ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့တွင် တီးတိန်မြို့ မြို့မရပ်ကွက်ရှိထွမ်းဝုမ်းရိပ်သာ၌ ကျင်းပရာချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးခင်မောင်ထွေး၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တီးတိန်နှင့် တွန်းဇံမြို့များမှ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌများတက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးကအမှာစကားပြောကြားပြီးတက်ရောက်လာကြသူများကဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြသောဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆန်ရိက္ခာပေးပို့ဖြည့်တင်းနိုင်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုသက်ဆိုင်ရာဒေသများသို့ အချိန်မီပေးပို့နိုင်ရေး၊ လုပ်ငန်းခွင်သုံးယာဉ်ယန္တရားများ၊ စက်သုံးဆီများဖြည့်တင်းနိုင်ရေးနှင့် မြို့နယ် သုံးမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့ကိုအသေးစိတ်ဆွေးနွေးတင်ပြကြပြီးဒုတိယဝန်ကြီးကလိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြသောဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် APTERR အစီအစဉ်အရတရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသောဆန် ရှစ်တန်သည် မေ ၃၁ ရက်တွင် ရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်များသို့ အမြန်ဆုံးပို့ဆောင်ဖြန့်ဝေနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ခရိုင်(ပြန်/ဆက်)








