ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၁၆ ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ (၂၀၂၆) သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြို့ပြကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး ဝန်ကြီးဌာန ( Ministry of Civil Defence , Emergemncy and Ellimination of Natural Disaster – EMERCOM) ဝန်ကြီး Mr. Alexander Kurankov က ပြပွဲ ကျင်းပပြုလုပ်သည့် Kanzan Expo Building ရှိ Bilateral Meeting Room ၌ လက်ခံတွေ့ဆုံခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လက်တွေ့ကြုံတွေ့နေရသော ပြည်သူ့လုံခြုံ ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ သဘာဝနှင့်လူကြောင့်ဖြစ်သော ဘေးအန္တရာယ် များတွင် ပါဝင်ဆောင်ရွက်နေရသော အဆင့်ဆင့်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်ရေးဆိုင်ရာ လေ့ကျင့်ပေးနေမှုအခြေအနေများ၊ ဝန်ကြီးဌာနနှစ်ခုအကြား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နားလည်မှုစာချွန်လွှာရေးထိုးမှုလုပ်ငန်းစဉ်ဆိုင်ရာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍများ အလိုက် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်မှုအခြေအနေများတို့ကို ပြောကြား ဆွေးနွေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့်မန္တလေးငလျင်ကြီးလှုတ်ခတ်မှုနှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများကို နေ့ရက်မဆိုင်းဘဲ လာရောက်ကူညီ ဆောင်ရွက်ပေးခဲ့မှုအပါအဝင် ယခင်ဖြစ်ပွားခဲ့သော မုန်တိုင်းတိုက်ခတ်မှုများနှင့် ရေကြီးရေလျှံမှုများ တွင် ကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနနှစ်ခုအကြား ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုမြှင့်တင်နိုင်ရေးကြိုးပမ်းလုပ်ဆောင်နိုင်မှုအခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

အဆိုပါပြပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြို့ပြကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး ဝန်ကြီးဌာနကဦးဆောင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် မီးငြိမ်းသတ်ရေးနှင့် လုံခြုံရေးဆိုင်ရာယာဉ်များ၊ ယန္တရားများ၊ ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချသည့် ကုမ္ပဏီများ၊ သင်တန်းကျောင်းများက ပါဝင်ခင်းကျင်းပြသခဲ့ကြခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ပြပွဲတွင်ခင်းကျင်းပြသထားသည့် မီးငြိမ်းသတ်ရေးဆိုင်ရာ မော်တော်ယာဉ်များ၊ ယန္တရားများ၊ မီးငြိမ်းသတ်ရေးဆိုင်ရာဆက်စပ်ပစ္စည်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အရေးပေါ်အခြေအနေကွပ်ကဲရေးသုံးယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ အများပြည်သူကြိုတင်သတိပေးစနစ်ဆိုင်ရာပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်နှင့် အခြားလုံခြုံရေးဆိုင်ရာဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အသုံးပြုသည့်ပစ္စည်းကိရိယာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းကျောင်းများ၊တက္ကသိုလ်များနှင့်လေ့ကျင့်သင်ကြားပေးနေမှုများ၊ ကာဇန်မြို့တွင် ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းကျောင်းဆောက်လုပ်ပြီးစီးမှုနှင့် ဖွင့်လှစ်သင်ကြားမည့်အစီအမံများ၊ ကာဇန်မြို့ရေဘေးအန္တရာယ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများစသည်တို့ကိုသွားရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။

 ပြပွဲကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြို့ပြကာကွယ်ရေး၊ အရေးပေါ်အခြေအနေ နှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Alexander Kurankov နှင့် ကာဇန်မြို့တော်ဝန်တို့က ဘေးအန္တရာယ်နှင့်လုံခြုံရေးဆိုင်ရာလုပ်ငန်းရပ်များ ရှင်းလင်းပြောကြားမှုအစီအစဉ်နှင့် ကြိုဆိုနှုတ်ခွန်းဆက်ညစာစားပွဲတို့သို့ တက်ရောက်ခဲ့ကာ ပြည်ထောင်စုဝန်ကြီးကလည်း ပါဝင် မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

MOS

DSW

DDM

DOR