ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ(၁/၂၀၂၆)အစည်းအဝေးကို ၂၂-၁-၂၀၂၆ ရက်၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး၊ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးတင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေး၌ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၅ ဒုတိယ (၆) လပတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို ဝိုင်းဝန်းဆွေးနွေးပြီး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ အစီရင်ခံစာပါ အချက်အလက်များကိုပြုစုပြီး အမျိုးသားအဆင့်ကော်မတီမှတစ်ဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ ဆက်လက်တင်ပြလမ်းညွှန်မှုခံယူရမည်ဖြစ်ပါကြောင်း၊ အဆိုပါရုံး၏ခွင့်ပြုချက်ဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့သွားမှာဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၅ သည် ၉-၁၁-၂၀၂၅ ရက်တွင် စတုတ္ထသက်တမ်း (၁) နှစ်ပြည့်ပြီဖြစ်သည့်အတွက် သက်တမ်းတိုးနိုင်ရေးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ ၂၄-၁၁-၂၀၂၅ ရက်တွင် တင်ပြလမ်းညွှန် မှုခံယူခဲ့ပါကြောင်း၊ နိုဝင်ဘာလ(၂၆)ရက်တွင် ခွင့်ပြုချက်ရရှိသဖြင့် ပဉ္စမသက်တမ်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုအစီရင်ခံစာ (မူကြမ်း) ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပေးပို့သည့်အချက်အလက်များကိုစုစည်းပြီး အစီရင်ခံစာတွင်ထည့်သွင်းရေးသားထားရှိပါကြောင်း၊ ဒုတိယ(၆)လတာ ကာလအတွင်း ခရိုင်(၄၅) ခရိုင်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ အသိပညာပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာခရိုင်အဆင့် လူမှုဝန်ထမ်းရုံးနှင့်အတူ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့၏ တာဝန်ရှိသူများက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး TOT သင်တန်းကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ရန်စီစဉ်နေသဖြင့် လုပ်ငန်းကော်မတီဝင်များအနေနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ(၁/၂၀၂၅)အစည်းအဝေး၏ အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးပြီးနောက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု စတုတ္ထသက်တမ်း၏ ဒုတိယ(၆)လပတ် အစီရင်ခံစာ(မူကြမ်း) ရေးသားထားမှုကို လုပ်ငန်းကော်မတီ၊ အဖွဲ့ဝင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးကတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို နံနက် ၁၁:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။












