လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ဩဂုတ်လ၂၆ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ငဝန်တာ၊အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှုကြောင့် ရေဝင်နစ်မြုတ်မှုများ ဖြစ်ပွားလျက်ရှိသောရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များသို့ သွားရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့အားကစားရုံ၊သင်္ဃန်းဒေါင့်ဘုန်းကြီးကျောင်းတို့ရှိ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိပြီး အိမ်ထောင်စု ၁၉၂ စု၊ လူဦးရေ ၅၈၅ ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ရေဘေးသင့်ပြည်သူများအနက် မှ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ မသန်စွမ်းသူ စုစုပေါင်း ထိခိုက်လွယ်လူဦးရေ ၈၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းနှင့် ထောက်ပံ့ငွေတို့ကို ပေးအပ်ခဲ့ရာ စုစုပေါင်းထောက်ပံ့မှုမှာ ငွေကျပ် ၇၃.၂ သိန်း ဖြစ်ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့ရှိ မြို့ပေါက်ဆိန်ဘုန်းကြီးကျောင်း၊ရတနာပုံဘုန်းကြီးကျောင်းနှင့် ဥယျာဉ်ကြီးဘုန်းတော်ကြီးကျောင်းများရှိ ရေဘေးရှောင် စခန်းများသို့ ဆက်လက်သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် တစ်ဦးတစ်ယောက်ခြင်း၊ တစ်ပိုင်တစ်နိုင်မှစ၍ သစ်ပင်များစိုက်ပျိုးကြရန်၊ အမှိုက်စွန့်ပစ်မှုများစနစ်တကျရှိကြရန်၊ မိမိတို့၏ ရင်သွေးငယ်များကို ပညာတတ်မြောက်၍ နိုင်ငံ့အတွက် အားထားရသော မျိုးဆက်သစ်များဖြစ်စေရေး ပျိုးထောင်ပေးကြရန်၊ ရေများကျဆင်း၍ နေအိမ်များ သန့်ရှင်းရေးဆောင်ရွက်ရာတွင် တစ်ကိုယ်ရည်ကျန်းမာရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ မိမိအိမ်နှင့်ပတ်ဝန်းကျင်အပြင် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းအစရှိသည့် အများပြည်သူပိုင်နေရာများကိုလည်း ပြည်သူများ၏ စုပေါင်းအားဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန်တို့ကိုပြောကြားပြီး စခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု ၆၃၆ စုမှ လူဦးရေ ၂၂၈၁ ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ရေဘေးသင့်ပြည်သူများအနက်မှ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူ စုစုပေါင်း ထိခိုက်လွယ်လူဦးရေ ၉၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းတို့ကို ထောက်ပံ့ရာ ထောက်ပံ့မှုစုစုပေါင်း ကျပ် ၂၁၄.၅၅ သိန်းကို ထောက်ပံ့ပေးအပ်ပါသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၊ လကုန်ပိုင်းမှစ၍ နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သော ရေကြီး/ရေလျှံမှု များကြောင့် ရေဘေးသင့်ခဲ့သောပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ပံ့ထားရှိမှုမှာ ငွေကျပ်သိန်းပေါင်း ၃၁,၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။








