လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပဆောင်ရွက်ခဲ့သည်။

          အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် (၃၀)ဦးနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ Ms. Sara Binyoh ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင် (၁၅)ဦး တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကား ပြောကြားရာတွင်  လူကုန်ကူးခြင်းပြဿနာသည် နိုင်ငံတစ်နိုင်ငံတည်း ဖြေရှင်းမရသည့် ရှုပ်ထွေးသော ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်ပြန်လည်ပို့ဆောင်ရေး၊ တရားမျှတမှုရရှိရေးနှင့် ရေရှည်တည်တံ့သော ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် နိုင်ငံဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုသည်မရှိမဖြစ် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအကြား စံပြနမူနာကောင်း ဖြစ်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ အဓိကအပိုင်းတွင် ပါဝင်သော ကထိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အဓိကတာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး လူကုန်ကူးခံရသူများအား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၅၀၀)ခန့်နှင့် ညီမျှ သော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများအား ဂေဟာတွင်လက်ခံ စောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေး ငွေများ ရရှိအောင်ဆောင်ရွက်ပေးခြင်းတို့အတွက် လူကုန်ကူးခံရသူများကိုယ်စား နိုင်ငံတော် အနေနှင့် ထိုင်းနိုင်ငံအစိုးရကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

                   ဆက်လက်၍ ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် MS. Sara Binyoh က အမှာစကားပြောကြား ရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအနေဖြင့် MoU လက်မှတ်ရေးထိုးခြင်းမပြုမီကာလ ကတည်းက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ MoU အား လက်မှတ်ရေးထိုးပြီးနောက် ပူးပေါင်းဆောင်ရွက်မှုအား အချိန်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုပြဿနာသည် လူသားများ၏ အခွင့်အရေးနှင့် လူ့ဂုဏ် သိက္ခာ ချိုးဖောက်စေသည့် ပြဿနာဖြစ်သည့်အတွက် ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူး မှုပြဿနာမဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီမည့်နည်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှု ပြဿနားများကို ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် လူကုန်ကူးခြင်းခံရသူများအား ထိုင်းနိုင်ငံအစိုးအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာနှင့် နိုင်ငံတကာ စံနှုန်းနှင့်အညီ

ကြည့်ရှုစောင့်ရှောက်ထားရှိကြောင်း ပြောကြားခဲ့ပသည်။

                   ယင်းနောက် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေးအား နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များဦးဆောင်၍ ဆက်လက်ကျင်းပ ခဲ့ပါ ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက်အား နှစ်နိုင်ငံအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

                   ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား  ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေးအောင်မြင်ခြင်းအထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံက ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR