လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း များ တိုးတက်ရေးသုံးသပ်ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှကျောင်းအုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ကလေးသူငယ်၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများကို နိုင်ငံတော်ကိုယ်စား တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနဖြစ်ကြောင်း၊ ဌာနတွင် သင်တန်းကျောင်းမျိုးစုံရှိပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသည် ဝန်ကြီးဌာန၏ အထူးကျောင်းများဖြစ်ကြောင်း၊ နည်းပညာများ၊ နည်းပြများရှိပြီး ပြည်သူလူထုက လည်း ကောင်းစွာသိရှိပြီးဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရင်း၊ လူမှုတာဝန်လည်းထမ်းဆောင်ရသည့် CSR Programme နှင့် မည်သို့ ချိတ်ဆက်မည်ကို နည်းလမ်းရှာရန်လိုကြောင်း၊ မိမိတို့၏ ထုတ်ကုန်ကို မည်သို့ကောင်းအောင် ဆောင်ရွက်မည်၊ ဈေးကွက်မည်သို့ရှာမည်ကို ဌာနတွင်း Market Research လုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရေး Core team ဖွဲ့စည်းသင့်ကြောင်း၊ ၎င်းနောက်ပြန်လည်ဆွေးနွေးနိုင်မည့် Platform တစ်ခုထားရှိသင့်ကြောင်း၊ မိမိတို့ဆောင်ရွက်နိုင်မည့် ထုတ်လုပ်နိုင်မည့် Item များသတ်မှတ်သင့်ကြောင်း၊ သုံး၍ကုန်သွားသည့် ပစ္စည်းအမျိုးအစားများ (ဥပမာ- ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ သွားတိုက်ဆေးစသည့်)၊ ပစ္စည်းများထုတ်လုပ်၍ ဌာန Brand  ဖြင့် ထုတ်လုပ်ရောင်းချခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင်လည်း Incentive Programme  ဖြင့်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဒုတိယဝန်ကြီးက  အိမ်တွင်းမှုသင်တန်းကျောင်းများကို ကြည့်မည်ဆိုပါက စက်ချုပ်၊ မုန့်လုပ်နည်းသင်တန်းပေးခြင်းသာမကဘဲ အဓိပ္ပာယ်အနှစ်သာရအများကြီးရှိကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် အမျိုးသမီးများသာမကဘဲ အမျိုးသားများပါ တက်ရောက်ကြကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်မှုတို့တွင် အထောက်အကူဖြစ်စေပါကြောင်း၊ တစ်ချို့မှာ မိသားစု အတွင်း ပြန်လည်အသုံးချရန်ရည်ရွယ်ပြီး၊ သင်တန်းတက်ရောက်ကာ မိမိ၏တတ်မြောက်မှုဖြင့်  မိသားစုအတွက်ဆောင်ရွက်ပေးရသဖြင့် မိသားစုအတွင်းလည်း ပျော်ရွှင်မှုကိုဖော်ဆောင်ပေး နိုင်ကြောင်း၊ လူကုန်ကူးခံရသည့်အမျိုးသမီးများကို ဒီပညာရပ်များသင်ကြားပေးနိုင်သည့်အတွက် ၎င်းတို့အတွက် ပြန်လည်ထူထောင်မှုကို လုပ်ပေးနိုင်ပြီး ဝန်ကြီးဌာန၏လုပ်ငန်းရပ်များ အကောင် အထည်ဖော်ရာတွင် အထောက်အကူပြုကြောင်း၊ သင်တန်းပေးရာတွင် သင်ထောက်ကူပစ္စည်းများ သည် ခေတ်မီသည့်ပစ္စည်းများသုံးရန်လိုအပ်ကြောင်း၊ စက်ချုပ်သင်တန်းရိုးရိုးသာမဟုတ်ဘဲ ဒီဇိုင်းတီထွင်နည်းသင်တန်းများပါပေးသင့်ကြောင်း၊ အစားအစာသင်တန်းဆိုပါကလည်း မြန်မာအစားအစာသာမက အခြားအစားအစာများပါ သင်ကြားပေးနိုင်ရေး လေ့လာဖို့လိုကြောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများ တိုးတက်ရေးအတွက် ဘာသာရပ်တိုးချဲ့မလား၊ ရှိပြီးဘာသာရပ် များကို ပြုပြင်မလားစဉ်းစားသင့်ကြောင်း၊ အရေအတွက်ထက်စာရင် အရည်အသွေးပိုင်းကို ပိုမိုမြင့်တင်ဖို့လိုကြောင်း၊ မိမိတို့ပေးနေသည့် သင်တန်းများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးမှုကိုအမြဲမပြတ် ပြုလုပ်သင့်ကြောင်း၊ မိမိတို့ကျောင်းရှိ Resources များကို ထိမ်းထားရန်၊ အသစ်များမွေးထုတ်ရန်၊ Capacity Building များလုပ်ဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အကျိုးရလာဒ်များအား တင်ပြခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူများနှင့် ကျောင်းအုပ်များမှ အိမ်တွင်းမှု ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မည့်အချက်များအား တင်ပြဆွေးနွေးခဲ့ကြ ပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်ဆွေးနွေးရာတွင် အိမ်တွင်းမှုကျောင်းများအနေဖြင့် သင်တန်းပေးရင်းထွက်ရှိလာသည့် ပစ္စည်းများသည် ဈေးကွက်ဝင်အောင်ဆောင်ရွက်သင့်ကြောင်း၊ ကျောင်းတွင်းအခြေပြုသင်တန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ပြီး သင်တန်းဖွင့်လှစ်ရန်တိုက်တွန်းကြောင်း၊ ပြင်ပမှသင်တန်းသားများအား သင်တန်းများ ပေးသလို မိမိတို့ဌာနမှကာကွယ်စောင့်ရှောက်ထားသည့် အမျိုးသမီးများကိုလည်း သင်တန်းပေးပြီး ၎င်းတို့နှင့် ထုတ်ကုန်ပစ္စည်းများထုတ်နိုင်အောင်ဆောင်ရွက်၍ ဌာနပိုင် Brand တစ်ခု တည်ထောင်ကာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သင့်ကြောင်း၊ လက်ရှိဘာသာရပ်အပြင် အသစ်တိုးချဲ့တာထက် ရှိပြီးသင်တန်း အမျိုးအစားများထဲမှ အရည်အသွေးကောင်းစွာ ဝန်ဆောင်မှုပေးနိုင်မည့် အမျိုးအစားကို အထူးဆောင်ရွက်ခြင်းက ပိုမိုကောင်းမွန်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR