လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်

လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်

အဆိုအကြောင်းအရာ

မှတ်ချက်

ဒေါ်အေးမြမြမျိုး

ကျောက်တန်းမဲဆန္ဒနယ်၊

ရန်ကုန်တိုင်း။

အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိမ်ပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားပေးပါရန် နှင့် မူကြိုကျောင်းများတွင် အာဟာရ ကျွေးမွေး နိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့် သွင်းပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက် တွန်းကြောင်းအဆို။

၂၅-၂-၂၀၁၉

ဒုတိယဝန်ကြီး အဆိုတင်ပြီး အတည်ပြုပြီး

 

 

အမှတ်စဉ်(၁)။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ အဆိုနှင့်ပတ်သက်၍ ရှင်းလင်း‌ဖြေကြားချက်

၁။      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။       ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ အသက်သုံးနှစ်မှ ငါးနှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာ၊ ဆရာမများ လေ့ကျင့် သင်ကြားပေးပါရန်နှင့် မူကြိုကျောင်းများတွင် အာဟာရကျွေးမွေးနိုင်ရန်အတွက် သင့်လျော် သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းမှုကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထောက်ခံတင်ပြသွားပါတယ်။ ဒီနေ့မှာဆိုရင်လည်း လွှတ်တော်ကိုယ်စား လှယ်(    )ဦးက ဆွေးနွေးသွားခဲ့တဲ့အတွက် အသက်(၃)နှစ်မှ (၅)နှစ်အရွယ်အတွင်းရှိ ကလေး များရဲ့ မူလတန်းကြိုကျောင်းများမှာ စွမ်းရည်ပြည့်ဝသော ဆရာ/ဆရာမများက မှန်ကန်သော ကလေးပြုစုပျိုးထောင်ရေး နည်းလမ်းများနှင့် ပြုစုပျိုးထောင်သွားဖို့နဲ့ ယခုကဲ့သို့ ပြုစုပျိုးထောင် ပေးခြင်းဟာ ကလေးများအတွက် ရေရှည်ရင်းနှီးမြုပ်နှံမှု တစ်ရပ်ဖြစ်ကြောင်း ထင်ရှားပေါ်လွင် နေပါတယ်။ ဒီ့အတွက်ကြောင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျာ Power Point အသုံးပြုခွင့်ပြုနိုင်ပါရန် တင်ပြအပ် ပါတယ်။

၃။      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနဟာ ရှေးဦးအရွယ် ကလေးငယ်များအဖြစ် သတ်မှတ်ထားသည့် မွေးစမှ အသက်(၈)နှစ်အရွယ် ကလေးများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေကို ၂၀၁၄ခုနှစ်တွင်လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် လည်းကောင်း ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

၄။      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာမဟာဗျူဟာ (၂၀၁၈-၂၀၂၂) မိတ်ဆက်ဖြန့်ချိခြင်းနှင့် အမျိုးသားအဆင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် “မိမိတို့နိုင်ငံ၏ အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ် မှာ လူသားအရင်းအမြစ် ဖြစ်ပါကြောင်း၊ တစ်ကယ့်တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည့် မိမိတို့ လူသားများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးရှိရေးကို ဦးတည်ရန် လိုပါကြောင်း၊ ထိုသို့ ဦးတည် လျှင် ကလေးများ မိခင်၀မ်းထဲတွင်ရှိသည့် အချိန်မှစပြီး မိခင်များကို ပညာပေးခြင်း/ ကျန်းမာ ရေးကို ဂရုစိုက်ပေးခြင်း၊ ကလေးသူငယ်များ၏ ပထမဦးဆုံး ၂၄ လ၊ ၂ နှစ်အရွယ်အထိ ဖွံ့ဖြိုး တိုးတက်မှုမှန်ကန်ရန်၊ အာဟာရပြည့်၀ရန် မည်မျှအရေးကြီးသည်ကို သိအောင် ပညာပေးခြင်း အားဖြင့် လူသားအရင်းအမြစ်များကို စတင်ပြီး စောင့်ရှောက်ထားရမည်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ထား ရမည်” ဟု မှာကြားထားရှိပါတယ်။

၅။      ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ကလေးတိုင်း အတွက် ဖွံ့ဖြိုးမှုမျှော်မှန်းချက် ပြည့်မီရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်တွင် လမ်းညွှန်ချက်(၅)ချက် ပြောကြားခဲ့ရာတွင် နိုင်ငံတိုင်းရဲ့ အနာဂတ်အတွက် ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ပြည့်မီရေး အလေးပေးဆောင်ရွက်ဖို့ အများကြီးလိုအပ် ကြောင်း၊ ကလေးသူငယ်တွေရဲ့ ဘဝအစ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာ တန်ဖိုး ရှိအောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာရောက်ကြောင်း၊ တစ်နည်းအားဖြင့် ဒီလိုဆောင်ရွက်မှုတွေဟာ သုံးဖြုန်းတာမျိုးမဟုတ်ဘဲ အနာဂတ်အတွက် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံခြင်းပဲဖြစ်ကြောင်း၊ အနာဂတ်ကို ဆက်လက်ထုဆစ်ပုံဖော်ကြမယ့် ယနေ့ ကလေး သူငယ်များပြုစုပျိုးထောင်ရေးဟာ အလွန်အရေးကြီးတာမို့ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အောင်အောင် မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် မိဘများ၊ ဆရာ ဆရာမများသာမက သက်ဆိုင်ရာ ဌာနစုံများက ပေါင်းစပ်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

၆။      ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အရ လူ့ဘဝအစရက်(၁၀၀၀)အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်မီ၍ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်()နှစ်အောက် ကလေးသူငယ်များအား တစ်ဦး တစ်လလျှင် ကျပ်- တစ်သောင်း ငါးထောင်နှုန်းဖြင့် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ချင်း၊ ရခိုင်ပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကရင်နှင့် ကယားပြည်နယ်တို့တွင် ထောက်ပံ့လျှက်ရှိပြီး ရှမ်း ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်၏ ချေးငွေနှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေတို့ဖြင့် ပူးပေါင်း ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ လာမည့် ဘဏ္ဍာရေးနှစ်များတွင် အဆင့်ဆင့် ဆက်လက်တိုးချဲ့ အကောင်အထည် ဖော်သွားရန်နှင့် အကျိုးခံစားခွင့်ရှိသူများထံ အလျင်အမြန် ရောက်ရှိစေရေး အီလက်ထရောနစ် ငွေပေးချေမှုစနစ် (Electornic Cash Transfer System) ဖြင့် လွှဲပြောင်းပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

၇။      နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဦးစီးဌာနပိုင် မူလတန်းကြိုကျောင်း (၁၂၄)ကျောင်းတွင် နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေမှ ကလေးတစ်ဦး တစ်နေ့လျှင် သုံးရာ့ငါးဆယ် ကျပ်နှုန်းဖြင့် နေ့လည်စာနှင့် ဖြည့်စွက်စာ အာဟာရများကို ကျွေးမွေးမှု ဇယားရေးဆွဲပြီး ကျွေးမွေးလျက်ရှိရာ လာမည့်ဘဏ္ဍာရေးနှစ်တွင် သင့်တော်သော နှုန်းထားဖြင့် တိုးမြှင့်ကျွေးမွေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တင်ပြပါ ပုံတွေကတော့ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ ကလေးပြုစုရေးဌာနနဲ့ မူလတန်းကြိုကျောင်းများမှာ ကလေးများအား အာဟာရ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများဖြစ်ပါတယ်။

၈။      တစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်းရှိသော မြို့နယ်(၉၆)မြို့နယ်၊  မူလတန်းကြိုကျောင်း မရှိသော မြို့နယ်(၂၃၄)မြို့နယ် ရှိပါသဖြင့် နှစ်စဉ် စီမံကိန်းတွင် (၁)မြို့နယ်လျှင် စံပြမူလတန်း ကြိုကျောင်း (၁)ကျောင်းနှုန်းနှင့် မူလတန်းကြိုကျောင်း (၃၀)ကျောင်းနှုန်း ဖွင့်လှစ်နိုင်ရေး လျာထားသော်လည်း ယခုဘဏ္ဍာရေးနှစ်တွင် (၈)ကျောင်းသာ ဖွင့်လှစ်ခွင့် ရရှိတဲ့အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၈)ခုတွင် တင်ပြပါအတိုင်း ဖွင့်လှစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၉။      ဦးစီးဌာန တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ရပ်ရွာအတွင်းရှိ  ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း (၁၀၂၅)ကျောင်းရှိ တာ၀န်ခံနှင့်စာသင် ဆရာမများ လစာငွေအဖြစ် (၁)ကျောင်းကို (၁)နှစ်လျှင် ကျပ်(၆)သိန်း၊ သင်ထောက်ကူပစ္စည်းဝယ်ယူရန်အတွက်(၁)နှစ်လျှင် ကျပ်(၁)သိန်း၊ စုစုပေါင်းကျပ်(၇)သိန်းဖြင့် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပါတယ်။  လာမည့် ဘဏ္ဍာရေးနှစ် အတွင်း တာဝန်ခံနှင့် စာသင်ဆရာမများ၏ လစာငွေနှင့် ကျောင်းပြင်ဆင်စရိတ်တို့ကို သင့်တော်သောနှုန်းထား သတ်မှတ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ တောင်းခံသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိပါကထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၁၀။    ထို့အပြင်မူကြိုပညာရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် မိခင်ဝိုင်းပေါင်း (၆၁၆) ဝိုင်းကို ဖွင့်လှစ်ပေးခဲ့ပြီး အာဟာရ ထောက်ပံ့ငွေအဖြစ် ကလေးတစ်ဦး တစ်နေ့လျှင် သုံးရာ့ငါးဆယ်ကျပ်နှုန်းနဲ့ မိခင်ဝိုင်းခေါင်းဆောင်တစ်ဦးအား တစ်လလျှင် သုံးသောင်းကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပထမအဆင့်စီမံချက်အရ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် နှစ်စဉ် မိခင်ဝိုင်း(၁၀၀၀) တိုးချဲ့ဖွင့်လှစ်နိုင်ရေး  လျာထား ဆောင်ရွက်လျက်ရှိပါတယ်။

၁၁။    လူမှု၀န်ထမ်းဦးစီးဌာနသည် ၁၉၅၃ ခုနှစ်မှ စတင်၍ နေ့ကလေးထိန်းဌာနများ၊ မူလတန်း ကြိုကျောင်းများကို ဖွင့်လှစ်၍ မူကြိုအရွယ်ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးခဲ့ရာ အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးများအတွက် မူကြိုသင်ရိုးညွှန်းတမ်းများကို ခေတ်ကာလ အလိုက် ပြုစုပြဋ္ဌာန်းခဲ့ရာ တစ်နိုင်ငံလုံးရှိ မူလတန်းကြိုကျောင်းများအားလုံး တစ်ပြေးညီ ဖြစ် စေရန် ၂၀၀၉ ခုနှစ်တွင်  (၃ နှစ်မှ ၅ နှစ်) အရွယ် ကလေးများ ဘက်စုံဖွံ့ဖြိုးရေး ဆရာလမ်းညွှန် နှင့် ၂၀၀၇ခုနှစ်တွင် (၃)နှစ် မပြည့်မီ ကလေးများ ပြုစုပျိုးထောင်ရေး လမ်းညွှန်စာအုပ် ထုတ်ဝေ နိုင်ခဲ့ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနမှ စင်ကာပူနိုင်ငံ Sin- gapore International Foundation (SIF)အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာပံ့ပိုးမှုဖြင့် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိသော ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲသည့် မူကြိုဆရာမများအတွက် အရင်းအမြစ်စာအုပ်ကို  (၂၀၁၅)ခုနှစ်တွင် ဖြန့်ဝေနိုင်ခဲ့ပါတယ်။ မူကြိုလုပ်ငန်း ပံ့ပိုးသူများအတွက် အဆင့်ဆင့် ကြီးကြပ်နိုင်စေရန် အရည်အသွေးပြည့်မီသော အခြေခံအညွှန်းကိန်းလက္ခဏာများ စာအုပ်နှင့် အသက် ၃ နှစ်မှ ၅နှစ် ကလေးများအတွက် မူကြို ကျောင်း၀န်ဆောင်မှု အညွှန်းကိန်းများ စာအုပ်တို့ကို UNICEF နှင့် ပူးပေါင်း၍ ထုတ်ဝေပေးနိုင်ခဲ့ ပြီး အသက် (၆)လမှ (၃)နှစ်ကလေးများအတွက် နေ့ကလေးထိန်းကျောင်း/ ဌာန ၀န်ဆောင်မှု အညွှန်းကိန်းများကိုလည်း ဆက်လက်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

၁၂။     ကလေးများအား ပြုစုပျိုးထောင်ရေး နည်းစနစ်များအနေဖြင့် ကလေးကိုဗဟိုပြုသည့် ကလေး ကိုယ်တိုင်ပါ၀င်စေသော သင်ယူမှုနည်းစနစ်ကို အခြေခံ၍ စိတ်ချလုံခြုံမှုရှိသော ပတ်၀န်းကျင် မှာ စူးစမ်းလေ့လာဖို့ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သင်ယူရာနေရာများ ဖန်တီး ပေးခြင်း၊ ကလေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကစားခြင်းနည်းလမ်း (Learning through play) တေးဂီတ၊ အခြေခံ ပန်းချီ၊ လက်မှုအနုပညာများ ပြုလုပ်ခြင်းတို့ကို သင်ကြား လေ့ကျင့်ပေးလျက်ရှိပါတယ်။

