ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် In Person ဖြင့် ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၅.၉.၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ In person တက်ရောက်ကြသည့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် နိုင်ငံသူနိုင်ငံသားများကို လူမှုကာကွယ်စောင့်ရှောက်ရေး အကူအညီများပေးခြင်းနှင့် ကျား-မ တန်းတူညီမျှရေး ဆောင်ရွက်တဲ့နေရာမှာ အသက်အရွယ်အလိုက်အခွင့်အရေးများ ဖော်ဆောင်ပေးခြင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) များ မွေးထုတ်ကာ ဖြစ်ရပ်များအလိုက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု နည်းစနစ်များဖြင့် ကူညီဖြေရှင်းစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ လူမှုရေးဝန်ဆောင်မှုများပေးရာတွင် ဖြစ်ရပ်အကြောင်းအရာအမျိုးမျိုးကွဲပြားသလို၊ ပြဿနာပဋိပက္ခများ၏ အတိမ်အနက်အလိုက် ထိတွေ့ကိုင်တွယ် အကူအညီပေးဖော်ဆောင်နိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ဦးစီးဌာနရှိ အကူအညီပေးရေးဝန်ဆောင်မှု တာဝန်ထမ်းဆောင်နေရသူများအဖို့ ထိုမတူကွဲပြားသော ဖြစ်ရပ်အခြေအနေ သဘောတရားများ၊ လူမှုအဖွဲ့အစည်းအတွင်း လူမှုသဟဇာတဖြစ်ရေး ဆိုင်ရာနည်းနိဿယများကို လေ့လာထားရှိဖို့ အလွန်အရေးကြီးပါကြောင်း၊ လူမှုသဟဇာတဖြစ်ရေးသည် မြန်မာနိုင်ငံတွင် လိုအပ်သောကိစ္စတစ်ခုဖြစ်သဖြင့် ယခုသင်တန်းဖွင့်လှစ်ခြင်းသည် အင်မတန်အကျိုးရှိပါကြောင်း၊ မတူကွဲပြားခြင်းများသည် နေရာတိုင်းမှာရှိပါကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရသည့်ပညာရပ်များ၊ လူမျိုး၊ ဘာသာ စသည်ဖြင့် မတူညီမှုများစွာရှိကြောင်း၊ မတူညီမှုများကို ယိုးမယ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်မှုမရှိပါက လူမှုပဋိပက္ခများမှာအမြဲဖြစ်ပေါ်နေမည်ဖြစ်ပြီး လူမှုသဟဇာတ မဖြစ်နိုင်တော့ပါကြောင်း၊ မတူညီမှုများထဲမှ တူညီသည့်အချက်များမှာ လူတိုင်း လူတိုင်းသည် ကြီးပွားတိုးတက်လိုခြင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းတို့ဖြစ်ပါကြောင်း၊ ယင်းတူညီသည့်အချက်များ အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦးပြဿနာမဖြစ်အောင်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်အောင် ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် Social Cohesion၊ Social Harmony ကဲ့သို့သော သင်တန်းများသည် အလွန်အရေးကြီးကြောင်း၊ ထို့အတွက် ယခုသင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေး (နည်းပြ) သင်တန်းကို (၃၀.၅.၂၀၂၂) ရက်နေ့မှ (၃.၆.၂၀၂၂) ရက်နေ့အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာဖွင့်လှစ်ခဲ့ပြီး အဆိုပါ (နည်းပြ) သင်တန်းရဲ့အဆက်ဖြစ်တဲ့ (ဆင့်ပွား) သင်တန်း (၃) ကြိမ်ကို ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းမှာပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ယခုသင်တန်းအပြင် နောက်ထပ် (၂) ကြိမ် ဆက်လက်ဖွင့်လှစ်ဖို့လည်း စီစဉ်ထားရှိပါကြောင်း၊ ယခုသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းများသာမက ပြည်သူအများနှင့်ထိတွေ့နေသည့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းပါဝင်၍ သင်တန်းတက်‌ရောက်သည့်အတွက် ပြည်သူအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းသည်သာ ကြီးပွားတိုးတက်ရေးကို တက်လှမ်းနိုင်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာဒေသမှာ ကိုယ်တိုင်လည်းလက်တွေ့ကျင့်သုံးသလို ရပ်ရွာအတွင်းတတ်စွမ်းသမျှ ထပ်ဆင့်အသိပညာပေးကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား (၅.၉.၂၀၂၂) ရက်နေ့မှ (၉.၉.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဌာနဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသူများ၏ အရည်အသွေးနှင့် လူမှုသဟဇာတပညာရပ်ဆိုင်ရာခံယူချက်၊ အသိပညာများပြည့်ဝလာပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။



နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR