ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပသည့် လူငယ်သင်တန်းကျောင်းများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ လူငယ်နှင့် အမျိုးသမီးသင်တန်းကျောင်း(၁၄) ကျောင်းမှ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ညီလာခံ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ (က) နှင့် (ခ) တို့အရ သင်တန်းကျောင်းများ၊ ယာယီစောင့်ရှောက်ရေးဂေဟာများကို ဖွင့်လှစ်၍ သက်ဆိုင်ရာတရားရုံးများမှ အမိန့်ချမှတ်ပြီးသော ပြစ်ဒဏ်ကျ ကလေးသူငယ်များ၊ အမှုရင်ဆိုင်ဆဲ ရမန်ကလေးသူငယ်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များကို လက်ခံစောင့်ရှောက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အမှုရင်ဆိုင်ဆဲ ရမန်ကာလကြန့်ကြာနေတဲ့ ကလေးသူငယ်ဖြစ်ရပ်များအတွက် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်နှင့် အကျုံးဝင်သောဖြစ်ရပ်များအတွက်ပြစ်ဒဏ်ကျအကျဉ်းသားများစိစစ်ရေးကော်မတီသို့ တင်ပြ၍လည်းကောင်း (၁၇.၄.၂၀၂၀)ရက်နေ့မှ (၁၇.၄.၂၀၂၂) ရက်နေ့အထိ ကလေးသူငယ် (၁၀၈၇) ဦးအား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်အပ်နှံနိုင်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွင်းမှာလည်း မိမိတို့ဝန်ကြီးဌာန၊ သင်တန်းကျောင်း/ဌာနငယ်များမှအတန်းပညာသင်ကျောင်းသား/ကျောင်းသူများအနက် တက္ကသိုလ်ဝင်တန်းသို့ သင်တန်းကျောင်း (၉) ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၄၃)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ (၁၄) ဦးအောင်မြင်၍(၂)ဘာသာဂုဏ်ထူး (၃) ဦး၊(၁)ဘာသာဂုဏ်ထူး(၃)ဦးတို့အသီးသီးရရှိခဲ့ကြတဲ့အတွက် ကျောင်းသား/ကျောင်းသူများအားလုံးနှင့် ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ပံ့ပိုးဆောင်ရွက်ပေးသူများအားလုံးကို အထူးပင်ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူမှုဘဝပြဿနာ အခက်အခဲများနှင့်  ကြုံတွေ့ခံစားရသူများကို ကူညီပံ့ပိုးပေးရတဲ့ ဌာနတစ်ခုဖြစ်တာနဲ့အညီ မူဝါဒနဲ့ မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာအခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရမှာလည်းဖြစ်ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်များအနက် ပြစ်မှုနှင့် ငြိစွန်းသော ဖြစ်ရပ်များ၏ နောက်ဆက်တွဲ ဖြစ်ရပ်များ၊ ပြစ်မှုနှင့် ငြိစွန်းခြင်းမရှိသော်လည်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ဖြစ်ရပ်များကို ဆောင်ရွက်တဲ့နေရာမှာ အချိန်၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ အဆောက်အဦလိုအပ်ချက်စတဲ့ လိုအပ်ချက်၊ ကန့်သတ်ချက်တွေ အပေါ်မှာ  အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ရတဲ့အတွက် ၂၄ နာရီ တာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းများကို အထူးပင်စာနာနားလည်ပါကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သင်တန်းကျောင်း/ဌာနငယ်များကို လာရောက်ကြည့်ရှုစစ်ဆေးပေးခဲ့ပြီးတွေ့ရှိချက်၊အကြံပြုချက်များအပေါ်လည်းအတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သင်တန်းကျောင်းများတည်ထောင်ဖွင့်လှစ်ရခြင်းသည်  ကုန်ကျစရိတ်များပြီး နိုင်ငံတကာတွင် နောက်ဆုံးနည်းလမ်းအနေဖြင့်သာရွေးချယ်ဆောင်ရွက်သောနည်းလမ်းဖြစ်ပါသဖြင့် ကလေးသူငယ် ဖြစ်ရပ်များအပေါ်မူတည်၍ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း(Alternative Care)၊ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း(Diversion) နည်းလမ်းတို့ကို တိုက်တွန်းအားပေးရမှာဖြစ်ပါကြောင်း၊ လက်ရှိစောင့်ရှောက်ထားရှိသောကလေးသူငယ်များအတွက်အကောင်းဆုံးအကျိုးစီးပွားနှင့် ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ခြင်းဖြင့် မလိုလားအပ်သော ပြစ်မှုထပ်မံကျူးလွန်ခြင်းမျိုးမှ ကာကွယ်နိုင်ပါသဖြင့် လူငယ်သင်တန်းကျောင်းများ၏ ဆောင်ရွက်မှုများကို ပွင့်ပွင့်လင်းလင်းသုံးသပ်ဆွေးနွေးခြင်း သည်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့အလုပ်ရုံဆွေးနွေးပွဲကျင်းပ၍ လူငယ်သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုစဉ်ဆက်မပြတ်အလေးထားဂရုပြုဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်ထားရှိသူများနှင့် ပြုစုစောင့်ရှောက်သူဝန်ထမ်းများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်းသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းပင်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးကလူငယ်သင်တန်းကျောင်းများကို အမျိုးအစားများ သတ်မှတ်၍ ဖွင့်လှစ်ထားရှိရာမှာ  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ ၅၈ အရ ပို့အပ်သည့် ကာကွယ်စောင့်ရှောက်မှုလိုအပ်သော ကလေးသူငယ်များ၊ ဥပဒေပုဒ်မ ၈၉၊  ပုဒ်မခွဲ (င)အရ တရားရုံးများက ပို့အပ်သည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ၊အမှုရင်ဆိုင်ဆဲ ရမန်ကလေးသူငယ်များဟူ၍ အမျိုးအစား (၃) မျိုးခွဲခြားနိုင်ပါကြောင်း၊ စောင့်ရှောက်ထားရှိတဲ့ ကလေးများရဲ့ပုံရိပ်ကို ထိခိုက်မှုမရှိစေရေးနဲ့ အများပြည်သူ သိရှိနိုင်စေရေးအတွက် ကလေးသူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကလေးသူငယ် ယာယီစောင့်ရှောက်ရေးသင်တန်းကျောင်း၊ ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေးသင်တန်းကျောင်းဟူ၍ အမည်သတ်မှတ်နိုင်ရေးအတွက်လည်းယခုလို အလုပ်ရုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးစေလိုပါကြောင်း၊ ထုတ်ဝေပြီးဖြစ်တဲ့ ဂေဟာ/သင်တန်းကျောင်းများတွင်အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ၊ သင်တန်းကျောင်းဆိုင်ရာလက်စွဲ" တို့အပေါ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ဝန်ထမ်းများရဲ့သိမြင်နားလည်နိုင်မှုနှင့် လိုက်နာဆောင်ရွက်နိုင်မှုစတဲ့ မြေပြင်အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို (၁၄.၇.၂၀၂၂) ရက်နေ့မှ(၁၅.၇.၂၀၂၂) ရက်နေ့အထိ (၂) ရက်တာကာလအတွင်း သင်တန်းကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ဆွေးနွေးရန်အတွက် အုပ်စုငယ်များခွဲ၍သင်တန်းကျောင်းများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးပြီး ဆွေးနွေးပွဲရလာဒ်များအပေါ် မူတည်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း တက်ရောက်လာသူ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက ကျောင်းအုပ်များက တက်ကြွစွာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR