ရက်စွဲ ၁၂.၉.၂၀၂၂

စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၂.၉.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင်  မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ရှိ  သင်တန်းခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကေျာင်းမှ  ဒုကျောင်းအုပ်ကြီး  ဒုရဲမှူးကြီးထွန်းဖေ ၊  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊  မူးယစ်ဌာနခွဲမှ    ညွှန်ကြားရေးမှူး ဦးကျော်စွာ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ သင်တန်းသားများ၏ မိဘဆွေမျိုးများနှင့် စုစုပေါင်း (၁၀၀)ခန့်  တက်‌ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ အမှတ် (၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း ဒုကျောင်းအုပ်ကြီး ဒုရဲမှူးကြီးထွန်းဖေက ယနေ့လူငယ်တွေရဲ့ အမြင်မှားအထင်မှား အတွေးမှားတွေကြောင့် လမ်းမှားတွေရောက် အနာဂါတ်ပျောက်ဆုံးနေတာကိုတွေ့ရကြောင်း ၊ ယနေ့လူငယ်တွေမှာ အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် လိုအပ်နေလျက်ရှိကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများတွင် အနိမ့်ဆုံးထားရှိရမည့် စံသတ်မှတ်ချက်ရေးဆွဲသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပါဝင်‌ဆောင်ရွက်ပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂါတ်ကို ဦးဆောင်ရမည့် ခေါင်းဆောင်နေရာများကို ပခုံးလွဲတာဝန်ထမ်းဆောင်နိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။        

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စွာက သင်တန်းသားများအနေဖြင့် ရက်ပေါင်း(၉၀) ကြာ သင်တန်းတက်ရောက်ခဲ့ပြီးဖြစ်၍ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)မှ  ပို့ချလိုက်တဲ့  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို  ပြန်လည်အသုံးချစေချင်ကြောင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်တွေကို လေ့လာဆည်းပူးခဲ့တဲ့အတွက် ပြန်လည်အသုံးချသွားလိုကြောင်း၊ မူးယစ်ဆေးစွဲသူ များရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်မှာ ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်ထားပြီး စခန်းအ‌ခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများ၊ ရပ်ရွာအခြေပြု  ပြန်လည်ထူထောင်ရေးသင်တန်းများနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများကို အရှိန်အဟုန်မြှင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ၊ ယခုဖွင့်လှစ်ပြီးစီးခဲ့တဲ့ စခန်းအခြေပြု    ပြန်လည်ထူထောင်ရေးသင်တန်းကို (၁၅.၆.၂၀၂၂) ရက်နေ့မှ (၁၂.၉.၂၀၂၂) ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့်  ရက်(၉၀)ကြာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ပြန်လည်ထူထောင်ရေးစခန်း ( ဝက်ထီးကန် )မှ  စခန်း မန်နေဂျာနှင့် ဝန်ထမ်းများ၊ အခြားဌာနမှ တွဲဖက်ဝန်ထမ်းများ၊ ဝက်ထီးကန်မြို့မှ နယ်မြေလုံခြုံရေးတာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) စခန်းမန်နေဂျာမှ သင်တန်းဆင်း သင်တန်းသားများအား မူးယစ်နွံထဲ ပြန်လည်မရောက်ရှိဖို့ အစစအရာရာ သတိရှိနေသွားကြဖို့ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စံပြထူးချွန်ဆု၊ သက်မွေးထူးချွန်ဆု၊ အားကစားထူးချွန်ဆုများအား ဆုများအသီးသီးပေးအပ်ပြီး သင်တန်းသားများကိုယ်စားသင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ နံနက် ( ၁၁:၀၀ ) နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR