တပ်မတော်ကအလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့ နှင့် တွန်းဇံမြို့များတွင် ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးကဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသများအရောက် ကွင်းဆင်းကာပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့်လည်းချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များစားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက် ကနဦးစီစဉ်မှုအဖြစ် စားသုံးဆီ ၁၀ တန်နှင့် ဆန်တန်ချိန် ၅၀ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံတို့ကိုတပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိပါသည်။
ယနေ့ ၉-၆-၂၀၂၆ရက်နေ့တွင်တပ်မတော် လေယာဉ်များဖြင့် သွပ် (၁၀) တန်၊ ဘိလပ်မြေ (၅.၅) တန်၊ သွပ်ရိုက်သံ (၁၂၃) ပိဿာ၊ ရော်ဘာဝါရှာ (၁) ဖာတို့ကိုမန္တလေးမြို့မှ ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီးသက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့နိုင်ရေး၊ ဒေသ၏ လိုအပ်ချက်များအပေါ် မူတည်၍ ထပ်မံဖြည့်ဆည်းပေးနိုင်ရေးစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၄-၅-၂၀၂၆ ရက်နေ့မှ ၉-၆-၂၀၂၆ ရက်နေ့အထိပေးပို့ထောက်ပံ့ပြီးစီးမှုစုစုပေါင်းမှာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း (၃,၀၀၀)၊ စားသုံးဆီ (၁၀) တန်၊ ဆန်တန်ချိန် (၅၀)၊ မိသားစုသုံးပစ္စည်းစုံနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းစုံအိမ်ထောင်စု (၆၀၀) စာ၊ ဘိလပ်မြေတန် (၂၀)၊ အမိုးသွပ်တန် (၂၀)၊ သွပ်ရိုက်သံ (၂၄၆) ပိဿာနှင့် ဆက်စပ်ပစ္စည်းများကိုပို့ဆောင်ပေးထားကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကသတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ









