စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာတွင် တိုးတက်တီထွင်မှုနှင့်အတူ ဓာတုဗေဒဆေးဝါးမျိုးစုံ ပေါ်ပေါက်လာသောကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုစသည့်မူးယစ်ဆေးဝါးပြဿနာမျိုးစုံသည်မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၌ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ပျက်စီးစေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ကာကွယ်ထိန်းချုပ်နိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(၁၄)ခုဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ်မှ ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလအထိစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၄၃)ကြိမ်တွင်သင်တန်းသား/သူစုစုပေါင်း(၁၀၆၁)ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင်မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အစိုးရဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးလျက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ကိုယ်စီအတွေ့အကြုံများကို အချင်းချင်းဖလှယ်ရင်း ဆွေးနွေးပွဲမှရရှိလာသည့်အသိပညာဗဟုသုတ၊ အတွေ့အကြုံ၊ ကွန်ရက်ချိတ်ဆက်မှုများအား အနာဂတ်အတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အသုံးချသင့်ကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးအတွက် ဝန်ကြီးဌာနများက ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့် နယ်ပယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ပြောင်းလဲနေသော ခေတ်ကာလနှင့်အညီ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။






