ဝန်ဆောင်မှုလုပ်ငန်း

နိဒါန်း

၁။  ဖားကန့်မြို့နယ်သည် မြောက်ဘက်တွင် တနိုင်းမြို့နယ်၊ အရှေ့ဘက်တွင် မြစ်ကြီးနား မြို့နယ်၊ မိုးကောင်းမြို့နယ်၊ တောင်ဘက်တွင် မိုးညှင်းမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

၂။  ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ကို (၂၀၁၁)ခုနှစ်က ကျောက်စိမ်းရတနာ နယ်မြေသတ်မှတ်ခဲ့ပြီးနောက် သတ္တုတွင်းဝန်ကြီးဌာနက ကုမ္ပဏီလုပ်ကွက်များနှင့် အကျိုးတူ လုပ် ကွက်များ ချထားပေးခဲ့ရာ ကုမ္ပဏီကြီးများက စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်လာကြ သည့် အတွက် ဒေသခံများနှင့် ရပ်ဝေးမှ စီးပွားရှာ လာရောက်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကွက်များ လုပ်ကိုင်ခွင့် မရှိတော့ဘဲ၊ ဖားကန့်နယ်မြေအတွင်း ဒေသခံများ၊ ရပ်ဝေးမှ လာရောက် စီးပွားရှာလာသူများအနေဖြင့် ကုမ္ပဏီများက စွန့်ပစ်သည့် မြေစာပုံတွင် ရေမဆေးကျောက် ရှာဖွေရင်း အသက်မွေးဝမ်း ကျောင်းပြုခဲ့ကြပါသည်။

၃။  တစ်ပိုင်တစ်နိုင်/ကုမ္ပဏီများမှ ကျောက်စိမ်းတူးဖော်ခဲ့ကြရာတွင် (၂၀၀၀)ခုနှစ်အထိ လူ အင်အားကိုသာ အသုံးပြုခဲ့ကြသဖြင့် ဖားကန့်ဒေသအသီးသီးမှ အခြေခံလူတန်းစားအင်အားများစွာ ဝင်ရောက်လာကြပြီး ကုမ္ပဏီများ၌ လခစား/နေ့စားအဖြစ်လည်းကောင်း၊ စွန့်ပစ်မြေစာပုံများ၌ ကျောက်စိမ်း အကြွင်း အကျန်များရှာဖွေသည့် အလုပ်ကိုလည်းကောင်း လုပ်ကိုင်ခဲ့ကြရာမှ (၂၀၀၁) ခုနှစ်နောက်ပိုင်း ကာလများတွင် ကုမ္ပဏီများမှ လူအင်အားအစား စက်ယန္တရားများကို အသုံးပြု လာကြသဖြင့် လုပ်သားများသည် နေရပ်သို့မပြန်တော့ဘဲ ရေမဆေးကျောက်ရှာဖွေသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင် နေထိုင်ခဲ့ကြပါသည်။

၄။  မြေစာပစ်ကွင်း(၁၁)နေရာအား သတ်မှတ်ပေးထားခဲ့သော်လည်း ကျောက်စိမ်းလုပ်ကွက် များပြားလွန်းသဖြင့် မြေစာစွန့်ပစ်ရန်အတွက် သတ်မှတ်နေရာများဖြင့် မလုံမလောက်ဖြစ်ကာ ကုမ္ပဏီများမှ ဒေသအာဏာပိုင်များနှင့် ညှိနှိုင်း၍ စွန့်ပစ်မြေစာများအား ကျေးရွာများအတွင်း ဖြန့်ခင်း၍ သော်လည်းကောင်း၊ ကားလမ်းမများပေါ်၌ ဖြန့်ခင်း၍သော်လည်းကောင်း၊ ဥရုချောင်းနှင့်ချောင်း လက်တက်များ၏ ဘေးဝဲယာများတွင်လည်းကောင်း၊ ဒေသခံများပိုင်ဆိုင်သည့် တောင်ယာ တောင်ကုန်းများအား ဝယ်ယူ၍သော်လည်းကောင်း နည်းအမျိုးမျိုးဖြင့် စွန့်ပစ်ခဲ့ကြသဖြင့် ချောင်း များ တိမ်ကောလာပြီး (၂၀၀၃)ခုနှစ် နောက်ပိုင်း ချောင်းရေလျှံခြင်းများ ဖြစ်ပေါ်ကာ ဥရုချောင်း တစ်လျှောက်ရှိ လုံးခင်းကျေးရွာ၊ ဖားကန့်မြို့ပေါ်ရပ်ကွက်များ၊ ဆိပ်မူကျေးရွာ၊ ဟောင်ပါးကျေးရွာ တို့ရှိ လူနေအိမ်များ ချောင်းရေနစ်မြုပ်၍ သဲနုန်းများ ဖုံးလွှမ်းခြင်း၊ လမ်းများရေတိုက်စားခြင်း၊ လယ်ယာမြေများရေလွှမ်းခြင်း စသည့် ဘေးဒုက္ခများအား နှစ်စဉ် ကြုံတွေ့နေရပါသည်။

၅။  ဖားကန့်မြို့ရှိ အခြေခံလူတန်းစားအများစုသည် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာများမှ ကျောက်စိမ်းများကို ရှာဖွေပြီး ရရှိလာသောငွေကြေးဖြင့် စားဝတ်နေရေးကို ဖြေရှင်း ဆောင်ရွက် လေ့ရှိပါသည်။ ‌ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများအား နိုင်ငံတော်မှ နယ်မြေ(၁၁)ခုခွဲ၍  နိုင်ငံတော်နှင့်အကျိုးတူ၊ ပုဂ္ဂလိကကုမ္ပဏီဟူ၍ လုပ်ကိုင်ဆောင်ရွက်စေခဲ့ပါ သည်။ ဖားကန့်ဒေသအတွင်း၌ အနယ်နယ်အရပ်ရပ်မှလာရောက်၍ ရေမဆေးကျောက်ရှာဖွေခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် ရေမဆေးကျောက်ရှာဖွေသူ(၃)သိန်းနီးပါး ရှိပါသည်။ ယခင်က ရေမဆေးကျောက်ရှာဖွေသူများသည် ကုမ္ပဏီများ၏သတ်မှတ်စွန့်ပစ်မြေစာပုံတွင် ရှာဖွေခဲ့ကြ သော်လည်း (၂၀၁၆)ခုနှစ်နောက်ပိုင်းတွင် ရေမဆေး‌လောပန်းများ၏ မြှောက်ပင့်သွေးထိုးမှုများ ကြောင့် ကုမ္ပဏီလုပ်ကွက်များအတွင်းသို့ တရားမဝင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာဖွေ ခဲ့သည်အထိဖြစ်လာခဲ့သဖြင့် ကုမ္ပဏီများနှင့် ရေမဆေးကျောက်ရှာဖွေသူများအကြား ပြဿနာများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။ ထိုကဲ့သို့ အချိန်မရွေးပြဿနာများ ဖြစ်ပွားနေသဖြင့် ဖားကန့် ဒေသအတွင်း ကျောက်မျက်ကုမ္ပဏီများလုံခြုံရေးအတွက် ရှေ့တန်းအမှတ်(၇) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးကြီးစံရွှေမောင် ဦးစီး၍ ရှေ့တန်းအမှတ်(၃၀) လုံခြုံ‌ရေးရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၁၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင်များဖြင့် ကုမ္ပဏီနှင့်ရေမဆေး ကျောက်ရှာဖွေသူများအကြား ပဋိပက္ခမဖြစ်ပွားစေရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိ ပါသည်။

၆။  ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားများ (ရေမဆေးကျောက်သမားများအပါ အဝင်)သည် လုပ်ငန်းရှင်များ၏ မူးယစ်ဆေးဝါးဖြင့် အသုံးချခိုင်းစေခံနေရသောကြောင့် အန္တရာယ် ရှိသည့် မြေစာပုံများကို မကြောက်မရွံဘဲ ကျောက်စိမ်းရှာရာတွင် မြေစာပုံပိ၍ အသက်ဆုံးရှုံးမှုများ မကြာခဏ ကြုံတွေ့နေရသည်ကို တွေ့ရှိရပါသည်။

