ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃ ခုနှစ်     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက်  ၁၀ နာရီတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌  ကျင်းပရာ မသန်စွမ်းသူများ၏    အခွင့်အရေးများဆိုင်ရာ    အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊    မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဥက္ကဋ္ဌ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအမှာစကားပြောကြားရာတွင် မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်း မြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂက ဦးဆောင်ပြီး ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ဘဝ အရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်စသည့် ရည်ရွယ်ချက် များနှင့် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၄ ခုနှစ် ကစ၍ အစဉ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်အထိ အကြိမ်(၃၀)ပြည့် မြောက်ပြီ ဖြစ်ကြောင်း။

၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်အနေဖြင့် “United in action to rescue and achieve the SDGs for, with and by persons with disabilities” “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့ပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Sustainable DevelopmentGoals (၁၇)ချက်ကို ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့ နေရသည့် လူမှုရေး၊ စီးပွားရေးနှင့်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း၊  စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အနက် ပန်းတိုင်အမှတ် (၁) (၄) (၈) (၁၀) (၁၁) နှင့် (၁၇) တို့သည် မသန်စွမ်းသူများနှင့် ဆက်စပ်နေသည့် ပန်းတိုင်များဖြစ်ကြောင်း။ ပန်းတိုင်အမှတ် - ၁အနေဖြင့် ဆင်းရဲနွမ်းပါးမှုကို နေရာတိုင်းတွင် အဆုံး သတ်စေရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ရရှိရေးအတွက် အခက်အခဲများကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့်  ရင်ဆိုင်ကြရကြောင်း၊ ထို့ကြောင့် ဆင်းရဲ နွမ်းပါးမှု အဆုံးသတ်စေရေး  ဆောင်ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှု မဟာဗျူဟာInclusive Development Strategies ကို ချမှတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက်နှင့် စွမ်းဆောင်နိုင်မှု များကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း။ ပန်းတိုင်အမှတ် - ၄၏ ရည်ရွယ်ချက်အနေဖြင့် အားလုံး အကျုံးဝင်ပြီး အရည်အသွေးမီ ညီမျှသည့် ပညာရေးကို ရရှိစေရေးနှင့် အစဉ်လေ့လာ သင်ယူနိုင်ရေး ပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ စွမ်းဆောင် ရည်ရှိသလောက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမှီအခိုကင်းစွာ ဘဝရပ် တည်နေထိုင်နိုင် စေရေးအတွက် အားလုံး အကျုံးဝင်ပညာရေး Inclusive Educationပေါ်ပေါက် လာစေရေး ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ အသက် မွေးဝမ်း ကျောင်းပညာသင်ကြားနိုင်ရေး၊ ဘဝသက်တမ်းတစ်လျှောက် သင်ယူလေ့လာ နိုင်စေရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။ ပန်းတိုင်အမှတ် - ၈သည် သင့်လျော်သည့် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ထုတ်လုပ် နိုင်စွမ်း ရှိသည့် လုပ်သားအင်အားစုမှာ မသန်စွမ်းသူများကိုလည်း နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်တစ်ခုအဖြစ်ထည့်သွင်းစဉ်းစားပြီး ပံ့ပိုးဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ ၈၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒရှိ၊ စွမ်းဆောင်ရည် ရှိကြသော်လည်း အလုပ်ရှင် အများစုက ငြင်းပယ်ကြသည့်အတွက် အလုပ်ရရှိရန်၊ အလုပ်လုပ်ကိုင်နိုင်ရန် အခက်အခဲရှိသူများဖြစ်ကြသည်ကို လေ့လာ သိရှိရပါကြောင်း၊ မသန်စွမ်း သူများအနေဖြင့် သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတားအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများနှင့် တန်းတူကိုယ်ပိုင်ဝင်ငွေ နှင့်ခံစားခွင့်များ ရရှိရေးတို့ကို ဆောင်ရွက်ပေး ရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ ကိုယ်တိုင် အလုပ်လုပ်လိုစိတ် ဖြစ်ပေါ်လာစေရေး အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှု နှင့် အရည်အသွေးကို မြှင့်တင်ပေးကြရ မည်ဖြစ်ကြောင်း။ ပန်းတိုင်အမှတ်-၁၀၏ ရည်ရွယ်ချက်သည် နိုင်ငံတွင်းနှင့် နိုင်ငံများ အကြား မညီမျှမှု လျှော့ချရေးပင်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အနေနှင့် လူ့အဖွဲ့အစည်း အတွင်းတွင် ပါဝင်ဆောင်ရွက်ခွင့် နည်းပါးခြင်း၊ ခွဲခြားဆက်ဆံ ခံရခြင်းတို့ကို ယနေ့ထိ ကြုံတွေ့ နေရဆဲပင်ဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးတွင် ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား၊ အားနည်းသူကို ဖေးမကူညီ ဆိုသည့် စိတ်နေစိတ်ထားများရှိပြီးဖြစ်သည်နှင့်အညီ မသန်စွမ်းသူများကို လူမှုအသိုင်း အဝိုင်းထဲက ပစ်ပယ်မထားဘဲ အားပေးကူညီ ပေးလျက်ရှိကြကြောင်း၊ မသန်စွမ်းသူများ ကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်း ဆိုင်ရာပါ ကျန်းမာကြံ့ခိုင်လာပြီး မသန်သော်လည်း စွမ်းသူများအဖြစ် ရောက်ရှိ အောင် ကူညီဖေးမ သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနားလည်စေရေး အသိပညာပေး ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကို မသန်စွမ်းသူများ ကိုယ်တိုင်သိရှိစေရေးနှင့် လက်လှမ်းမီ ရယူအသုံးပြုနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက် ပေးသွာ ကြရန်လိုကြောင်း။ ပန်းတိုင်အမှတ် - ၁၁သည် အားလုံးအကျုံးဝင်ပြီး စဉ်ဆက် မပြတ် တိုးတက်မှုကို ဖြစ်စေမည့် မြို့ပြများနှင့် လူနေရပ်ကွက်များထူထောင်ရေးကို ရည်မှန်း ထားရှိကြောင်း၊ အများပြည်သူသုံး ယာဉ်များကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊ အများပြည်သူနှင့် ဆိုင်သည့်နေရာ၊ အဆောက်အဦ များကို အတား အဆီးကင်းမဲ့စွာ သွားလာနိုင်စေရေး Barrier Free ဖြစ်စေရေး တို့ကို စီစဉ်ဆောင် ရွက်ခြင်းတို့နှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများ နည်းတူ သွားလာနေထိုင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် စီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ ပန်းတိုင်အမှတ်- ၁၇သည် မျှော်မှန်းထားသည့် ရည်မှန်းချက် ပန်းတိုင် များရရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို  မြှင့်တင်ရေး ဖြစ်ကြောင်း၊ အစိုးရများအကြား၊ အစိုးရနှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သကဲ့သို မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲ့ အစည်းများ၏ ပါဝင်ဆောင်ရွက်မှုကိုလည်း လိုအပ်မည်ဖြစ်ကြောင်း၊ မသန်စွမ်း သူများ အနေဖြင့် ဆုံးဖြတ်ချက် ချမှတ်သည့်အဆင့်များတွင် ပါဝင်နိုင်စေရေးနှင့် မသန်စွမ်း သူများ၏ အမြင်နှင့် သဘောထားကို အလေးထား ထည့်သွင်းပေးရေး တို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ နှင့် ၂၀၁၇ ခုနှစ်တွင် နည်းဥပဒေများကို အသီးသီးပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

ထို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံ မဟာဗျူဟာ လုပ်ငန်းစဉ်၂၀၁၅ တို့နှင့် အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ(၅) နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ ကို  အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

မဟာဗျူဟာ (၅) နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့် အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝ ဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီ ရယူအသုံးပြုနိုင် မှုစသည့် ကဏ္ဍစုံပါရှိကြောင်း၊ မဟာဗျူဟာ(၅) နှစ်စီမံကိန်း၏ လုပ်ငန်းစီမံချက်များ ကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

မဟာဗျူဟာအခန်း တစ်ခုချင်းစီအလိုက် လေ့လာကြည့်ပါက စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals နှင့် ချိတ်ဆက် နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ (၅)နှစ် စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ Sustainable Development Goals ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း။

ယခု ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့၏ ဦးတည်ဆောင်ပုဒ် ဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူ များနှင့်အတူ ကူညီဆောင်ရွက်စို့နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ Sustainable Development Goals ရရှိစေရေး ဦးတည်ဆောင်ရွက်ကြရာတွင် မသန်စွမ်းမှုကိုအကြောင်းပြုပြီး ချန်လှပ် ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး Leaving no one behind မူကို လက်ကိုင်ထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးကို မသန်စွမ်းသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဒုတိယ ဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး   ဒေါက်တာစိုးဝင်း က မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ ဗီဒီယိုမက်ဆေ့နှင့် အပြည်ပြည်ဆိုင်ရာ   မသန်စွမ်းသူများနေ့   အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်း တို့ကို ပြသသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ   အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ  ဦးသိန်းဟန်သူ  က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အထိမ်းအမှတ်  အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင်     ဂုဏ်ပြုဆုရရှိကြသူများကို   ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။ ယင်းနောက်  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း  တို့က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိကြသူများ နှင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလာ ရေးဂုဏ်ပြုဆုရရှိကြသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း က မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေး ဂုဏ်ပြုဆုရရှိသူကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍နားမကြားသောကလေးများကျောင်း(မန္တလေး)မှ မသန်စွမ်း ကလေးများက အီနောင်အက ဖြင့်လည်းကောင်း၊ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ  မသန်စွမ်းကလေးများက ဦးရွှေရိုး နှင့် ဒေါ်မိုး အကဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့်    မသန်စွမ်းသူများနှင့်   သက်ဆိုင်သော စာအုပ်များ၊ လက်မှုထုတ်ကုန်ပစ္စည်းများ နှင့် အထိမ်းအမှတ်  ဓာတ်ပုံပြခန်းများကိုကြည့်ရှုခဲ့ကြောင်းနှင့် သီးခြားအစီအစဉ်အနေဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က အီနောင်အကဖြင့် ကပြဖျော်ဖြေခဲ့သည့် နားမကြားသောကလေးများကျောင်း(မန္တလေး)မှ မသန်စွမ်းကလေးများအား ဆုတော်ငွေ ၁၀ သိန်းကိုလည်းကောင်း၊ ဦးရွှေရိုးနှင့် ဒေါ်မိုး အကဖြင့် ကပြဖျော်ဖြေခဲ့သည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်)မှ  မသန်စွမ်းကလေးများအား ဆုတော်ငွေ ၅ သိန်းကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR