့်လှစ်ရန်စီစဥ်ထားရှိရာ တစ်နိုင်ငံလုံးရှိမြို့နယ် (၃၃၀)မြို့နယ်အနက်အစိုးရမူလတန်းကြိုကျောင်း မရှိသော မြို့နယ်(၂၅၂)မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၆။ မူလတန်းကြိုကျောင်း မဖွင့်လှစ်နိုင်သော ရပ်ရွာများအတွင်းရှိ ဆင်းရဲချို့တဲ့ သောမိဘများ၏ ကလေးငယ်များ၊ လူမှုရေးအခက်အခဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းကြိုကျောင်းသို့ မတက် ရောက်နိုင်သော အသက်(၅)နှစ်အောက် ကလေးငယ်များအား ကျန်းမာစွာ အသက်ရှင်နေထိုင်ရေး ရုပ်ပိုင်း၊ အသိဉာဏ်ပိုင်းနှင့် လူမှုဆက်ဆံရေးအပိုင်းတို့တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် ရပ်ရွာအတွင်း ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို  အဓိက ဆောင်ရွက်ပေးမည့်   မိသားစုနှင့် ရပ်ရွာလူ့အဖွဲ့အစည်းအား အသိပညာပေး ကူညီဖြည့်ဆည်းပေးရန် အတွက်မိခင်ဝိုင်းများ ဖွဲ့စည်းခြင်းလုပ်ငန်းကို ရပ်ရွာအခြေပြု ကလေးသူငယ်ပြုစု ပျိုးထောင်ရေးလုပ်ငန်းအနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ မြို့နယ်ပေါင်း (၂၇) မြို့နယ်တွင် မိခင်ဝိုင်းပေါင်း(၂၇၀)ဝိုင်းကို ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင် မိခင်ဝိုင်း(၁၁)ဝိုင်းဖွဲ့စည်း၍ ကလေး(၁၈၉) ဦးအား  ပြုစုစောင့်ရှောက် ပေးလျက်ရှိပါတယ်။  ယခု ၂၀၁၈  ခုနှစ်၊ မတ်လမတိုင်မီ  မိခင်ဝိုင်း(၂၅၅)ဝိုင်းကို ပြည်နယ်နှင့်တိုင်းအားလုံးတွင် တိုးချဲ့ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိပါတယ်။

၇။    လူမှု၀န်ထမ်းဦးစီးဌာနအနေဖြင့် လက်ရှိမန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်ခရိုင်၊ ဇီးပင်ကြီး မူလတန်းကြိုကျောင်းအပါအဝင် မူလတန်းကြိုကျောင်း (၉)ကျောင်းအား ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၇၄)ကျောင်းကို နည်းပညာနှင့် ထောက်ပံ့ငွေများပေးလျက်ရှိပါတယ်။အဆိုပါ(၇၄)ကျောင်းမှပြင်ဦးလွင်ခရိုင်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၁၀)ကျောင်း ပါရှိပါတယ်။

၈။ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်းသစ်များထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် ဖွင့်လှစ်နိုင်ရေးလျာထားပြီးဖြစ်ပါတယ်။

၉။ မန္တလေးတိုင်းဒေသကြီး၊ ပြင််ဦးလွင်မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်၏ မေးခွန်းတွင်ပါရှိသော ပြင်ဦးလွင်မြို့နယ်တွင် မူလတန်းကြိုကျောင်း (၁)ကျောင်းအား  ဖွင့်လှစ်ပေးနိုင်ရန်  မြေနေရာရရှိပြီးဖြစ်၍ မူကြိုအဆောက်အဦ ဆောက်လုပ်ပေးရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘတ်ဂျက်သို့တင်ပြတောင်းခံ၍ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါတယ်။ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းစဥ်ပါ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးရန် ပြင်ဦးလွင်မြို့နယ်တွင် မိခင်ဝိုင်း(၅)ဝိုင်းကို အောင်ချမ်းသာကျေးရွာ၊ ဒါးသွေးကျောက်ကျေးရွာ၊ အင်သာကျေးရွာ၊ ညံညင်းသာကျေးရွာ၊ ကျင်ဂနိုင်ကျေးရွာ များတွင်ဆောင်ရွက်နေပြီဖြစ်ကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အမှတ်စဥ်(၂) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအ‌ဝေးတွင် ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်၍ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ပေါက်တော မဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဇံ၏ "ပေါက်တောမြို့နယ်တောင်ပိုင်း ပင်လယ်ကမ်းစပ် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်လျက်ရှိကြသောပြည်သူများ၏ အသက်အန္တရာယ်ကို လတ်တလော ကာကွယ် ပေးနိုင်ရန်အလို့ငှာ လေဘေးဒဏ်ခံအဆောက်အဦ  (Cyclone Shelter)  (၃)လုံး ဆောက်လုပ်ပေးရန် အစီအစဥ် ရှိ/မရှိ" ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။

၃။ ရခိုင်ပြည်နယ်သည် ရေမြေသဘာ၀အနေအထားအရ ပင်လယ်ကမ်းရိုးတန်းတလျောက်တွင် တည်ရှိသည့်အတွက်မုန်တိုင်းအန္တရာယ်ကို နှစ်စဥ်တွေ့ကြုံခံစားရသည့် ဒေသဖြစ်ရာမုန်တိုင်းဒဏ်ခံခိုလှုံရာ အဆောက်အဦများကို လိုအပ်ချက်အပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရနှင့်  ပြည်နယ် အစိုးရတို့  ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 

၄။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများ၌ Cyclone Shelter များကိုဆောက်လုပ်ပေးခဲ့ရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ပေါက်တော မြို့နယ် (သာစည်ကုန်းကျေးရွာ)တွင်  (၁)လုံး နှင့်  ၂၀၁၅-၂၀၁၆  ဘဏ္ဍာရေးနှစ်အတွင်း ပေါက်တောမြို့နယ် (ငပြီတက်ကျေးရွာ)တွင် (၁)လုံးတို့ကို ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခဲ့သည့်အပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပေါက်တောမြို့နယ် (ကံပြင်ကျေးရွာ)တွင် (၁)လုံးကို ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ရာ  ရခိုင်ပြည်နယ်၊  ပေါက်တောမြို့နယ်အတွင်း ယနေ့အချိန်ထိCyclone Shelter စုစုပေါင်း (၃)လုံးဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ 

၅။ ၎င်းအပြင်၂၀၁၈ခုနှစ်အတွင်း ပေါက်တောမြို့နယ် ပုဏ္ဏားကြီး၊ ကံချောင်း၊ အလယ်ကျွန်းကျေးရွာ အုပ်စုတို့တွင် Cyclone  Shelter(၃)လုံးကို  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လည်းကောင်း၊ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာတွင် Cyclone Shelter(၁)လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့်လည်းကောင်း  ဆောက်လုပ်ပေးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ပေါက်တောမြို့နယ် အတွက်(၄)လုံးဆောက်လုပ်ပေးရန်လျာထားချက်တွင်ပါဝင်ပါတယ်။ သို့ဖြစ်ပါ၍ ပေါက်တောမြို့နယ်အတွင်း Cyclone Shelter ဆောက်လုပ်ပြီး(၃)လုံးရှိပြီး ထပ်မံဆောက်လုပ်ရန် စီစဥ်ဆောင်ရွက်လျာထားမှုမှာ(၄)လုံး ဖြစ် ပါတယ်။

၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် ဘေးဖြစ်ပွားနိုင်ခြေရှိသည့် ဒေသများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Cyclone Shelter များဆောက်လုပ်ပေးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအနေဖြင့် ပြည်သူလူထုအတွက် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင် နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်ရေး  ဦးတည်ဆောင်ရွက်လျက်ရှိရာသဘာဝဘေးကို ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်မှုသည် အလွန်အရေးကြီး ပါတယ်။ ဘက်စုံသုံး Cyclone Shelter များကိုတည်ဆောက်ခြင်းဖြင့် အချိန်မီခိုလှုံနိုင်ပါက အသက်ဘေးက ကင်းဝေးအောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်ယခုနှစ်တွင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ငွေကျပ် (၁၅.၉၇၃) ဘီလီယံအကုန်အကျခံပြီး  Cyclone  Shelter (၈၆)လုံးအပြီး တည်ဆောက်ပေး သွားမည်ဖြစ်ပြီး သာမန်အချိန်တွင် ပြည်သူ့အကျိုးပြုဘက်စုံသုံးနေရာအဖြစ်အသုံးပြုနိုင်မည််ဖြစ်သဖြင့် ပြည်သူ များအတွက် တိုက်ရိုက်အကျိုးရှိစေမည့်အပြင် သဘာဝဘေးကိုရင်ဆိုင်တုံ့ပြန်နိုင်ရေးတွင် ပြည်သူများ အမှန်အကျိုးအမြတ်ခံစားရရှိစေမည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။


MOS

DSW

DDM

DOR