ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ်သိမြင်နားလည်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်မိုးဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသူသင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီဝင်တည်နေရာရေမြေအနေအထားတို့အရ ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပေါ်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ နွေ၊ မိုး၊ ဆောင်း ဥတု(၃)ပါးအနက် မိုးကာလသည် သဘာဝဘေး ပိုမိုဖြစ်ပွားလေ့ရှိပါကြောင်း၊ ဘေးအန္တရာယ်များ၏ သဘောသဘာဝအရ မဖြစ်ပွားစေရေး တားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်များ၏ သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ဘေးလျော့ပါးရေးစသော နည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြရပါကြောင်း၊ ကြိုတင်ပြင်ဆင်ရေး နည်းလမ်းသည် အဓိကကျသော လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှု အားကောင်းနိုင်စေရေးအတွက် ဘေးအန္တရာယ်လျော့ပါးသက်သာစေရေးဆန်းစစ်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့် မိုးလေဝသဆိုင်ရာသတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဆောလျင်စွာ ရရှိနိုင်ရန် လိုအပ်သကဲ့သို့ ရရှိထားသော သတင်းအချက်အလက်များ အပေါ်အများပြည်သူ အလွယ်တကူ သဘောပေါက်သိမြင်နားလည်နိုင်ရေး ဖော်ပြရေးသား ပြောဆိုနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ သို့မှသာ လိုအပ်သည့်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ရွှေ့ပြောင်းရေးစသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း သဘာဝဘေး လျော့ပါးရေးလုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကြိုတင်သတိပေးခြင်းလုပ်ငန်းကို အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေကြ သည်ကို မြင်တွေ့ရမှာ ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) အရ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို Global Target (၇)ခု ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆန်ဒိုင်းမူဘောင်၏ Target G ဖြစ်သည့် Early Warning and Risk Information အရ ၂၀၃၀ ပြည့်နှစ်တွင်ဘေးအန္တရာယ်ပေါင်းစုံအတွက် ကြိုတင်သတိပေးစနစ် များနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတိပေးအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်ရေးအတွက် သိသိသာသာ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ ယခုနှစ် ဖြစ်ပွားခဲ့သော လေဖိအားနည်းရပ်ဝန်း 91B Invest ASANI မုန်တိုင်းနှင့် 93B Invest တို့၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ချက်များကို ရယူ၍ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထိခိုက်မှု မရှိသလောက် နည်းပါးခဲ့သည်ကို နမူနာကောင်း အနေဖြင့်တွေ့မြင်ရမှာ ဖြစ်ပါကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်ကြိုတင်သတိပေးချက်များသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် များစွာအထောက်အကူဖြစ်စေသည်ကို သိမြင်နိုင်မှာဖြစ်ပါကြောင်း၊ ထုတ်ပြန်ချက်များကို ပြည်သူများထံသို့ စောနိုင်သမျှ စောအောင် ရောက်ရှိနိုင်စေရေးနှင့် သတင်းအချက်အလက်များကို ပိုမိုလွယ်ကူရှင်းလင်းစွာ ဖြန့်ဝေနိုင်မှုကသာ သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ၌ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို လုပ်ဆောင်ခြင်းသည် ဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ တစ်ဖက်မှာလည်း ရရှိပြီးသော ဖွံ့ဖြိုးမှုအသီးအပွင့်များကို ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်းဖြစ်သဖြင့်  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အတွက်လည်း အထောက်အပံ့တစ်ခုအဖြစ် ရပ်တည်ခံယူဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် ကြိုတင်သတိပေးချက်များကို သိမြင်နားလည်နိုင်စွမ်း တိုးတက်စေရန် ပိုမိုလိုအပ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး လက်ရှိလုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ရုံးအမှတ်(၂၃)တွင် ရှိသော အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)အပြင် တိုင်းဒေသကြီး/ ပြည်နယ်တွင်လည်း EOC ဌာနခွဲများကို ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပါကြောင်း၊ ထိုသို့ ရည်မှန်းထားသည့်အတိုင်းဆောင်ရွက်လျက်ရှိရာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ဖြည့်ဆည်းနိုင်ရေး စီမံဆောင်ရွက်နေ သကဲ့သို့နည်းပညာတတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန်လည်းဆောင်ရွက်နေပါကြောင်း၊ ယခု သင်တန်းဖွင့်လှစ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်အတွက်များစွာအကျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူးရုံးအဖြစ်ဆောင်ရွက်ရပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မြန်ဆန်တိကျသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များကို ကဏ္ဍအလိုက်လိုအပ်သည့် စီမံခန့်ခွဲမှုများအတွက် ထိရောက်စွာဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်စသဖြင့် အဆင့်အလိုက် တင်ပြညှိနှိုင်းချိတ်ဆက် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် ပို့ချမည့် ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတ များကို ဂရုတစိုက် လေ့လာကြပါရန်နှင့် တာဝန်ကျရာ ဒေသများအလိုက် ဖြစ်ပွားလေ့ရှိသော ဘေးအမျိုးအစားများနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ သေချာစွာ ကြိုးစားလေ့လာ မှတ်သားကြရန်မှာကြားလိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ကြိုတင် သတိပေးခြင်းလုပ်ငန်းများတွင် ဦးစီးဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ယခုထက် ပိုမိုတိုးတက်လုပ်ဆောင်နိုင်ကြရန်လည်း မျှော်မှန်းထားပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါကြောင်း၊ သင်တန်းသို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးချုပ်နှင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ အရာထမ်း/အမှုထမ်း(၂၈)ဦး တက်ရောက်ခဲ့ပါကြောင်း နှင့် သင်တန်းကာလမှာ (၁၄-၆-၂၀၂၂)ရက်နေ့မှ (၁၅-၆-၂၀၂၂) ရက်နေ့အထိ (၂)ရက်တာ ကျင်းပမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနများသို့ ကြည့်ရှုစစ်ဆေး
(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR