''ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား  အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး''ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကဦးဆောင်ရေးဆွဲထားတဲ့အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) - (NSPAW)၏အဓိကလုပ်ငန်း နယ်ပယ်(၁၂)ရပ်တွင်အမျိုးသမီးများနှင့်အသက်မေွးဝမ်းကျောင်းမှုနှင့်အမျိုးသမီးများနှင့်စီးပွားရေးစသည့် နယ်ပယ်(၂)ရပ်ပါဝင်ပါကြောင်း၊လက်ရှိဖြစ်ပွားလျက်ရှိသည့်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွားထိခိုက်မှုများသည် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုထိခိုက်သက်‌ရောက်လျက်ရှိပါကြောင်း၊ လုပ်သားဦးရေလျှော့ချခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခြင်းများကြောင့်လည်း အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ထိခိုက်လျက်ရှိကြောင်း၊နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့အနက်၅၁ ရာခိုင်နှုန်းကျော်မှာ ကျေးလက်နေအမျိုးသမီးများ ဖြစ်သည့်အတွက် ကျေးလက်နေအမျိုးသမီးများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်းစဉ်းစားခြင်းသည် နိုင်ငံသာယာဝပြောမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်တိုးမြှင့်စေသော အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါကြောင်း၊ကိုဗစ်-၁၉ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို လျော့ချနိုင်ရန် အတွက် ကျေးလက်နေအမျိုးသမီးများ၏ ဝင်ငွေရ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ အရှိန်မပျက် ပုံမှန်ရရှိစေရန်၊ ကိုဗစ်ကြောင့်ရပ်ဆိုင်းသွားရသည့် အငယ်စားစီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် ဝင်ငွေမရှိသေးသည့် အမျိုးသမီးများအတွက်ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်မှာ ကျေးလက်နေ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရန်၊ ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း သင်တန်းများမှတစ်ဆင့် မိသားစုဝင်ငွေတိုးပွားလာစေရန် နှင့် အမျိုးသမီးများ အသိပညာဗဟုသုတတိုးပွားလာပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန်တို့ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့်ဌာန/အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက်  မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

   ''ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်'' ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍  နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သာယာကုန်းကျေးရွာနှင့်တပ်ကုန်းမြို့နယ် သကြားဟင်းအိုးကျေးရွာတို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘေွကျေးရွာနှင့် တိမ်ညိုကျေးရွာတို့တွင်  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အချက်အလက်များကောက်ယူခဲ့ပြီး တွေ့ရှိချက်များအပေါ် အခြေခံ၍ စီမံချက်အား ရေးဆွဲထားခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ဆက်လက်၍ မွန်းလွဲပိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၂)ကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မသန်စွမ်းသူများ၏ လုပ်ငန်း ကော်မတီကို ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခင်က အစည်းအဝေး စုစုပေါင်း(၆)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေး (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးမှာ သတ္တမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ အခြေအနေကြောင့် အစည်းအဝေး အခမ်းအနားများကိုမပြုလုပ်နိုင်ခဲ့သော်လည်း လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၈.၁၀.၂၀၂၁) ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၁) ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီကို ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ယခု လုပ်ငန်းကော်မတီအစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးပါကလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဆက်လက်တင်ပြဆောင်ရွက်သွားရန်ရှိပါကြောင်း၊ယနေ့ကျင်းပသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပိုမိုအကောင်အထည်ဖော်ဆောင် ရွက်ရန် ဆပ်ကော်မတီ (၉) ခုကို ဖွဲ့စည်းထားရှိပြီး မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ငန်း တာဝန်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ တရား မျှတမှုနှင့် တန်းတူညီပါဝင်နိုင်ရေးများကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းကိုလည်း မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေးကိုလည်း ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ တစ်ဆက်တည်းမှာပဲ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) (၄) မြို့နယ်ဖြစ်သော ပုဗ္ဗသီရိမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ညောင်လေးပင် မြို့နယ်နှင့် ဘားအံမြို့နယ်များတွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်များတွင် အကောင်အထည် ဆောင်ရွက်ရန်ရှိပါကြောင်း၊ (၂၀၁၇) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဆောင်ရွက်ချက်များကို စုစည်းပြီး ပထမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ပြီး (၂၀၂၀) ပြည့် နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ချက်များကို ဒုတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအဖြစ် ယခုနှစ် မတ်လအတွင်း ထုတ်ဝေနိုင်ရေးကို ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မသန်စွမ်းသူဦးရေ (၃၆၇၁၂)ဦးကို ငွေကျပ် (၁,၁၀၂,၁၆၅,၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း CERP အစီအစဉ်အရ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်းသူများနှင့် အနာကြီးရောဂါခံစားနေရသူ စုစုပေါင်း (၂၁၄၇၂၀) ဦး အတွက် ငွေကျပ်(၆,၇၃၆,၀၀၀,၀၀၀) ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လကာလတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်များရှိ မသန်စွမ်းသူဦးရေ (၅၅၁၃) ဦးအတွက် ငွေကျပ် (၁၆၅,၅၅၀,၀၀၀) ကို လည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာ့ ဝန်ထမ်းနှင့် ပရဟိတ အဖွဲ့အစည်းများကို မသန်စွမ်းသူများအား ကူညီပြုစုစောင့်ရှောက်ရေးနှင့် ဆိုင်သော သင်တန်းများပေးခြင်း Psychosocial Support သင်တန်းများပေးခြင်း၊ Quarantine Center များတွင် ခေတ္တ နေထိုင်ရသော မသန်စွမ်းသူများအား ထောက်ပံ့ကူညီမှုများပေးခြင်းနှင့် နိုင်ငံတော်အစိုးရ ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မသန်စွမ်းသူများကို ဦးစားပေးအုပ်စုတစ်ခုအဖြစ် ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်စပ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

 ဆက်လက်၍ မသန်စွမ်းသူများ၏ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကိုဗစ်-၁၉ ရောဂါကူးစက် ရောဂါဖြစ်ပွားနေသည့် အချိန် ကာလဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရဆိုသော မူဝါနှင့်အညီ မသန်စွမ်းသူများအတွက် အဖက်ဖက်မှ အလေးထား ဆောင်ရွက်ပေးနေပြီး ရေရှည် အထောက်အကူပြုနိုင်မည့် လုပ်ငန်းအစီအစဉ်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ လူမှုဘဝရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် အလေး ထားပြီး ဝိုင်းဝန်အကြုံဆွေးနွေးပေးကြစေလိုပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပြီး မကြာမီကျင်းပမည့် အမျိုးသားကော်မတီအစည်းအဝေးအတွက်လည်း ကြိုတင်ပြင်ဆင် ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ယခင် အစည်းအဝေးများ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေကို ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လည်းကောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ် စီမံကိန်း  (မူကြမ်း) ကို ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးအတည်ပြု ခဲ့ကြပါသည်။

   ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်း အဝေး (၁/၂၀၂၂)၏ လျာထားအစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်က  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တတ်ရောက်လာကြသူများက ညှိနှိုင်းအကြုံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR