လွှတ်တော်အတွင်းဆောင်ရွက်ချက်များ


စဉ်
လွှတ်တော်ကိုယ်စားလှယ် အမည်/မဲဆန္ဒနယ်
မေးခွန်းအကြောင်းအရာ
မှတ်ချက်
၁။ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်၊  
ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာ ကြသူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၎င်းတို့ဘဝလုံခြုံရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ပါဝင်ကူညီဖြေရှင်း ပေးခဲ့ပါသနည်းနှင့် မည်သည့်အတိုင်းအတာ၊ မည်သည့် အချိန်ကာလအထိ ကူညီဆောင်ရွက် ပေးနိုင်မည်ကို  သိရှိလိုခြင်း

၂။ဒေါ်ဇင်မာအောင်၊ ရန်ကင်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၃၃၀)လုံးတွင် ရုံးခွဲများ ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးရန် အစီအစဥ် ရှိ/မရှိနှင့် လက်ရှိ မြို့နယ်ပေါင်း မည်မျှတွင် မြို့နယ်ရုံးခွဲများဖွင်‌့လှစ်၍ မည်ကဲ့ သို့သော ဝန်ဆောင်မှုများပေးနေသည်ကို သိရှိ လိုခြင်း


အမှတ်စဉ်(၁) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအ‌ဝေးတွင် ရှမ်းပြည်နယ်၊ မောက်မယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ရှမ်းပြည်နယ်၊ မောက်မယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာ ကြသူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၎င်းတို့ဘဝလုံခြုံရေးအတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ပါဝင်ကူညီဖြေရှင်းပေးခဲ့ပါသနည်းနှင့် မည်သည့်အတိုင်း အတာ၊ မည်သည့်အချိန်ကာလအထိ ကူညီဆောင်ရွက်ပေးနိုင်မည်ကို  သိရှိလိုခြင်းနှင့် စပ်လျဥ်းသည့် မေးခွန်း အား ‌ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ရှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်ပြည်သူများအတွက် လိုအပ် သည့်ထောက်ပံ့မှုများကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဒေသအာဏာပိုင်အဖွဲ့အစည်း များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းထောက်ပံံ့လျက်ရှိပါတယ်။ (၁၂.၅.၂၀၁၇)ရက်နေ့တွင် တပ်သားသစ် စုဆောင်းမည်ကိုစိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်လာကြသော လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာ အုပ်စု၊ မိုက်ရှားစေးကျေးရွာမှ အိမ်ထောင်စု (၂၅)စုနှင့် ပုံးစုတ်ကျေးရွာမှ အိမ်ထောင်စု(၂၀)စု၊ စုစုပေါင်းအိမ်ထောင်စု(၄၅)စု၊လူဦးရေ(၂၀၉)ဦး တို့သည် မောက်မယ်မြို့နယ်၊ဘန်းမတ်ကျေးရွာအုပ်စု၊နားဟီးကျေးရွာသို့   ထွက်ပြေးတိမ်းရှောင်ခိုလုံလျှက်ရှိပါတယ်။ ၎င်းတို့၏ စားဝတ်နေရေးအတွက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၅)သိန်း၊ ထွက်ပြေး တိမ်းရှောင်လာသည့် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၉၃)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊  ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  (၁၇-၅၂၀၁၇)ရက်နေ့တွင်  တန်ဖိုးငွေ(၉၉၂,၉၇၀ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာ(၇)ရက်စာ  ထောက်ပံ့ငွေ (၄၀၅,၃၀၀ိ/-)၊  အိမ်ထောင်စု(၁)စုလျင် ဆီ (၅၀ိ/-)သားနှုန်းဖြင့် ထောက်ပံ့ငွေ (၉၀,၀၀၀ိ/-)၊စုစုပေါင်း ထောက်ပံ့ငွေ(၁,၄၈၈,၂၇၀ိ/-)ကိုလည်းကောင်း၊ (၃၀.၅.၂၀၁၇)ရက်နေ့တွင် ဆန်ရိက္ခာ (၁၄)ရက်စာ ထောက်ပံ့ငွေ(၈၇၇,၈၀၀ိ/-)၊ အိမ်ထောင်စု(၁)စုလျင် ဆီ(၁ ပိဿာ/-) နှုန်းဖြင့် ထောက်ပံ့ငွေ(၁၈၀,၀၀၀ိ/-)နှင့်  အိမ်ထောင်စု(၁)စုလျင် ငါးသေတ္တာ(၃)ဘူး နှုန်းဖြင့် ထောက်ပံ့ငွေ(၉၀,၄၅၀ိ/-)၊စုစုပေါင်း ထောက်ပံ့ငွေ(၁,၁၄၈,၂၅၀ိ/)ကိုလည်း ကောင်း၊ ယာယီမိုးကာတဲပြုလုပ်ရန် အတွက် တာပေါ်လင်မိုးကာလိပ် (၁)လိပ်လျင် ၆ပေx၃၀၀ပေ အရွယ်အစားရှိ (၁၂)လိပ်ကိုလည်းကောင်း ထောက်ပံ့ခဲ့ပြီး အလှူရှင်နှင့် ပရဟိတအဖွဲ့များမှငွေကျပ်(၁၉၃)သိန်းကျော်အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ ပါသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ရရှိရေးအတွက် မီဒီယာများမှ  သတင်းဖြန့်ဝေ၍ ထောက်ပံ့ပစ္စည်းများ  အဆက်မပြတ် ရရှိစေရေး  ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၄။ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ရှားစေးကျေးရွာမှ အိမ်ထောင်စု (၂၅)စုနှင့်  ပုံးစုတ်ကျေးရွာမှ  အိမ်ထောင်စု(၂၀)စု၊ စုစုပေါင်း(၄၅)စုအတွက် မိမိဒေသသို့ မပြောင်းရွှေ့နိုင်သည့် ကာလအတွင်း နားဟီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အစီအစဥ်ဖြင့် သစ်ဝါးများစုဆောင်း၍ အိမ်ထောင်စု (၄၅)စု အတွက်တဲ(၄၅)လုံးဆောက်လုပ်ပေး၍ယာယီနေထိုင်စေပြီး မိမိဒေသသို့ပြန်လည်နေထိုင်နိုင်ရေး အတွက် နယ်မြေဒေသ၏ အေးချမ်းမှုအခြေ အနေနှင့်လုံခြုံမှုအခြေအနေကိုစောင့်ကြည့်၍ နေရပ်သို့ ပြန်လည်အခြေချနေထိုင် နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

၅။ ကဒူးကြီးကျေးရွာအုပ်စု မိုက်ရှားစေးရွာနှင့် ပုံစုတ်ရွာသားများမှရိက္ခာနှင့် လူသစ်စုဆောင်းခြင်း ဖိအားများကြောင့် နေရပ်စွန့်ခွာလာသူများအားလင်းခေးမြို့နယ် မကျိုင်းမွန်းကျေးရွာ၊ ဝမ်ဟတ်တိုက်နယ်တွင်  လူမှု၀န်ထမ်းဦးစီးဌာန   အသိအမှတ်ပြု (ဒုတိယအဆင့်)ထောက်ပံ့ကြေးရ မကျိုင်းမွန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသည် မြေနေရာကျယ်၀န်းပြီး၊ အဆောက်အဦ လုံလောက်မှုရှိခြင်း၊ လုံခြုံစိတ်ချရ သောကြောင့် မူကြိုအရွယ်ကလေးငယ်များအတွက် ကလေးပျော်နေရာများပြု လုပ်ပေးနိုင်မည်ဖြစ်ပါတယ်။ အတန်းပညာ သင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ပညာဆက်လက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါတယ်။ အတန်းပညာမသင်ကြားနိုင်သော ကလေးများအားအသက်မွေးဝမ်း ကျောင်းပညာ သင်ကြားနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါတယ်။

၆။ လူမှုဝန်ထမ်းဦးစီးဌာနသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၊ ပဋိပက္ခဘေးရှောင် ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးနိုင်ရန်နှင့် စိတ်ဒဏ်ရာ ရရှိသူများအား စိတ်ဒုက္ခများ လျော့နည်းပြီး အများပြည်သူများနည်းတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများဖြင့် စိတ်လူမှုဆိုင်ရာ ပံ့ပိုးမှုအဖွဲ့များ (Mobile Team) ဖွဲ့ပြီး Psychosocial Counselling ပြုလုပ်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

၇။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင် လာကြသူများ၏ စားဝတ်နေ ရေး၊ ကျန်းမာရေးနှင့် ၎င်းတို့၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာမှ တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းဆောင်ရွက် ပေးမှုနှင့်စပ်လျဉ်း၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်   အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နေရာများရှိ ပြည်သူများကို   သွားရောက်တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်း၍ စစ်တမ်းကောက်ယူခြင်း၊နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ UNFPA မှထောက်ပံ့ထားသည့် Dignity Kitများ ထောက်ပံ့ပေးခြင်း၊      ၎င်းတို့ သင်ကြားလိုသည့်အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ကလေးပျော်နေရာများစီစဉ်ပေးခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာဆက်လက် သင်ကြားနိုင်ရန်  သက်ဆိုင်ရာဌာနများနှင့်  ချိတ်ဆက်ပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား လူမှုကာကွယ် စောင့်ရှောက်မှု ပေးခြင်း၊ သက်ကြီးရွယ်အိုများအတွက် Wheel Chair လိုအပ်ပါက ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


အမှတ်စဉ်(၂) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအ‌ေ၀းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်း ဖြေကြားချက်

၁။ လေးစားအပ်ပါသော ြပည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ် စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန် ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။

၂။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း(၃၃၀)လုံးတွင် ရုံးခွဲများ ဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးရန် အစီအစဥ် ရှိ/မရှိနှင့် လက်ရှိ မြို့နယ်ပေါင်း မည်မျှတွင် မြို့နယ်ရုံးခွဲများဖွင့်လှစ်၍ မည်ကဲ့သို့သော ဝန်ဆောင်မှုများပေးနေသည်ကို သိရှိလို ခြင်းနှင့် စပ်လျဥ်းသည့် မေးခွန်းအား ‌ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၃။ လူသားအားလုံးအကျုံးဝင်သော သာတူညီမျှရှိပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည် ရှိသည့်  မြန်မာနိုင်ငံဖြစ်လာစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်း များနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံး ဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထိရောက်သော ဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဥ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး၊ပြည်သူလူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့်  ပွင့်လင်းမြင်သာ  ထိရောက်စွာပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ  ပြည့်မီစေရန်  ဦးတည်ဆောင်ရွက်ရေး စသည့်မူဝါဒများချမှတ်၍ ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

၄။ လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုရေးနှင့်သက်ဆိုင်သောမူဝါဒများ၊ ဥပဒေများရေးဆွဲခြင်း၊ ဥပဒေနှင့် အညီအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အခွင့်အရေးများအား အကောင်အထည် ဖော်ြခင်း၊  ပြည်သူများ၏  လူမှုရေးဒုက္ခများကို ကုလသမဂ္ဂအဖွဲအစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊  နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊   အရပ်ဖက်လူထုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထိရောက် သော အကူအညီများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ လူ့ဘဝတစ်လျှောက်လုံးအတွက် အလွန်အရေးပါသည့် ရှေးဦးအရွယ် ကလေး သူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းကြိုကျောင်းများ ဖွင်‌့လှစ် ပျိုးထောင်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော  ကလေးသူငယ်များ၊  လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် သင်တန်းကျောင်းများ၊ ဂေဟာများ ဖွင့်လှစ်၍   ပြုစုစောင့်ရှောက် ပေးခြင်းနှင့် စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း များကို အသိအမှတ်ပြုခြင်း၊ နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ 

၅။ လူမှုဝန်ထမ်းဦးစီးဌာနသည် သင်တန်းကျောင်းများဖွင့်လှစ်ပြီး သင်တန်းကျောင်းအခြေပြုစောင့် ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှ ပြည်သူတိုင်းအကျိုးခံစားခွင့်ရရှိနိုင်သည့် ပြည်သူလူထုအခြေပြု      စောင့်ရှောက်ခြင်းလုပ်ငန်းအဖြစ် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံလူမှုကာကွယ် စောင့်ရှောက်ရေး မူဝါဒလုပ်ငန်းစဥ်(၈)ရပ်မှလုပ်ငန်းစဥ်(၂)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွား လာသည့်  ကလေး၏ အသက်(၂)နှစ်ပြည့်သည်အထိ အဟာရပြည့်ဝစေရေးအတွက် ငွေကြေးအကူအညီ ထောက်ပံ့ပေးခြင်းကို ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများဖြစ်သော ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသများတွင် စတင်ဆောင်ရွက်ရန်နှင့် လူသားဘဝအစ ရက်(၁၀၀၀)ဖွံ့ဖြိုးရေးကို တစ်နိုင်ငံလုံး အသိပညာပေးခြင်း ဆောင်ရွက်ရန်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ  အသက် (၉၀)နှစ်အထက်သက်ကြီးဘိုးဘွား များအား လစဥ် သက်ကြီးပင်စင်ထောက်ပံ့ပေး ရန်စသည့် လုပ်ငန်းစဥ်များအား တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ၏လတ်တလော လူမှုရေးလိုအပ်ချက်များကို  ချက်ချင်း ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် Help  Line  ဖုန်းများအား (၂၄)နာရီဖွင့်လှစ်ထားရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် လူမှု ဝန်ထမ်းရုံးများရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများသည် လူမှုဒုက္ခကြုံတွေ့နေသူများထံသို့ အရောက်သွားပြီး လူမှုရေးဒုက္ခများကို ပြည်သူနှင်‌့အတူ ကူညီဖြေရှင်းပေးလျက်ရှိ ပါတယ်။

၆။ လူမှုဝန်ထမ်းဦးစီးဌာန၏ လက်ရှိဖွဲ့စည်းပုံမှာ လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်‌၊ တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ရုံး၊ ခရိုင်ရုံး(၁၂)ရုံး၊ မူလတန်းကြိုကျောင်း(၉၉) ကျောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (၁၁)ကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(၁၂)ခု၊ လူငယ် သင်တန်း ကျောင်း(၁၀)ကျောင်း၊ အမျိုးသမီးကျောင်း(၁၂)ကျောင်း၊ မသန်စွမ်းကျောင်း(၈) ကျောင်း၊ ကလေး ပြုစုရေးဌာန(၇)ခု၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း (၁)ကျောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာန(၁)ခု၊ ဘိုးဘွား များ နေ့ပိုင်းပြုစုစောင့်ရှောက်ရေးဌာန(၁)ခု၊ စုစုပေါင်း အရာထမ်း(၂၄၃)ဦး၊ အမှုထမ်း(၃၄၁၁)ဦးဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် အရာထမ်း (၂၀၃)ဦး၊  အမှုထမ်း (၁၉၈၉)ဦးဖြင့် ဆောင်ရွက် လျက်ရှိပါတယ်။

၇။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ခရိုင်နှင့် မြို့နယ်အားလုံးတွင် လူမှုဝန်ထမ်းရုံးများ နှစ်စဥ်တိုးချဲ့ ဖွဲ့စည်းသွားနိုင်ရန် (၉)နှစ်စီမံကိန်းရေးဆွဲထားပြီး ခရိုင်(၆၂)ရုံး၊မြို့နယ်ရုံး(၃၃၀)နှင့် မြို့နယ်စံပြမူလတန်း ကြိုကျောင်း(၂၅၅)ကျောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား (၅၇၆၅)ဦးဖြင့် တိုးချဲ့ဖွဲ့စည်းရန်(၂၂.၅.၂၀၁၇)ရက် နေ့တွင် ကျင်းပပြုလုပ်သော (၂/၂၀၁၇)ကြိမ်မြောက်စီမံကိန်းနှင့်  ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ရာ အစည်းအဝေးမှထောက်ခံချက်နှင့်   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထား ပြန်ကြားချက် ရရှိပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့  ဆက် လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

၈။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် မြန်မာနိုင်ငံအဝှမ်းရှိ သဘာဝဘေးသင့်ပြည်သူများ၏  လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့်အရေးပေါ် စားနပ်ရိက္ခာ၊ အိမ်ဆောက် ပစ္စည်းဖိုး၊ သေဆုံးသူ ထောက်ပံ့ကြေး၊  ဒဏ်ရာရသူထောက်ပံ့ကြေးနှင့်  ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့မှု များကို ဘေးသင့်ပြည်သူများ လက်ဝယ်အမြန်ဆုံးရောက်ရှိရေးနှင့် နိုင်ငံတော် ဘဏ္ဍာငွေကို အလေ့အလွင့် မရှိစေရေးတို့အတွက် ဘေးသင့်ဒေသအရောက် သွားရောက်ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘေးကင်းလုံခြုံသော မြန်မာနိုင်ငံဖြစ်စေ ရေးနှင့် သဘာဝဘေးဒဏ်မှ ကြံ့ကြံ့ခံနိုင်သော မြန်မာ့လူ့အဖွဲ့အစည်း ပေါ်ထွန်း လာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ ဇာတ်တိုက်လေ့ကျင့် မှုများ  စသည်တို့ကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊  ရပ်ရွာပြည်သူလူထုများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

၉။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ လက်ရှိဖွဲ့စည်းပုံကိုဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး(၁၅)ရုံး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ခရိုင်ဦးစီးမှူး ရုံး(၄၃)ရုံး၊   မြို့နယ်ဦးစီးမှူးရုံး (၅)ရုံးဖြင့် ဖွဲ့စည်းထားပြီးစုစုပေါင်း ဝန်ထမ်းအင်အား(၁၄၃၈)ဦးဖြင့် ခွင့်ပြုထား ပြီးလက်ရှိတွင် ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး(၁၅)ရုံး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ ခရိုင်ဦးစီးမှူးရုံး (၂၈)ရုံး၊ မြို့နယ်ဦးစီးမှူးရုံး (၁)ရုံးတို့ ဖွင့်လှစ်ကာ စုစုပေါင်းဝန်ထမ်းအင်အား (၆၀၂)ဦး တို့ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

၁၀။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဘေးသင့်ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ရန်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ် တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဥ်များအတွက် သဘာဝဘေးလျော့ပါးရေးအစီအမံများ ထည့်သွင်းရေး စသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဥ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ “စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(SDGs)” ပါ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဥ်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်ဖြစ်သည့် “ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် ”ပါ  ဦးစားပေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဦးစီးဌာန၏  လက်ရှိဖွဲ့စည်းပုံ ကို နှစ်စဉ်တိုးချဲ့ ဖွင့်လှစ်သွားနိုင်ရေးအတွက် (၆)နှစ်စီမံကိန်း ရေးဆွဲပြီး  ခရိုင်ဦးစီးမှူးရုံး(၃၁)ရုံးနှင့် မြို့နယ်ဦးစီး မှူးရုံး(၃၂၅)ရုံး  ထပ်မံတိုးချဲ့ ထားသည့် စုစုပေါင်းဝန်ထမ်းအင်အား(၆၉၉၅)ဦးပါဝင်သော ဖွဲ့စည်းပုံကို ပြင်ဆင် ရေးဆွဲပြီး (၂၂.၅.၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂/၂၀၁၇)ကြိမ်မြောက်  စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေး အဖွဲ့အစည်းအဝေးသို့ တင်ပြခဲ့ရာ အစည်းအဝေးမှ ထောက်ခံချက်ရရှိထားပြီးဖြစ်ပါသဖြင့်  စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားရရှိရေး ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့  ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


MOS

DSW

DDM

DOR