၁၃။    လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် စေတနာ့၀န်ထမ်း အဖွဲ့အစည်းများမှ ဖွင့်လှစ်လျက်ရှိတဲ့ မူလတန်းကြိုကျောင်းများကိုလည်း ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ နည်းပညာများဖြန့်ဝေခြင်း၊ စွမ်းရည်မြှင့်တင်ရေး သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၄။    ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန(ရန်ကုန်မြို့)၌ အသက်(၆)လမှ (၃) နှစ် အရွယ်နှင့် အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးသူငယ်ပြုစု ပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(၁)လသင်တန်း၊ မွမ်းမံ(၅)ရက် သင်တန်းတို့ကို ဌာနပိုင်မူကြိုဆရာမများနှင့် ကိုယ့်အားကိုယ်ကိုး မူကြို ဆရာမများ(၄၀)ဦးဖြင့် နှစ်စဉ်တစ်နှစ်လျှင် ပျမ်းမျှ(၅)ကြိမ်၊  ပြင်ပမှ မူကြိုဆရာမများနှင့် ကလေးပြုစု စောင့်ရှောက်သူ များ(၅၀)ဦးဖြင့်  အခပေးသင်တန်းအဖြစ် တစ်နှစ်လျှင် ပျမ်းမျှ( ၁၈ )ကြိမ် ဖွင့်လှစ်ပေးလျက်ရှိ ပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် လူမှု၀န်ထမ်းရုံးများမှလည်း ဘတ်ဂျက်သင်တန်းများနဲ့ အခပေး သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ သင်တန်းများကို အခြေခံ(၁)လသင်တန်း ဖွင့်လှစ်နေရာမှ (၃)လသင်တန်းအဖြစ် တိုးမြှင့် ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းကိုလည်း ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။

၁၅။    ထို့အပြင်မူကြိုပညာရပ်များ ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာရောက်ရှိ စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မိဘအသိပညာပေးခြင်းအစီအစဉ်များကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါတယ်။

၁၇။    လွှတ်တော်ကိုယ်စားလှယ်၏အဆိုတွင် ကလေးများကို တန်းစီအိပ်ခိုင်း၊ ငြိမ်အောင်သာ ထိန်းကျောင်းသော လွဲမှားသောပြုစုပျိုးထောင်ခြင်းများ ရှိနေပါသည်ဆိုသည့်ကိစ္စနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်းဦးစီးဌာနမှ ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားလေ့ကျင့်ပေး ထားသည့် ဆရာမများကိုယ်တိုင် မှန်ကန်သော ကလေးပြုစုပျိုးထောင်ရေးနည်း စနစ်များနှင့် အညီ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပြီး  တစ်နိုင်ငံလုံးရှိ ကလေးများအတွက် မူလတန်း ကြိုကျောင်းတက်ရောက်မှု  လွှမ်းခြုံနိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကလေးပြုစုပျိုးထောင်ရေး နည်းစနစ်များ ကျယ်ပြန့်စွာ ရောက်ရှိနိုင်ရေးအတွက်လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၁၈။    သို့ဖြစ်ပါ၍  အသက် (၃)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးများ၏ မူကြိုပညာရေးအတွက် လွဲမှား သော ပြုစုပျိုးထောင်ခြင်းများမရှိစေရေး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် အသိပညာပေးခြင်း၊ ဥပဒေနဲ့ နည်းဥပဒေအရ ထိရောက်စွာ ကြီးကြပ်ခြင်းတို့အပြင် ကလေးများ၏ မူကြိုပညာရေး အတွက် စွမ်းရည်ပြည့်၀သော ဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ခြင်းနှင့် မူကြိုကျောင်းများတွင် အာဟာရကျွေးမွေးနိုင်ရန်အတွက် သင့်လျော်သော ဘတ်ဂျက်ထည့်သွင်း ပံ့ပိုးပေးနိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် အရေးကြီးဆုံး၊ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာတန်ဖိုးရှိအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ပေးရာ ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှလည်း ဦးစားပေးလုပ်ငန်းစဉ်များအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အဆိုတင်သွင်းမှု ကို မိမိဝန်ကြီးဌာနမှ ကြိုဆိုထောက်ခံပါကြောင်းနှင့် အဆိုအား အတည်ပြုပေးပါရန် တင်ပြ အပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။ 


MOS

DSW

DDM

DOR