လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးမောင်မြင့် မင်းကင်းမဲဆန္ဒနယ်၊စစ်ကိုင်းတိုင်းဒေသကြီး။
"ဇူလိုင်လ(၂)ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြ ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ် ပြန်ရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေ ထုတ်ပြန်ချက်ပါအချက်နှင့်ပတ်သက်၍ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်ခွင့်ပြုခဲ့သည်ဆိုသည့် ကျောက်ဖြူ၊ပေါက်တော နှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ  အိမ်ထောင်စု(၅၅)စုကို မြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ အိမ်ထောင် စု(၅၅)စုကို ရန်ကုန်သို့‌ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်းအဆို

၂။ဦးစိုင်းဦးခမ်း သိန္နီမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) 
ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင်  ရင်းနှီးမြုပ်နှံမှု နှင့်   မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဥ်များ ချမှတ်ဆောင်ရွက်ပေးပါရန်  နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆို


အမှတ်စဉ်(၁) ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ အဆိုနှင့် ပတ်သက်၍ရှင်းလင်းဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန််ကြီးဒေါက်တာဝင်းမြတ်အေးဖြစ်ပါတယ်။

၂။ ၂၀၁၈ ခုနှစ်၊ မတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်   ဦးမောင်မြင့် တင်သွင်းသည့် "ဇူလိုင်လ(၂)ရက် နေ့ထုတ် သတင်းစာတွင်ဖော်ပြခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက်ပါအချက်နှင့်ပတ်သက်၍ ရန်ကုန်သို့ ပြောင်းရွေ့နေထိုင်ခွင့်ပြုခဲ့သည်ဆို သည့် ကျောက်ဖြူ၊ ပေါက်တောနှင်‌့ ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည် စခန်း(၃)ခုမှ အိမ်ထောင်စု (၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း " အဆိုနှင့် စပ်လျဥ်း၍ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

၃။ ၂၀၁၆ခုနှစ်၊ မေလ(၃၀)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်းများကို   အောင်မြင်စွာ    အကောင်အထည်ဖော်နိုင်ရန်အတွက် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ရခိုင်ပြည်နယ်အတွင်း ပေးအပ်တဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါတယ်။ 

၄။ IDPစခန်းများပိတ်သိမ်းရေးနှင့် ၎င်းတို့၏ မူလဒေသများတွင် ပြန်လည်နေရာချထားရေး အတွက် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇ခုနှစ်၊ဧပြီလ (၂၀)ရက်စွဲပါစာအမှတ်၊၂၃/၂၀၁၇ဖြင့် ဖွဲ့စည်း၍ မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါတယ်။

၅။ ၂၀၁၂ခုနှစ် ပဋိပက္ခများအပြီးတွင် ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်၊ တန်းရွာ(IDP)စခန်း (၈) ခန်းတွဲ (၁၂)ဆောင်တွင် ကမန်အိမ်ထောင်စု(၅၉)စု၊ လူဦးရေ(၁၈၆)ဦး နေထိုင်ကြပြီး ရန်ကုန်မြို့သို့ ဆေးကုသမှုခံယူရန် သွားရောက် ခြင်း၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဝန်ထမ်းနှင့် မိသားစုဝင်များ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၈)ဦး ပြောင်းရွှေ့ခြင်းများကြောင့် ၂၀၁၇ ခုနှစ်၊ဧပြီလ(၄)ရက်နေ့အထိ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ (၁၂၈)ဦး ကျန်ရှိပါတယ်။ ၂၀၁၇ခုနှစ်၊ ဧပြီလ(၅) ရက်နေ့မှ ဇွန်လ(၇)ရက်နေ့အထိ အိမ်ထောင်စု(၄၁)စု၊ လူဦးရေ(၁၀၃)ဦးမှာ ရန်ကုန်မြို့သို့ လည်းကောင်း၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၁)ဦးမှာ သံတွဲမြို့သို့လည်းကောင်း၊ မိမိသဘောဆန္ဒ အလျောက်ပြောင်းရွှေ့နေထိုင်လိုကြောင်း တင်ပြကြ၍ မိသားစုများ အဆင်ပြေစွာ ပြောင်းရွှေ့နိုင်ရန် အတွက် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့်လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီမှ ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၆။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသော အိမ်ထောင်စုများသည်  ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ပြီးနိုင်ငံသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသော ကမန်တိုင်းရင်းသားများသာဖြစ်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေအရ  နိုင်ငံသားအခွင့်အရေးအရ မြန်မာနိုင်ငံအတွင်း မည့်သည့်အရပ်ဒေသ၌ မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသူများဖြစ်ပါတယ်။  ယခုပြောင်းရွှေ့သွားခြင်းသည်လည်း ၎င်းတို့၏ဆန္ဒအလျောက်သာဖြစ်ပါတယ်။

၇။ ရမ်းဗြဲ IDP စခန်းတွင် ကျန်ရှိသော အိမ်ထောင်စုများအား ပြန်လည် နေရာချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရမ်းဗြဲမြို့အတွင်း အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အိမ်တစ်လုံးလျှင်  ကျပ်သိန်း(၅၀)တန် လုံးချင်းအိမ်(၁၂)လုံး ဆောက်လုပ်ပေးခဲ့ပါသည်။ ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်၊ ယခင် IDP စခန်းတွင် နေထိုင်ခဲ့ပြီး မပြောင်းရွှေ့ဘဲ အဆိုပါ လုံးချင်းအိမ် များတွင် လက်ရှိ ကမန် အိမ်ထောင်စု(၅)စု၊ လူဦးရေ (၁၄)ဦး နေထိုင် လျှက်ရှိပါသည်။ ၄င်းတို့မှာ ရမ်းဗြဲမြို့နယ်အတွင်း လွတ်လပ်စွာသွားလာ နေထိုင် လျှက်ရှိကြပြီး လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိဘဲ ပညာသင်ကြားခွင့်၊ ကျန်းမာ ရေးဆိုင်ရာ ဆေးကုသခံယူခွင့်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအပေါ် ကန့်သတ်ချုပ်ချယ်တားမြစ်ထားခြင်းများမရှိဘဲ အခွင့်အရေးတန်းတူညီမျှစွာ နေထိုင်လျှက်ရှိပါတယ်။

၈။ ရန်ကုန်မြို့နှင့် သံတွဲမြို့သို့ ပြောင်းရွှေ့သွားသော အိမ်ထောင်စုများ ပြောင်းရွှေ့မည့်ဒေသ တွင် အခြေချနေထိုင်ရာတွင် လတ်တလော အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ်(၅)သိန်းနှုန်းအပြင် မိသားစု၀င်တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်း ထောက်ပံ့ခြင်းအပါအဝင်  ပြောင်းရွှေ့ ရာတွင် လိုအပ်သည့် ရမ်းဗြဲ- သံတွဲ၊ ရမ်းဗြဲ-ကျောက်ဖြူ ကားခ၊ ကျောက်ဖြူ-ရန်ကုန်လေယာဉ်ခများ ထောက်ပံ့ခဲ့ရာကုန်ကျငွေစုစုပေါင်းကျပ်(၄၅,၂၇၅,၀၀၀) ထောက်ပံ့ပေးခဲ့ပါတယ်။ 

၉။ ရမ်းဗြဲမြို့နယ်၊ ကယ်ဆယ်ရေးစခန်းရှိ ကမန်တိုင်းရင်းသားများ၏ အရေးကိစ္စကို အလေးထားဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှတာ၀န်ရှိပုဂ္ဂိုလ်များနှင့် နေပြည်တော်၀န်ကြီးဌာန  ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ၂၀၁၇ ခုနှစ်၊ မေလ (၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်သော အဖွဲ့နှင့်ကမန်တိုင်းရင်းသားလူမှုကွန်ရက်ကမန်အမျိုးသားတိုး တက်ရေးပါတီတို့မှ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေး ချက်များအရ ရမ်းဗြဲမြို့နယ်၊ ကယ်ဆယ်ရေးစခန်းရှိ ကမန်တိုင်းရင်းသားများအား ယခုလက်ရှိ ကယ်ဆယ်ရေးစခန်းအနီးတွင် ပြန်လည်နေရာချထားပေးရန် သို့မဟုတ်ပါက မြေယာဆုံးရှုံးမှုအတွက် သင့်တင့်သော နစ်နာကြေးသတ်မှတ်၍ နိုင်ငံတော်က ထောက်ပံ့ပေးရန်ကိစ္စများ ဆွေးနွေးခဲ့ကြပါတယ်။ မြေယာစွန့် သွားသော ကမန်မိသားစုများအား မြေလျော်ကြေးများပေးနိုင်ရန်အတွက် တန်ဖိုး သတ်မှတ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဆုံးရှုံးမှု တန်ဖိုး သတ်မှတ်နိုင်ရေးအတွက် ရမ်းဗြဲမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊  မြို့နယ်ဥပဒေ အရာရှိ၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးနှင့် အခြားမြို့နယ် အဆင့်အရာရှိ များ ပါ၀င်သော တန်ဖိုး စိစစ်တွက်ချက်ရေးအဖွဲ့အား ဖွဲ့စည်း၍ ပဋိပက္ခဖြစ်စဉ်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည့် နေအိမ်တန်ဘိုး၊ မြေတန်ဘိုးများအား သင့်တင့်သော နှုန်းထားများဖြင့် တန်ဖိုးသတ်မှတ် ခဲ့ပါတယ်။ အဆိုပါအဖွဲ့မှ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၄၅)လုံး (ရခိုင်တိုင်းရင်းသားနေအိမ် (၃)လုံးနှင့် ကမန်လူမျိုးနေအိမ် (၄၂)လုံး) အတွက် မြေတန်ဘိုးကျပ်(၁၀)သိန်းစီဖြင့် ကျပ်(၄၅၀)သိန်း၊ အိမ်အမျိုးအစား ပေါ်မူတည်၍  နေအိမ်(၄၅)လုံးအတွက် တန်ဘိုးကျပ်(၃၄၅)သိန်း၊ စုစုပေါင်းကျပ် (၇၉၅)သိန်း ထောက်ပံ့ပေးနိုင်ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့တို့တွင် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ 

၁၀။ ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသော အိမ်ထောင်စု(၄၁)စု၊ လူဦးရေ (၁၀၃)ဦးဖြစ်၍ ရန်ကုန်မြို့၏ လက်ရှိလူဦးရေနှင့် နှိုင်းယှဉ်ပါက လွန်စွာမှ နည်းငယ်သော ပမာဏသာ ဖြစ်ပါတယ်။

၁၁။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အဆိုရှင်အား ထောက်ခံ ဆွေးနွေးချက်များအနက် ကမန်တိုင်းရင်းသား အိမ်ထောင်စုဝင်(၅၅)စုတွင် လူဦးရေ အတိအကျဖော်ပြ ထားခြင်း မရှိဟုဆိုခြင်းအတွက် ၂၀၁၂ခုနှစ် ပဋိပက္ခ များ အပြီးတွင် ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်၊ တန်းရွာ(IDP)စခန်း (၈)ခန်းတွဲ (၁၂)ဆောင်တွင် ကမန်အိမ်ထောင်စု(၅၉)စု၊ လူဦးရေ(၁၈၆)ဦး နေထိုင်ကြပြီး ရန်ကုန်မြို့သို့ ဆေးကုသမှုခံယူရန်နှင့် ဌာနပြောင်းရွှေ့ဝန်ထမ်းမိသားစုဖြစ်သည်‌့ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၅၈)ဦး ၊၂၀၁၇ခုနှစ်၊ ဧပြီလ(၅)ရက်နေ့မှ ဇွန်လ(၇) ရက်နေ့အထိ ရန်ကုန်မြို့သို့ပြောင်းရွှေ့သည်‌့ အိမ်ထောင်စု(၄၁)စု၊ လူဦးရေ(၁၀၃)ဦး၊ သံတွဲမြို့သို့ ပြောင်းရွှေ့သည့် အိမ်ထောင်စု(၃)စု လူဦးရေ(၁၁)ဦး ဖြစ်ပါတယ်။

၁၂။ ဒီ့အတွက်ကြောင့် ၂၀၁၂ခုနှစ်ပဋိပက္ခများအပြီးတွင် ရန်ကုန်မြို့တွင်  ၄င်းတို့၏ ဆွေမျိုးများ ရှိ၍လည်းကောင်း၊ ၄င်းတို့၏သဘောဆန္ဒအလျောက် အမှန်တကယ်ပြောင်းရွှေ့နေထိုင်လိုသည့် အတွက်ကြောင့်လည်းကောင်း၊၁၉၈၂ခုနှစ် နိုင်ငံသားဉပဒေအရ စိစစ်ပြီးနိုင်ငံသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသော ကမန်တိုင်းရင်းသားများသာ ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ အဆိုပါ အချက်အလက်များနှင့် ပြည့်စုံသူများကို စိစစ်၍  အိမ်ထောင်စု(၄၁)စု၊ လူဦးရေ (၁၀၃)ဦးသာ ရန်ကုန်မြို့ သို့ ၄င်းတို့၏ဆန္ဒအရ ပြောင်းရွှေ့ခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် ၄င်းတို့သည် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ (၃၅၅)အရ  နိုင်ငံသားတိုင်းသည်  မြန်မာ နိုင်ငံအတွင်း မည့်သည့်အရပ်ဒေသ၌မဆို ဉပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့် ရှိသည့်အတွက် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။

၁၃။ ထို့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံ စာအပြင် အဆိုပါအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များအနက် ပထမအချက်ဖြစ်သည့် "မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေပေါ်မူတည်ပြီး အကျိုးရှိ မည့်ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမည်" ဆိုသည့်အတိုင်း မိမိနိုင်ငံ အတွက် အကျိုးရှိပြီး လုပ်ဆောင်နိုင်သည့်အကြံပြုချက်များကိုသာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်။ 

၁၄။ ဒါ့အပြင် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်(၈၈)ချက် ရှိသည့်အနက် မိမိတို့ ဆောင်ရွက်နိုင်သည့် အကြံပြုချက်(၅၇)ချက်ကိုသာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် အကြံပြုချက်အားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိကြောင်း တင်ပြလို ပါတယ်။

၁၅။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်နှင့်ပတ်သက်၍ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ကြီး ဆွေးနွေးခဲ့သော အချက်တစ်ချက်ဖြစ်သည့် ကမန်မိသားစုများရဲ့ မူလနေရာဟာ ရန်ကုန်မြို့ ဖြစ်တယ်ဆိုတာကို လွှတ်တော်ရှေ့မှာ အထောက်အထားနဲ့ လာရှင်းနိုင်တယ်ဆိုရင်တော့  ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရက ကမန်တွေကို မူလနေရာပို့ဖို့ လုပ်ဆောင်တယ်ဆိုပြီး ကျွန်တော်တို့ လက်ခံနိုင်ကြောင်းဆွေးနွေးခြင်းနှင့်ပတ်သက်၍ အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်၊ ကမန် မိသားစုများအနေနဲ့ ၎င်းတို့မူရင်းဒေသဟာ ရန်ကုန်မဟုတ်သော်လည်း သူ့တို့ရဲ့ IDP စခန်းထဲမှာနေရတဲ့ တွေ့ကြုံရတဲ့ ဒုက္ခ အဝဝဖြင့် မနေနိုင်တော့တဲ့အတွက် ၎င်းတို့ အလုပ်အကိုင်များရှိတဲ့ ဆွေမျိုးများ ရှိရာ ရန်ကုန်မြို့ကို ပြောင်းရွှေ့လိုခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကမန်တိုင်းရင်းသားများရဲ့ လိုလားတောင့်တမှုကို ကူညီဖြည့်ဆည်းပေးခြင်းသာဖြစ်ကြောင်း၊  ကိုဖီအာနန် ကော်မရှင်ရဲ့အကြံပြု ချက်မှာပါတဲ့ အပိုဒ်(၂၅)တွင် ဖော်ပြထားသည်မှာ “ IDPများအား ၎င်းတို့မူလနေထိုင်သည့်နေရာ သို့မဟုတ် အခြားနေရာသစ်သို့ ပြန်လည်ရွှေ့ပြောင်းပေးရာတွင် ၎င်းတို့၏ သဘောဆန္ဒ အရသာ ဆောင်ရွက်ပေးရမည်၊ လုံခြုံမှုရှိရမည်၊ ထို့ပြင် ဂုဏ်သိက္ခာနှင့်အညီ ပြောင်းရွှေ့နိုင်ရမည်၊ ထို့ပြင် IDPများအား ၎င်းတို့၏မူလနေထိုင်ရာဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန် ဦးစားပေးဆောင်ရွက်ပေး ရမည်၊ ထိုသို့မလုပ်ဆောင်နိုင်ပါက IDPများ ပြောင်းရွှေ့လိုသည့် နေရာသစ်သို့ပြောင်းရွှေ့ပေးရန် ဆောင်ရွက်ပေးရမည်”ဟုပါရှိပါတယ်၊ ဒါကြောင့် ကမန်တိုင်းရင်းသားများ ရန်ကုန်သို့ ပြောင်းရွှေ့ခြင်း သည် ကော်မရှင်အကြံပြုတာတစ်ခြား၊ အစိုးရလုပ်တာတစ်ခြား မဟုတ်ပါကြောင်းနှင့် ကိုဖီအာနန် ကော်မရှင်၏အကြံပြုချက်အတိုင်းဖြစ်သကဲ့သို့ ကမန်တိုင်းရင်းသားတွေ တွေ့ကြုံနေရသော ဒုက္ခများကို ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးခြင်း၊  ရိုးသားစွာဆောင်ရွက်ခြင်း၊ စနစ်ကျစွာဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။ ကိုဖီအာနန်ကော်မရှင်၏အကြံပြုချက်များတွင် IDP စခန်းများ ပိတ်သိမ်းရေးသည်လည်း အဓိကအချက်အနေနဲ့ပါဝင်ပြီး  IDPစခန်းများပိတ်သိမ်း ရန်ကိစ္စကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါတယ်၊ ထိုသို့ ဆောင်ရွက်မည်ကိုလည်း ပြည်သူများသို့ ပွင့်လင်းမြင်သာစွာချပြ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊    ကျွန်တော်တို့ဆောင်ရွက်နေမှုသည် ကော်မရှင်ကို ခုတုံးလုပ် ပြည်သူ တွေကို မျက်လှည့်ပြတဲ့လုပ်ရပ်မဟုတ်ကြောင်း ရှင်းလင်းပြောကြား လိုပါတယ်။

၁၆။ ထို့အပြင်အဆိုရှင်အားထောက်ခံဆေွးနွေးချက်များအနက် သူများခိုင်းတိုင်း လုပ်ရတဲ့ ရွှေရည်စိမ်ဒီမိုကရေစီ သဘောမျိုးမဟုတ်ကြောင်းနှင့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာနှင့် အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအားလုံးကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့ဆောင်ရွက်နိုင်သည့်အကြံပြုချက်များကိုသာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့်  ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်း များတွင် နေထိုင်သူများကို ပြန်လည်နေရာချထားနိုင်ရေးအတွက် ဒေသတွင်း ပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ IDPစခန်းများ ပိတ်သိမ်းရေးနှင့် ၎င်းတို့၏ မူလဒေသများတွင် ပြန်လည်နေရာချ ထားရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့အား စနစ်တကျ ဖွဲ့စည်း၍ စီမံချက်ရေးဆွဲပြီး အစိုးရအဖွဲ့အတွင်း    ညှိနှိုင်းအကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ ၂၀၁၇ခုနှစ်၊ မတ်လ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ ရမ်းဗြဲ၊ ကျောက်ဖြူ IDPစခန်းများသို့ သွားရောက်၍ ဒေသတွင်း ပြန်လည်နေရာချထားရေးကိစ္စ၌ ဒေသခံပြည်သူများ၏ သဘောထား အမြင်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ၍ အစည်းအဝေးတွင် ဒေသတွင်းပြန်လည် နေရာချထားရေးကိစ္စ၌ ဒေသခံပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍  ဆွေးနွေးကြပြီး လက်တွေ့ အကောင်အထည်ဖေါ်ရန် နည်းလမ်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ 

၁၇။ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေးတို့သည် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည် နေရာချထားရေးတို့အတွက် အဓိကအထောက်အကူပြုမည် ဖြစ်သဖြင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး(၅)နှစ်စီမံချက်မူကြမ်း ပြုစုထားရှိမှုအပေါ် သဘောထားအမြင်များဆွေးနွေးခြင်း၊ လက်တွေ့အကောင်အထည်ဖေါ်မှုအတွက် လိုအပ်ချက်နှင့် ပံ့ပိုးမှုများအတွက် အသေးစိတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 

၁၈။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ရခိုင်ပြည်နယ်တွင် အောက်ခြေ ရပ်ကျေးအထိဆင်း၍ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော အဖွဲ့အစည်းများ လူငယ်မူဝါဒရေးဆွဲရေးတွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက်လျက်ရှိသော CSOs များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသော CBOs, CSOs များဖိတ်ကြား၍ Diversity Management in the Age of Globalization Forum ကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲ တက်ရောက်လာကြသော သက်လူမျိုး၊ သက္ကမ(ဒိုင်းနက်)လူမျိုး၊ မြိုလူမျိုး၊ ခမီလူမျိုး၊မရမာကြီးလူမျိုး၊ ဟိန္ဒူဘာသာဝင်ကိုယ်စားလှယ်၊ ကမန်ကိုယ်စားလှယ်၊ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်နှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တို့က လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ   ကော်မတီဝင်များက  တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

၁၉။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ ကမန်တိုင်းရင်းသားများ ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် အထက်တင်ပြပါအတိုင်း စေ့စပ်ညှိနှိုင်းမှုများ၊ တွေ့ဆုံ ရှင်းလင်းမှုများ၊ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ်ဦးမောင်မြင့်၏ရန်ကုန်သို့ပြောင်းရွေ့နေထိုင်ခွင့်ပြုခဲ့သည်ဆို သည့် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း(၃)ခုမှ  အိမ်ထောင်စု (၅၅)စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း " အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသော ကမန်အိမ်ထောင်စုဝင် များအနေဖြင့်  ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ (၃၅၅)အရ  နိုင်ငံသားတိုင်းသည်  မြန်မာနိုင်ငံအတွင်း မည့်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိပါကြောင်းနှင့် ဖွဲ့စည်းပုံအခေခြခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအရ ဥပဒေနှင့်အညီ ၄င်းတို့၏ ဆန္ဒ အလျောက် အခြေစိုက်နေထိုင်ခြင်းသာ ဖြစ်သည့်အတွက် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိသင့် ပါကြောင်း တင်ပြအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအ‌ဝေးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဦးခမ်း၏ အဆိုနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားချက်

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ သိန္နီမဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း၏ " ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင်  ရင်းနှီးမြုပ်နှံမှုနှင့်   မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာအစီအစဥ်များ  ချမှတ်ဆောင်ရွက်ပေးပါရန်  နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆို"  နှင့်စပ်လျဥ်း၍  နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုတ်မြစ်သည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဖြစ် သည့်အားလျော်စွာ ရှေးဦးကလေးသူငယ်ဘဝအရွယ်တွင်     ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက်   ပြုစု ပျိုးထောင်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ပံ့ပိုးပေးခြင်းပင်ဖြစ်ပါသည်။  နိုင်ငံ၏စီးပွားရေး၊  လူမှုရေးအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်သော ရင်းနှီးမြှုပ်နှံမှုတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။လက်ရှိဖွံ့ဖြိုးပြီးနိုင်ငံများ၏  လျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကလေး ဖွံ့ဖြိုး‌ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက်  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ  အခြေခံအုတ်မြစ်ဖြစ်သည့် ကလေး ဖွံ့ဖြိုးမှုလုပ်ငန်းများကိုနိုင်ငံနှင့်အဝှမ်းအကြားအလပ်မရှိ ဆောင်ရွက်ကြရန် အထူးလိုအပ်လျက်ရှိ ပါသည်။

၂။ ထို့ကြောင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည်    နိုင်ငံ၏ကလေးသူငယ်တိုင်း  အချိုးညီစွာ   ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဌာနအခြေပြု၊  ရပ်ရွာအခြေပြုလုပ်ငန်းများတွင်  အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထူထောင်ထားသော  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား နှစ်စဥ်ငွေကြေးနှင့် နည်းပညာအကူအညီပေးခြင်း၊ အသိပညာဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

၃။ လူမှု၀န်ထမ်းဦးစီးဌာနသည်  ၁၉၇၃ ခုနှစ်မှစ၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသောရပ်ရွာ ပြည်သူလူထုမှ ဦးစီး၍ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့်ဖွင့်လှစ်သည့် ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း(၉၇၅)ကျောင်းရှိ တာ၀န်ခံနှင့် စာသင်ဆရာမတို့အား  လစဥ်ကျပ် ၉,၀၀၀ိ/-နှုန်းဖြင့်   တစ်နှစ်လျှင်ကျပ်၁၀၈,၀၀၀ိ/- ထောက်ပံ့ပေးလျက်ရှိရာမှ ၂၀၁၃-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ လစဥ်ကျပ် ၅၀,၀၀၀ိ/-နှုန်းဖြင့် တစ်နှစ်လျှင်ကျပ် ၆၀၀,၀၀၀ိ/- အထိတိုးမြှင့်ထောက်ပံ့ပေးခဲ့ရာ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင်   ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း  (၁၀၂၅)ကျောင်းအား နိုင်ငံတော်အနေဖြင့်  ထောက်ပံ့ငွေကျပ်(၆၁၅)သန်း  ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။   နည်းပညာ နှင့်   သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းအဖြစ် ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်း (၃၀၀)အတွက်  ထောက်ပံ့ငွေကျပ်သန်း ၃၀ အား နိုင်ငံတော်မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

