၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ဇနီး ဒေါ်ခိုင်ဇာလင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် စုစုပေါင်းအင်အား (၄၈၀) ဦး ခန့်တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်မှ မြန်မာအမျိုးသမီးများနေ့အကြို ဆောင်းပါး ပြိုင်ပွဲတွင်ဆုရရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းမှ မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ၂၀၂၆ ခုနှစ်အတွင်း အမျိုးသမီး (ထူးချွန်ဆု) ရရှိသူများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခြင်းအပြင် အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ ဒေသထွက်အစား အစာများနှင့် လူသုံးကုန်ပစ္စည်းများဖြင့် ဈေးရောင်းပွဲတော်ကို ရောင်းချခဲ့ပြီး ၁၁း၁၀ နာရီအချိန် တွင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
















