လွှတ်တော်အတွင်းဆောင်ရွက်ချက်များ

စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
အဆိုအကြောင်းအရာ
မှတ်ချက်
၁။ဒေါ်ခင်စောဝေရသေ့တောင်မဲဆန္ဒနယ်၊ရခိုင်ပြည်နယ်။
တစ်နေ့တခြားများပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင် ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထို ဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ် ချမှတ်သည်အထိ တိတိကျကျရေးဆွဲပြဋ္ဌာန်းပေး ရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆို။


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ၏ အဆိုနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင် ဖြစ်ပါတယ်။

၂။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊သတ္တမပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ “တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှု ပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို” နှင့်စပ်လျဥ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ အချက်အလက်များကို ပေါင်းစပ်‌ ဖြေကြားမှာဖြစ်ပါတယ်။ 

ဥပဒေဖြင့် တားမြစ်ခြင်းအနေဖြင့်

၃။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနဟာ ထိခိုက်လွယ်အုပ်စုများဖြစ်တဲ့  ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ရပ်တည်ရန်ခက်ခဲသူများအတွက် ကြိုတင် ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များ ချမှတ်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် စပ်လျဥ်း၍ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် ဥပဒေများ၊ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိ ပါတယ်။ ယင်းသို့ဆောင်ရွက်လျှက်ရှိရာမှာ ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေကို ခေတ်စနစ် နှင့်အညီ ပြင်ဆင်ဖြည့်စွက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း) အဖြစ် ပြင်ဆင်ရေးဆွဲလျက်ရှိသည့်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)ကိုလည်း ရေးဆွဲ လျက်ရှိပါတယ်။ 

၄။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မုဒိမ်းမှုကျူးလွန်သူတရားခံများအား ဖမ်းဆီး၍ သက်ဆိုင်ရာ တရားရုံးများသို့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တရားစွဲဆိုတင်ပို့ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ၂၀၁၆ ခုနှစ်တွင် မုဒိမ်းမှု (၁၁၀၀)မှုဖြစ်ပွားခဲ့ရာ သက်ငယ် မုဒိမ်းမှု(၆၇၁)မှု၊ ၂၀၁၇ခုနှစ်တွင် (၁၄၀၅)မှုဖြစ်ပွားခဲ့ရာ သက်ငယ် မုဒိမ်းမှု (၈၉၇)မှု၊ ၂၀၁၈ ခုနှစ်၊ မတ်လအထိ (၅၃၃)မှု ဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိမ်းမှု (၃၆၀)မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ သက်ငယ်မုဒိမ်းမှု စုစုပေါင်း (၁၉၂၈)မှုဖြစ်ပွား ခဲ့ရာ နေ့အချိန်တွင် (၁၁၁၂)မှု၊ ညအချိန်တွင် (၈၁၆)မှု ဖြစ်ပွားခဲ့ ကြောင်း၊ ကျေးရွာများတွင် (၁၁၁၄)မှု၊ မြို့များတွင် (၈၁၄)မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရပါတယ်။

၅။ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေအရ မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်၂၀နှစ်ဖြစ်စေ၊ ၁၀နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်ဟု ဖော်ပြထားပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၇၅ တွင် မုဒိမ်းမှု၏ ပြစ်မှုအင်္ဂါရပ်များ ပြဋ္ဌာန်းထားပြီး ထိုပြစ်မှုအင်္ဂါရပ် တစ်ခုခုနှင့် ငြိစွန်းကြောင်း ပြစ်မှုထင်ရှားတွေ့ရှိသည့် တရားခံ ကို ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ မုဒိမ်းမှု ကျူးလွန်ရန် အားထုတ် ကြောင်း ပြစ်မှုထင်ရှားတွေ့ရှိသည့်တရားခံကို ပုဒ်မ ၃၇၆/၅၁၁အရ ပုဒ်မ၃၇၆အတွက် ပြဋ္ဌာန်း ထားသော အများဆုံး ကာလအပိုင်းအခြား၏ ထက်ဝက်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ထို့ကြောင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မုဒိမ်းမှုများကိုဖော်ပြပါဥပဒေအရ အများဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။

၆။ ကလေးသူငယ်မိန်းကလေးများအပေါ် ကျူးလွန်သည့် မုဒိမ်းမှုခင်းများကို ထိရောက် ဟန့်တား သည့်ပြစ်ဒဏ်ချမှတ်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ရေးဆွဲလျက်ရှိသည့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စိစစ်၍ ၂၀၁၈ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် စတုတ္ထအကြိမ် (လက်ရှိ အစိုးရ တာဝန်ယူသည့် ကာလအတွင်း) သဘောထားအကြံပြုချက်များ ပြန်ကြားရရှိပြီးဖြစ်ရာ အကြံပြုချက်များအရ ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်၍ သဘောထားအကြံပြုချက်များ ပြန်ကြားရရှိပြီးဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြည်ထောင်စုလွှတ်တော်ရုံးသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ပေးပို့ထားရှိပါတယ်။  ယင်းဥပဒေ(မူကြမ်း)နှင့် စပ်လျဥ်း၍ ၂၀၁၈ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင်‌့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှုအား ဆောင်ရွက် ခဲ့ပါတယ်။ 

၇။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း) အခန်း(၂၇)၊ ပုဒ်မ ၁၀၄ တွင် လည်း ကောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) အခန်း (၁၅)၊ပုဒ်မ ၄၆တွင်လည်းကောင်း မည်သူမဆို ကလေးသူငယ်အမျိုးသမီးကိုဖြစ်စေ၊ မသန်စွမ်းသူ အမျိုးသမီးကိုဖြစ်စေ၊ မုဒိမ်းမှုကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ြခင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်အဖြစ် ဖော်ပြထားပါတယ်။ ထောင်ဒဏ်တစ်သက်ဆိုသည်မှာ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူအား အကျဥ်းထောင်၌ သေဆုံး သည်အထိ ပြစ်ဒဏ် ကျခံစေရန် ချမှတ်သည့်ထောင်ဒဏ်ကို ဆိုလိုပါတယ်။

၈။ ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) အခန်း (၁၅)၊ ပုဒ်မ၄၉(က)တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကျူးလွန်ရာမှ လူသတ်မှုကို ဖြစ်စေ၊ လူသေမှုကို ဖြစ်စေ ကျူးလွန်ကြောင်း၊ သို့မဟုတ် အုပ်စုဖွဲ့၍ မုဒိမ်းမှုကျူးလွန် ကြောင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သေဒဏ်ဖြစ်စေ၊  ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေချမှတ်ရ မည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၄၉(ခ)တွင် အမျိုးသမီးအပေါ် အကြမ်းဖက်မှုကျူးလွန်ရာမှ အပြင်းအထန် နာကျင်မှုကျူး လွန်ခြင်း၊ ကလေးသူငယ်မြင်စေရန်ဖြစ်စေ သို့မဟုတ် မြင်မည်ကို သိလျက်နှင့်ဖြစ်စေ ကလေးသူငယ်၏ ရှေ့တွင်   မုဒိမ်းမှုကို တမင်ကျူးလွန်ခြင်း၊ အကြမ်းဖက်ခံရသူအား ပိုမို အားနည်းစေရန်အတွက်      မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာ တိုက်ကျွေး၍ မုဒိမ်းမှု ကျူးလွန်ခြင်း၊ ဘေးဖြစ်စေတတ်သော လက်နက်ကိုအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ သဘာဝဘေးအန္တရာယ် တစ်ရပ်ရပ်ကြောင့်ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခ ကြောင့်ဖြစ်စေ နေရပ်မှရွှေ့ပြောင်းရသော အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခြင်း၊မုန်းတီးမှုကို အခြေခံ၍ မုဒိမ်းမှုကို ကျူးလွန်ခြင်း၊ မုဒိမ်းမှုကျူးလွန်ခံရခြင်းကြောင့် မသန်စွမ်းဖြစ်သွားခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် မျိုးပွားအင်္ဂါများဆုံးရှုံးခြင်း စသည့် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်တစ်သက် ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း ပြစ်ဒဏ်ရေးဆွဲထားပါတယ်။

ဝန်ဆောင်မှုပေးခြင်းအနေဖြင့်

၉။ မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရမှုနှင့်ပတ်သက်၍ မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ တိုင်းဒေသကြီး၊ပြည်နယ်များနှင့် စာသင်ကျောင်းများတွင် အသိပညာပေးခြင်း၊ သတင်းမီဒီယာအမျိုးမျိုးနှင့် မှုခင်းအသိ ပညာပေး ယာဉ်များဖြင့် အသိပညာပေးခြင်း၊ Billboard စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်‌ခြင်း တို့အပြင် အကြမ်းဖက်ခံရသူများ အား Psychosocial Support၊ Legal Support၊ Financial Support  ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၁၀။ ကြိုတင်ကာကွယ်ရေးအစီအစဥ်များအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ဝန်ဆောင်မှုပေးမည့် ပြည်သူ့ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များသည် ရန်ကုန်၊ မကွေး၊ မော်လမြိုင်၊ မန္တလေး၊ ပန်းတနော်၊ ဖျာပုံ၊ ဘားအံ၊ တောင်ကြီးမြို့ များသို့ သွားရောက်ကာ မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရမှု လျော့နည်းရေးအတွက် ဥပဒေဆိုင်ရာ အသိပညာပေးခြင်းအစီအစဥ် များဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုင်စင်မဲ့အရက်/ မူးယစ်ဆေးဝါးနှင့် ကာမစိတ်ကြွဆေးများအား ဖမ်းဆီးအရေးယူခြင်း၊ တရားခံများအား ဖမ်းဆီးပြီး ထိရောက်သည့် ပြစ်ဒဏ်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် မှုခင်းဖြစ်ပွားမှု အခြေအနေအား အမြဲမပြတ် စိစစ်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

၁၁။ ထို့အပြင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအနေဖြင့်  အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများကို  တစ်နေရာတည်းတွင်  ဖြေရှင်းပေးနိုင်သည့်စင်တာ   (One  Stop  Women   Support Center - OSWSC)ကို  ရန်ကုန်၊ မန္တလေးနှင့် လားရှိုးမြို့တို့တွင် ဖွင့်လှစ်နိုင် ခဲ့ပြီး ယာယီလက်ခံစောင့်ရှောက်ပေးခြင်း၊ ထောက်ပံ့ကြေးပေးအပ်ခြင်း၊ တရားရင်ဆိုင်နိုင်ရန် ချိတ်ဆက်ပေးခြင်း၊    ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း စသည့်အစီအစဥ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၈ခုနှစ်၊ မတ်လအထိ လူမှုဝန်ထမ်း ဦးစီးဌာန၊ Help Line Centre သို့ အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု အမျိုးမျိုးနှင့် ပတ်သက်၍ တင်ပြသည့် တိုင်စာပေါင်း(၃၇၈)ခုကို  လူမှုရေးဆိုင်ရာကျွမ်းကျင် ဝန်ထမ်းများမှ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဦးစီးဌာနသို့ တိုင်ကြားလာတဲ့ မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရမှုများအနက် (၁၄၅)ဦးကို တရား စီရင်ရေးတွင် ပါဝင်နိုင်ရေး ငွေကျပ်(၁)သိန်းစီနှင့်(၁၁၄)ဦးကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကျပ်(၅)သိန်းစီ ထောက်ပံ့နိုင်ခဲ့ပါတယ်။

၁၂။ မိမိတို့လူ့အဖွဲ့အစည်းတွင် မည့်သည့်အကြောင်းပြချက်နှင့်မျှ လက်ခံနိုင်ဖွယ်မရှိသော သက်ငယ်မုဒိမ်းဖြစ်ရပ်များအား လျော့နည်းပပျောက်အောင် ဆောင်ရွက်ရာ၌ သေဒဏ် ကဲ့သို့ သော အသက်ကို ထုတ်နှုတ်စေရုံဖြင့် ယင်းကဲ့သို့ဖြစ်ရပ်များ ပပျောက်သွားမည်ဟု ခိုင်ခိုင် မာမာ‌ပြောဆိုရန် ခက်ခဲမည်ဖြစ်ပါတယ်။ မိမိတို့လူ့အဖွဲ့အစည်းအတွင်း တစ်ဦးနှင့်တစ်ဦး လူ့ကျင့်ဝတ်နှင့်အညီ အပြန်အလှန် ပြုမူဆက်ဆံနိုင်ရေးအတွက် အခြားသော နည်းလမ်းများ ဖြစ်သည့်လူမှုရေးအားဖြင့် ကြိုတင်ထိန်းကွပ်ခြင်းနှင့် ထိုကဲ့သို့သောဖြစ်ရပ်များ ဖြစ်ပွားနိုင်မည့်အခြေအနေများအား ကြိုတင်လျော့ချခြင်းတို့ဖြင့် မျှတစွာ ပေါင်းစပ်ဆောင်ရွက်နိုင်မှသာ ထိုကဲ့သို့သောဖြစ်ရပ်များ လျော့ကျ သွားနိုင်မည်ဖြစ်ပါတယ်။

၁၃။ ဥပဒေများတွင် သေဒဏ်ပြဋ္ဌာန်းခြင်းနှင့်စပ်လျဥ်း၍ ကမ္ဘာတွင် သေဒဏ်ချမှတ်ခွင့်ကို ဖျက်သိမ်း ထားသည့် နိုင်ငံများ၊ သမားရိုးကျ ပြစ်မှုများကို သေဒဏ်ချမှတ်ခွင့် ဖျက်သိမ်းထား သည့်နိုင်ငံများ၊ သေဒဏ်ကိုပြဋ္ဌာန်းထားသော်လည်း လက်တွေ့ကျင့်သုံးခြင်းမရှိသည့် နိုင်ငံများ၊ သေဒဏ်ချမှတ်ခွင့်ကို ဆက်လက်ကျင့်သုံးလျက်ရှိသည့် နိုင်ငံများဟူ၍ အမျိုးအစား(၄)မျိုးရှိရာ မြန်မာနိုင်ငံသည် သေဒဏ်ကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့ကျင့်သုံးခြင်းမရှိသည့် နိုင်ငံဖြစ် ပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၃တွင် Right to Life လူတိုင်းမှာ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်ကို အကြောင်းပြုပြီး သေဒဏ်ကို ပယ်ဖျက်ပေးရန် ကမ္ဘာ့နိုင်ငံများတွင် တောင်းဆိုနေသည့် အခြေအနေများလည်း ရှိပါတယ်။

၁၄။ ဒီ့အတွက်ကြောင့်မြန်မာနိုင်ငံတွင်  လက်ရှိ သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများကို စီရင်ပိုင်ခွင့် ရှိသည့်တရားရုံးက သေဒဏ်အမိန့် ချမှတ်ခြင်းများရှိသော်လည်း သေဒဏ်ချမှတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း မရှိသည့် ယနေ့အခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း သေဒဏ်ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက် ထည့်သွင်းပြဋ္ဌာန်းရန် သင့်၊ မသင့်ကို ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် သက်ငယ်မုဒိမ်းမှုများနှင့်စပ်လျဥ်း၍ သေဒဏ်ပါရှိသောအထူးဥပဒေတစ်ရပ် ပြဋ္ဌာန်း သင့်၊ မသင့်ကို ကျယ်ပြန့်စွာစဥ်းစားသင့်သည်ဟု သဘောရရှိကြောင်းပြန်ကြားထားပါတယ်။

၁၅။ ဒီကနေ့အချိန်မှာ အသက်၁၅နှစ်၊ ၁၆နှစ်အရွယ် ယောင်္ကျားလေး များ၊ မိန်းကလေးတွေဟာ သက်တူရွယ်မျှ လူငယ်သဘာဝ ချစ်ကြိုက်ကြပြီး စိတ်အလိုလိုက် မှားမိကြရာမှာ အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေဖြစ်ကြသည့်အခါ မိန်းမငယ်၏ အသက်(၁၆)နှစ်အောက် ဖြစ်တာကြောင့် မုဒိမ်းမှုအဖြစ် အရေးယူ ရတဲ့ဖြစ်ရပ်များ ရှိတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ငယ်မုဒိမ်းမှုမှန်သမျှ သေဒဏ်ချမှတ်ရမည်ဟု ယတိပြတ် ပြဋ္ဌာန်းပြီး ပြစ်ဒဏ်ပေးမည်ဆိုပါက သင့်မြတ် မှန်ကန်မှု ရှိ/မရှိ စဉ်းစားသင့်ပါတယ်။

၁၆။ ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်၍ အဆို တင်သွင်းမှုက ယခုအချိန်ဟာ တကယ့်အချိန် ကိုက်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တိုက်တွန်းချက် သည် နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်နေမှုများနှင့် ကိုက်ညီမှုရှိပါတယ်။ အထူး ဥပဒေတစ်ရပ်အဖြစ်ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်၊ဥပဒေကြမ်းကော်မတီမှာဆွေးနွေးနေပြီဖြစ်၍ လမ်းကြောင်းပေါ်ရောက်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနှင့် သက်ငယ်မုဒိမ်းမှုအတွက် ပြစ်မှုပြစ်ဒဏ်ပိုင်းကို ထိထိရောက်ရောက် တိတိကျကျ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊  ဘက်ပေါင်းစုံမှ  ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းဆွေးနွေးထည့်သွင်းဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း)သည်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြင်ဆင်ချက် များနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကို ရောက်ရှိပြီဖြစ်ပါ၍ အမြန်ဆုံး အဆင့်ဆင့် တင်ပြသွားမည်ဖြစ်ပါတယ်။ 

၁၇။ ထိုကဲ့သို့ တင်ပြပါဥပဒေကြမ်း(၂)ခုကို အရှိန်အဟုန်မြှင့်အတည်ပြုနိုင်ရေး ဆောင်ရွက်နေ သကဲ့သို့ ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့နှင့်အညီ အသိပညာပေးခြင်း၊ အရေးယူခြင်း အပိုင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းအား ကျွန်တော်တို့ တာဝန်ရှိသူများ အားလုံးက ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားကို ရယူပြီး ဆောင်ရွက်နေကြမည်ဖြစ်ပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အဆိုတင်သွင်းမှုကို မှတ်တမ်းအဖြစ်ထားသင့်ပါကြောင်း တင်ပြရှင်းလင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။



MOS

DSW

DDM

DOR