ရည်ရွယ်ချက်

၇။  ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်။ 

ပြန်လည်ထူထောင်‌ရေးလုပ်ငန်းအစီအမံများတင်ပြခြင်း

၈။  ဦးဝင်းနိုင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၁၇.၅. ၂၀၁၈)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကချင်ပြည်နယ်၊ ဝန်ကြီးချုပ်၊ ဒေါက်တာ ခက်အောင်ထံသို့ သွားရောက်တွေ့ဆုံကာ ဖားကန့်မြို့နယ်အတွင်း ရေမဆေးကျောက်ရှာသူများ၊ အမျိုးသမီးများ၊ ကလေးများနှင့် မူးယစ်ဆေးစွဲသူတို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်း ကိစ္စများ တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းအပြင် မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာ၊ ခရစ်ယာန် လူငယ်ပြုစုပျိုးထောင်ရေးသာသနာကျောင်းဝင်းအတွင်းရှိ မူးယစ်/ပြန်ထူလုပ်ငန်းများအား တာဝန်ခံ ဆရာတန်ရော်၊ ဒေါ်ဒွဲဘူ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့နှင့် လိုက်လံကြည့်ရှု ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း၊ ဖားကန့်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ဖားကန့်ဒေသပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဖားကန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း၊ ဥရုပန်စွန် ဟိုတယ်တွင် ဖားကန့်မြို့နယ်၊ ကချင်လူထုအဖွဲ့ အစည်းနှင့် ဘာသာရေးအသင်းအဖွဲ့များမှ တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း၊ မြစ်ကြီးနားမြို့၊ နာယန်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)၏ မူးယစ်ပြန်ထူစခန်းအား သွားရောက်လေ့လာခဲ့ခြင်း၊ မြစ်ကြီးနားမြို့၊ ရှမ်းစု‌ တောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) အစည်းအဝေးခန်းမ၌ မူးယစ်ပြန်/ထူ စခန်းများ ဖွင့်လှစ်ဆောင်ရွက်နေသော ဘာသာရေးအခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ 

၉။  ဆောင်ရွက်ခဲ့သည့် အခြေအနေများကို “ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမား များ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်” (ပူးတွဲ-၁) အား ပြည်ထောင်စုဝန်ကြီး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ တင်ပြခဲ့ပါသည်။

Project Proposal တင်ပြခြင်း

၁၀။ အဆိုပါတင်ပြချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ (၃၀-၅-၂၀၁၈)ရက်စွဲပါ စာ အမှတ်၊ ၀၀၅(၃၄)/၁/၂၀၁၈ (၁၇၁၈)ဖြင့် “ကချင်ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း အကောင် အထည်ဖော်နိုင်ရေးအတွက် Task Force ကို ဖွဲ့စည်းနိုင်ရေး Project Proposal ကို ရေးဆွဲတင်ပြရန်” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှုပြုခဲ့ (ပူးတွဲ-၂) ပါသဖြင့် Project Proposal (ပူးတွဲ-၃) အား ဆက်လက်တင်ပြခဲ့ပါသည်။ 

၁၁။ ၎င်းအပြင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ (၂၄-၆-၂၀၁၈)ရက်စွဲပါ စာအမှတ်၊ ၀၀၅ (၄၅)/ ၁/ ၂၀၁၈ (၂၄၅၆)ဖြင့် “ဆက်လက်ဆောင်ရွက်ရန်” နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှတ်ချက်ပြု လမ်းညွှန်ခဲ့ပါသည်။ (ပူးတွဲ-၄)

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲများ ပေါ်ပေါက်လာခြင်း

၁၂။ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲများ ဖြစ်ပေါ်လာရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ရုံးမိန့်(မူကြမ်း)များအား တင်ပြခဲ့သည့်အပြင် ပြည်ထောင်စု‌ရှေ့နေချုပ်ရုံးသို့လည်း သဘောထား မှတ်ချက်များ တောင်းခံခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အစီအစဉ်များတွင် မိမိတို့ မူလဒေသသို့ ပြန်သွားလိုသူများ ပြန်သွားပြီး ရပ်တည်နိုင်ရန် လုပ်ဆောင်မှု မထည့်သွင်းဘူးလား” ဟု ညွှန်ကြားမှုပြုခဲ့ခြင်းအပေါ် အမိန့်ကြော်ငြာစာ(မူကြမ်း)ကို ညွှန်ကြားမှုနှင့်အညီ ပြင်ဆင်ပြီး ပြန်လည် ပေးပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ (၁၆-၈-၂၀၁၈)ရက်စွဲပါစာအမှတ်၊ ၄၀၆/၁၂၉-အထွေထွေ/အဖရ (၂၀၁၈)ဖြင့် အကြောင်းကြားခဲ့ပါသည်။  

၁၃။ ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် ညွှန်ကြားချက်များနှင့်အညီ “ဖားကန့်ဒေသရှိ ရွှေ့ ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့” နှင့် “ဖားကန့်‌ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ” (၆)ဖွဲ့၏ ရုံးမိန့်(မူကြမ်း)များအား ဆက်လက်တင်ပြခဲ့ပါသည်။ 

၁၄။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ (၄-၁၀-၂၀၁၈)ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၉၉/၂၀၁၈) ဖြင့် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့” အား (ပူးတွဲ-၅) ဖွဲ့စည်းပေးခဲ့သည့်အပြင် အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂၀၁၈) ဖြင့် “ဖားကန့်‌ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ” (၆)ဖွဲ့ (ပူးတွဲ-၆) ကို အောက်ပါအတိုင်း ဖွဲ့စည်းပေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်း အဖွဲ့များအလိုက် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်တာဝန်ပေးခဲ့ ပါသည်- 

(က) ဖားကန့်ဒေသတရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ (ယခင်)

        ဖားကန့်ဒေသလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ(ယခု)(အမိန့်၇၅/၂၀၁၉)

(ခ ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ 

(ဂ ) မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ

(ဃ) အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့်အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းအဖွဲ့ခွဲ

(င ) ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ

(စ ) ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲ

‌၁၅။ ပြည်ထောင်စုအစိုးရအဖွဲ့မှ အထက်ဖော်ပြပါ လုပ်ငန်းအဖွဲ့နှင့် အဖွဲ့ခွဲများ ဖွဲ့စည်းပေးခဲ့ ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်သော “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းအဖွဲ့” မှ အောက်ပါအတိုင်း အစည်းအဝေးများ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပါသည်-

(၁) ပထမအကြိမ်အစည်းအဝေး (၃၀-၁၀-၂၀၁၈)ရက်နေ့၊ နေပြည်တော်

(၂) ဒုတိယအကြိမ်အစည်းအဝေး (၃၀-၃-၂၀၁၉)ရက်နေ့၊ ကချင်ပြည်နယ်

(၃) ဝန်ကြီးများအဆင့်အစည်းအဝေး (၂၀-၅-၂၀၁၉)ရက်နေ့၊ နေပြည်တော်

(၄) တတိယအကြိမ်အစည်းအဝေး (၂၀-၆-၂၀၁၉)ရက်နေ့၊ နေပြည်တော်

(၅) စတုတ္ထအကြိမ်အစည်းအဝေး (၂၃-၆-၂၀၁၉)ရက်နေ့၊ ကချင်ပြည်နယ်

(၆) ပဥ္စမအကြိမ်အစည်းအဝေး (၂၂-၇-၂၀၁၉)ရက်နေ့၊ နေပြည်တော်

(၇) ‌ဆဌမအကြိမ်အစည်းအဝေး (၂၆-၉-၂၀၁၉)ရက်နေ့၊ နေပြည်တော်

(၈) သတ္တမအကြိမ်အစည်းအဝေး (၁၇-၂-၂၀၂၀)ရက်နေ့၊ နေပြည်တော်

(၉) Covid-19နှင့်ပတ်သက်၍ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

(၂-၄-၂၀၂၀)ရက်နေ့၊ နေပြည်တော်

(၁၀) အဌမအကြိမ်အစည်းအဝေး (၂၂-၆-၂၀၂၀)ရက်နေ့၊ နေပြည်တော်

၁၆။ (၃၀-၁၀-၂၀၁၈)ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့” ၏ ပထမအကြိမ်အစည်းအဝေး ကိုကျင်းပခဲ့ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်(၃၉)ချက်အား လုပ်ငန်းအဖွဲ့ခွဲ(၆)ဖွဲ့၏ရှေ့လုပ်ငန်းစဉ် အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်(၃၉)ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ “အစိုးရ၏ ကြိုးပမ်းချက်များ အောင်မြင်ရန်အတွက် ကျယ်ပြန့်စွာ ပညာပေးရန်နှင့် လုပ်ငန်းအဖွဲ့ခွဲများအကြား၊ သက်ဆိုင်ရာအစိုးရ ဌာနများအကြား၊ ပြည်နယ်နှင့် ဗဟိုအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ဒေသခံများ၏ ဝိုင်းဝန်းအားပေး ကူညီမှုလည်း အရေးကြီးပါသည်။” ဟု ညွှန်ကြားမှုပြုခဲ့ပါသည်။

၁၇။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် (၃၀-၃-၂၀၁၉)ရက်နေ့မှ (၃၁-၃-၂၀၁၉)ရက်နေ့အထိ မြစ်ကြီးနား-ဖားကန့် ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ပြီး ရရှိသည့် သတင်း များနှင့် ဆောင်ရွက်သင့်သည့်အချက်များကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့မှ ယခု တင်ပြ ချက်များကို ဆွေးနွေး၍ အကြံပြုချက်များ ရေးဆွဲပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ” သို့ တင်ပြရန် လမ်းညွှန်မှုပြုခဲ့ပါသည်။ 

၁၈။ လမ်းညွှန်ချက်အရ (၂၀-၅-၂၀၁၉)ရက်နေ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမား များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး” ကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ပါသည်။

၁၉။ ဆွေးနွေးချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ (၃-၆-၂၀၁၉)ရက်စွဲပါစာအမှတ်၊ ၂-၃/၅၅ (ဖားကန့်)/ ၆၄၂၀ ဖြင့် “လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ” သို့ ဆက်လက်တင်ပြခဲ့ပါသည်။

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ ဆုံးဖြတ်ချက်များ

၂၀။ “လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ”မှ (၁၉-၆-၂၀၁၉) ရက် စွဲပါ စာအမှတ်၊ ပထရ / ကော်မတီ (၂၂၁)/ ဦး ၁ ဖြင့် (ပူးတွဲ-၇) အောက်ပါအတိုင်း ဆုံးဖြတ် လမ်းညွှန်မှု ပြုခဲ့ပါသည်-

‌(က) ရေမဆေးသမားများ ထပ်မံဝင်ရောက်မှု မရှိစေရေး၊ လက်ရှိ ရောက်ရှိနေသည့် ရေမဆေး သမားများအား ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာ/အဖွဲ့အစည်း များက ပူးပေါင်းဆောင်ရွက်ရေး၊ သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုများ မရှိစေရန် အတွက် မိခင်များကိုပါ စည်းရုံးဆောင်ရွက်ရေး၊ လိုအပ်သည့်ပမာဏထက် ကျောက်လွန်သုံးစွဲ မိုင်းခွဲမှုများအတွက် ကုမ္ပဏီများအား အရေးယူဆောင်ရွက်ရေး၊ ရရှိလာသော ဒဏ်ကြေးငွေများဖြင့် ဖားကန့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာနတို့က ဆက်လက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်။ 

(ခ ) ကုမ္ပဏီလုပ်ကွက်များ၏အနီးအနားတွင် ကျူးကျော်နေထိုင်မှုများ မရှိစေရေးနှင့် အစားထိုး မြေနေရာချထားပေးနိုင်ရေး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနကသက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန်။

(ဂ ) ကုမ္ပဏီများအနေဖြင့် တူးဖော်ပြီးသော လုပ်ကွက်များအတွင်း မြေဖို့ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်းနှင့် ဥရုချောင်းရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ခြင်းတို့ကို သတ်မှတ်ချက်များနှင့်အညီလုပ်ဆောင်စေရေး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုက်နာခြင်း မရှိ ပါက ဒဏ်ကြေးငွေ ပေးဆောင်စေရန်။

(ဃ) ကျောက်အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းဈေးကွက် ဖြစ်ပေါ်တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှာဖွေပေးသွားရန်။

(င ) လက်လုပ်လက်စားလုပ်ကွက်ငယ်များကို ဒေသခံတိုင်းရင်းသားများအား ချထားပေး နိုင်ရေး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားရန်။

(စ ) အဓိက လိုအပ်ချက်သည် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဖြစ်သဖြင့် သင့်လျော် မှုရှိသော ကူညီသင့် ကူညီထိုက်သည့် ကိစ္စရပ်များနှင့် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စ ရပ်များကို တရားဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန် လုပ်ဆောင်ပေးသွားရန်။

၂၁။ (၂၂-၆-၂၀၂၀)ရက်နေ့တွင် နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ (၈)ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ(၁၄)ချက် ချမှတ်နိုင်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် အချက်အလက်များအား သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် လုပ်ငန်းအဖွဲ့ခွဲများသို့ တောင်းခံခဲ့ပြီး ဖြစ်သည့်အပြင် (၃၀-၉-၂၀၂၀)ရက်နေ့ အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားပြီးဖြစ်ပါသည်။ ၎င်းအပြင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကျင်းပ နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါသည်။

ဖားကန့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများအပေါ် အနှစ်ချုပ် တင်ပြချက်

၂၂။ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းအဖွဲ့နှင့် လုပ်ငန်း အဖွဲ့ခွဲများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၎င်းအပြင် လုပ်ငန်း အဖွဲ့မှ ဦးဆောင်၍ အစည်းအဝေးများ ကျင်ပနိုင်ခဲ့ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်းနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပေါ်ထွက်လာခြင်းတို့သည် အောင်မြင်သည့် လုပ်ငန်းရပ်များ  ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ 


MOS

DSW

DDM

DOR