လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်လုပ်ငန်းတစ်ခုဖြစ်သောသက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (နေပြည်တော်)ဖွင့်ပွဲအခမ်းအနားကို ၂၃-၇-၂၀၂၆ရက်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိနေပြည်တော် ကလေးပြုစုစောင့်ရှောက်ရေးဌာနအဆောက်အအုံတွင်ကျင်းပပြုလုပ်ခဲ့ရာအဆိုပါ ဖွင့်ပွဲအခမ်းအနားဖွင့်ပွဲသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ပထမဦးစွာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကသက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(နေပြည်တော်)အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံများတွင် သက်ကြီးဦးရေတိုးပွားလာခြင်းနှင့်အတူအသက်အရွယ်ကြီးရင့်ချိန်တွင် လုံလောက်သောလူမှုကာကွယ်စောင်ရှာက်ရေးဝန်ဆောင်မှုများပေးရန်နှင့် ကျန်းမာသန်စွမ်းပြီး တက်ကြွလှုပ်ရှားမှုရှိသော သက်ကြီးပုဂ္ဂိုလ်ဘဝကို ရရှိနိုင်ရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ၂၀၁၃ခုနှစ်တွင်ရန်ကုန်မြို့၌ စံနမူနာပြအဖြစ် ပထမဆုံးဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခုပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဖွင့်လှစ်သည့် ဂေဟာသည် ဒုတိယမြောက်ဂေဟာဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(နေပြည်တော်)တွင်သက်ကြီးပုဂ္ဂိုလ်များအား နေ့ပိုင်းလက်ခံစောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် လာရောက်ပြီးဝန်ဆောင်မှုရယူမည့် သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊အပန်းဖြေမှုအနားယူမှုနှင့် မိမိ၏ အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှုစသည့်ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ အကြင်နာ၊ ဝါသနာနှင့် ကရုဏာတို့ဖြင့် သက်ကြီးပုဂ္ဂိုလ်များကိုမိမိတို့၏ မိဘဘိုးဘွားများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် သက်ကြီးပုဂ္ဂိုလ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိခဲ့ပါသည်။