၄။ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနသည် ဌာနတွင်း မူလတန်းကြိုကျောင်းများတွင်  တာဝန် ထမ်းဆောင်လျက်ရှိသော ဆရာမများအား လုပ်ငန်းခွင်ဝင်ရောက်ပြီး(၆)လအတွင်း  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း(၁) လကို မပျက်မကွက်တက် ရောက်စေပြီးမွမ်းမံသင်တန်းများကို တက်ရောက်စေပါသည်။ ရပ်ရွာအတွင်းဖွင့်လှစ်လျက်ရှိသော လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများရှိဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း၊ မွမ်းမံသင်တန်း များကို နှစ်စဥ် (၁)ကြိမ်စီဖွင့်လှစ်၍ စွမ်းဆောင်ရည်မြှင့်တင်ပေးလျက်ရှိပါသည်။ ရပ်ရွာအတွင်းရှိ မိဘများအားလည်း အသိပညာပေးခြင်း လုပ်ငန်းများကို  (၁)နှစ်လျင်(၃)ကြိမ်  ပြုလုပ်ပေး၍ အသိပညာ  ဖြန့်ဝေပေးလျက်ရှိပါသည်။

၅။ လူမှုဝန်ထမ်းဦးစီးဌာနသည်  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာဥပဒေကို (၆.၂.၂၀၁၄) ရက်နေ့တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၁၀.၉.၂၀၁၅ နေ့တွင် နည်းဥပဒေကို ဆက်လက်ရေးဆွဲ ပြဋ္ဌာန်းခဲ့ပါသည်။   မြန်မာနိုင်ငံ  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ  မူဝါဒတစ်ရပ်ကိုလည်း  လူမှုဝန်ထမ်းဦးစီးဌာနက   ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ  UNICEF ၏  ပံ့ပိုး ကူညီမှုဖြင့် ရေးဆွဲအတည်ပြုခဲ့ပါသည်။ (၈.၇.၂၀၁၄) ရက်နေ့တွင် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော    ဝန်ကြီးဌာနများ၊   ပြည်တွင်း၊   ပြည်ပအစိုးရမဟုတ်သော  အဖွဲ့အစည်းများအသီးသီးသို့ မိတ်ဆက်ဖြန့်ဝေခဲ့ပါသည်။  အဆိုပါမူဝါဒတွင်  အောက်ပါမဟာဗျူဟာ (၁၀)ရပ်ကိုရေးဆွဲထားပြီး မဟာဗျူဟာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးကောင်စီကို (၂၂.၅.၂၀၁၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်-

(က) ကိုယ်ဝန်မဆောင်မီ၊  ကိုယ်ဝန်ဆောင်စဥ်နှင့်   ကလေးမွေးဖွားပြီးစအချိန်များ အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊

( ခ ) မွေးစမှ သုံးနှစ်အရွယ် ကလေးများအတွက် ဝန်ဆောင်မှုများ၊

( ဂ ) မွေးစမှ ငါးနှစ်အရွယ် ကလေးများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုး ထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာစစ်ဆေးပံ့ပိုးသည့်ဝန်ဆောင်မှုများ၊

(ဃ) သုံးနှစ်မှ လေးနှစ်အရွယ် ကလေးများအတွက် မူကြိုပညာရေး၊ 

( င ) ငါးနှစ်မှ ရှစ်နှစ်အရွယ်ကလေးများအတွက်အကူးအပြောင်း၊ သူငယ်တန်းနှင့်မူလတန်း အောက်ဆင့်ပညာရေးလုပ်ငန်းများ၊

( စ ) အထူးလိုအပ်ချက်ရှိသော ကလေးများ၏အခွင့်‌ရေးများကို အပြည့်အဝဖြည့်ဆည်း ပေးခြင်း၊ မိသားစုဘဝကို    ထိန်းသိမ်းစောင့်ရှောက်ခြင်း၊   မိသားစုနှင့်အတူ   နေထိုင် နိုင်စေရန်စီစဥ်ဖန်တီးခြင်း၊

(ဆ) အတတ်ပညာရှင်များ၊  ကျွမ်းကျင်သူများနှင့်  စေတနာရှင်လုပ်အားပေး  သို့မဟုတ် ဝန်ထမ်း၏ အရည်အသွေးစွမ်းရည်ကို မြှင့်တင်ပေးရန်  လုပ်ငန်းခွင်သင်တန်းစနစ် တည်ထောင်ခြင်း၊

( ဇ ) အရည်အသွေးထိန်းသိမ်းခြင်းနှင့် တာဝန်ခံခြင်းအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်   ဖွံ့ဖြိုးရေးဆိုင်ရာ  သတင်းအချက်အလက်  စီမံခန့်ခွဲရေးစနစ် ထူထောင်ခြင်း၊

( စျ ) မူဝါဒကိုကျယ်ကျယ်ပြန့်ပြန့် သိရှိထောက်ခံမှုရရှိစေရန်  ပြန်ကြားဆက်သွယ်ပညာ ပေးခြင်း၊

( ည) ကဏ္ဍပေါင်းစုံပါဝင်သော  ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုး ရေး စနစ်ကိုဖွဲ့စည်းတည်ထောင်ခြင်းတို့ဖြစ်ပါသည်။

၆။ မဟာဗျူဟာ  လုပ်ငန်းစဥ်(၃)ဖြစ်သော မွေးစမှ ငါးနှစ်အရွယ်ကလေးများအတွက်  ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ စစ်ဆေးပံ့ပိုးသည့်ဝန်ဆောင်မှုများကို အကောင်အထည်ဖော်သည့်အနေဖြင့်  မသန်စွမ်းကလေးများအပါအဝင် အထူးလိုအပ်လျက်ရှိသော ကလေးများအားလုံး၏ဖွံ့ဖြိုးတိုးတက်မှုကို စောစီးစွာသိရှိဖြည့်ဆည်းပေးနိုင်မည့်  ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုစနစ်  (Early Childhood Intervention ECI)  တစ်ရပ်အား  ဖော်ဆောင်လျက်ရှိ ပါသည်။ ယင်းသို့ဖော်ဆောင်နိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၇-၂၀၂၁)ကိုရေးဆွဲပြီး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၇။ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၅ ခုနှစ်နှင့်၂၀၁၆ ခုနှစ်အတွင်းတိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက် လျက်ရှိသည့် ဆက်စပ်ဝန်ကြီးဌာနများသို့ တိုင်းဒေသကြီး/ပြည်နယ်အဆင့် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိိုးမှုဆိုင်ရာမူဝါဒရှင်းလင်းခြင်းနှင့်ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့်  ပြန်လည်ထူထောင်ရေးဆိုင်ရာ  အမျိုးသားအဆင့် မဟာ ဗျူဟာပါ ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

၈။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီး ဌာန၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍(၉)နှစ်စီမံကိန်းဖြင့် တစ်မြို့နယ်လျှင်စံပြမူလတန်းကြို ကျောင်း(၁)ကျောင်းဖွင့်လှစ် ဆောင်ရွက်သွားရန်နှင့် မူလတန်းကြိုကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် နှစ်စဥ်အမျိုးသားစီမံကိန်းတွင် တစ်နှစ်လျှင်(၁၀)ကျောင်းနှုန်းတိုးချဲ့နိုင်ရေး ထည့်သွင်းရေးဆွဲ လျက်ရှိရာ ၂၀၁၀-၂၀၁၁ ခုနှစ် စာရင်းနှင့်နှိုင်းယှဥ်ပါက မူလတန်းကြိုကျောင်းပေါင်း (၃၀)ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်းတွေ့ရှိရပါသည်။ ထို့အပြင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော INGOs အဖွဲ့အစည်းတစ်ခုဖြစ်သည့်   Good   Neighbour   International  (GNI)   အဖွဲ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် ဌာနပိုင်မူလတန်းကြိုကျောင်းအဆောက်အဦးသစ်များ ဆောက်လုပ်ပေးခြင်း၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းအချို့အားပြင်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၉။ ရပ်ရွာအ‌ခြေပြုကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လျက် ရှိရာတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ  အသိပညာပေးဆွေးနွေးပွဲများ  ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ   ဒေသတွင်း နှီးနှောဖလှယ်ပွဲများအား UNICEF၊ INGO၊ NGO များနှင့်ပူးပေါင်း၍  ကျင်းပဆောင်ရွက်ခဲ့ရာ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေပေးခဲ့ပါသည်။

၁၀။ ပညာရေး၀န်ကြီးဌာနအနေဖြင့်လည်း  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ  ပညာရေးဖွဲ့စည်းပုံစနစ်သစ်  (KG +12)ကို ၂၀၁၆-၂၀၁၇   ပညာသင်နှစ်မှစတင်၍    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။   ထိုသို့ ဆောင်ရွက်ရာတွင်  KG တန်း(သူငယ်တန်း)အတွက်  သင်ရိုးအသစ်ကို  ကြိုတင်ရေးဆွဲ၍လည်းကောင်း၊ ကျောင်းဆောင်များနှင့်KG Kits များကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်များတွင် ဦးစားပေးကဏ္ဍအနေဖြင့် နှစ်စဉ်ထည့်သွင်းရေးဆွဲ၍လည်းကောင်း ဆောင်ရွက်ပေးခြင်းဖြင့် ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံ မှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၁။ ပညာရေးဖွဲ့စည်းပုံစနစ်သစ် (KG+12)ကို  ဖော်ဆောင်ခြင်းကြောင့်  အသက်(၅)နှစ်ပြည့်ပြီး သော ကလေးသူငယ်များသည်  KG  တန်း (သူငယ်တန်း)ကို  စတင်သင်ကြားရမည် ဖြစ်ပါသည်။  အမျိုးသား ပညာရေးဥပဒေ(၂၀၁၄ ခုနှစ်)၏ ပုဒ်မ-၂၊ပုဒ်မခွဲ(ဎ)တွင်  “ရှေးဦးအရွယ်ကလေးသူငယ်  ပညာရေးဆိုသည်မှာ မွေးစမှ  အသက်ရှစ်နှစ်ပြည့်သည်အရွယ်အထိ   ကလေးသူငယ်များ  ဘက်စုံဖွံ့ဖြိုး မှုရရှိစေရန်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီသော နည်းလမ်းများကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးသော ပညာရေး ကိုဆိုသည်” ဟုလည်းကောင်း၊ ပုဒ်မ-၂၊ ပုဒ်မခွဲ(ဏ)တွင် “မူကြိုပညာရေးဆိုသည်မှာ အသက် သုံးနှစ်မှ ငါးနှစ်အရွယ်ကလေးများ၏  ကာယ၊ ဉာဏ၊ စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံပညာ ဆက်လက်သင်ယူနိုင်ရေးတို့အတွက် ပြုစုပျိုးထောင်ပေးသော ပညာရေးကိုဆိုလိုသည်” ဟုလည်းကောင်း  ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသည်။

၁၂။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေများနှင့်အညီ  အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)ကို ရေးဆွဲပြီး  စီမံကိန်းပါ လုပ်ငန်းများကို ကဏ္ဍအလိုက်၊ နှစ်အလိုက် ဆက်လက်အကောင်အထည်ဖော်  ဆောင်ရွက်သွားမည်ဖြစ်ပြီး  မူကြိုနှင့်သူငယ်တန်း ပညာရေးဆိုင်ရာ မဟာဗျူဟာမြောက် အပြောင်းအလဲပေါက်မြောက်အောင်မြင်စေရန် အပြန်အလှန် ဆက်စပ်ဖြည့်ဆည်းပေးသည့်မဟာဗျူဟာ (၄)ရပ်ကို အောက်ပါအတိုင်း ချမှတ်ရေးဆွဲထားပြီး ဖြစ် ပါသည်-

(က) မူကြိုဝန်ဆောင်မှုဆိုင်ရာ  အုပ်ချုပ်ရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကို ပိုမိုအားကောင်း အောင်ဆောင်ရွက်ခြင်း။ (မူကြိုပညာရေးဆိုင်ရာ အုပ်ချုပ်ရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေး အစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်)

( ခ ) ကျေးလက်ဒေသများနှင့်ဝေးလံခေါင်ဖျားဒေသများရှိ ကလေးများအတွက် မူကြို ဝန်ဆောင်မှုများ  ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်း။  ( မူကြိုပညာရေး  သင်ယူခွင့်ရရှိရေး အစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်)

( ဂ ) မူလတန်းကျောင်းသို့ဝင်ရောက်မည့်ကလေးများကို ပိုမိုကောင်းမွန်စွာ  ပြင်ဆင်ပေးရန် မူကြိုကျောင်းများ၏အရည်အသွေးကိုမြှင့်တင်ပေးခြင်း။ (မူကြိုကျောင်းများ အရည် အသွေးတိုးတက်ရေး အစီအစဉ်များဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည်)

(ဃ) အရည်အသွေးရှိ သူငယ်တန်းပညာရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (အရည်အသွေးရှိသူငယ်တန်းများ ဖွင့်လှစ်ရေးအစီအစဉ်များဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်)

၁၃။ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင်  ရင်းနှင်းမြှုပ်နှံမှုနှင့် မူကြိုပညာရေးဆိုင်ရာ  မဟာဗျူဟာ အစီအစဉ်များကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ကဏ္ဍတစ်ရပ်အနေဖြင့်  မဟာဗျူဟာ များ၊ အစီအစဉ်များရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

၁၄။ ထို့ကြောင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးသူငယ်ဆိုင်ရာဗဟိုချက်ဌာနဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ရှေးဦး အရွယ်ကလေးသူငယ်များအားလုံး၏ အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးရာ၌ ကလေး(၁)ဦးချင်းစီ၏ မိသားစု၊ ကျောင်း၊ ရပ်ရွာ အသိုင်းအ၀န်းအားလုံးကို ဘက်စုံထောင့်စုံမှနေ၍ ကလေး၏ လိုအပ်ချက်များနှင့်အညီ  ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါသဖြင့်  ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင် ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများရေးဆွဲ၍ မဟာဗျူဟာလုပ်ငန်းအစီအစဥ်များ ချမှတ်လျက်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ပေးရာတွင် ဆက်စပ် ဝန်ကြီးဌာနများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများပြည်တွင်း ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊  ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ရပ်ရွာပြည်သူလူထုနှင့်အတူ ပူးပေါင်းချိတ်ဆက်၍ ကလေးသူငယ်များ အားလုံး၏ အကျိုးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း  ရှင်းလင်းဖြေကြားအပ်ပါသည်။



MOS

DSW

DDM

DOR