ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ ကျင်းပသည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်( ၁/၂၀၂၆ )သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကမူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးနှင့်လုံခြုံရေးတို့ကိုခြိမ်းခြောက်နေသည့် သမားရိုးကျ မဟုတ်သည့်အန္တရာယ်တစ်ရပ်ဖြစ်ပါကြောင်း၊မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် မူးယစ်ဆေးဖြတ်ပြီးသူလူငယ်များအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊မူးယစ်ဆေးစွဲခြင်းသည်ရောဂါတစ်မျိုးဟုနိုင်ငံတကာကလက်ခံထားကြပြီးလမ်းမှားသို့ရောက်ခဲ့သည့် လူငယ်များအားဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ကြောင်း၊ထို့ကြောင့်မိသားစုဝင်များနှင့်ရပ်ရွာလူထု၏ စာနာနားလည်မှုသည်အရေးကြီးသဖြင့် မိဘပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုသည်မရှိမဖြစ်လိုအပ်ကြောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများအားဝက်ထီးကန်အပါအဝင် ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်၊ ဘားအံဒေသများ၌ဖွင့်လှစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစခန်းများတွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)အနေဖြင့်လည်းစခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁၀)ကြိမ်၊ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁)ကြိမ်ဖွင့်လှစ်ပြီးလူငယ်တို့၏အနာဂတ်အတွက် ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ကြောင်း၊ယခုသင်တန်းကိုလည်းရက်ပေါင်း(၉၀)ကြာဖွင့်လှစ်လျက်ရှိပြီးသင်တန်းကာလအတွင်းရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်မှုအနေဖြင့်အားကစားနည်းမျိုးစုံနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း၊စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်မှုအနေဖြင့် နှစ်သိမ့်ဆွေးနွေးခြင်း၊အသိပညာပေးခြင်း၊အလုပ်ပေးကုထုံး၊ဘာသာရေးကုထုံးများဆောင်ရွက်ပေးခြင်း၊အသက်မွေးဝမ်းကျောင်းပညာအနေဖြင့် တံဆိပ်ရိုက်၊ဆံသ၊ဘက်စုံသုံးဆပ်ပြာဆီ၊ ဘိလပ်အုတ်ရိုက်၊ဆိုင်ကယ်ပြင်သင်တန်းနှင့်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများသင်ကြားပေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ပြန်လည်ထူထောင်မှုခံယူထားသူများအားအလုပ်အကိုင်ရရှိစေရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊မိသားစုဝင်များအနေဖြင့်လည်းပြန်လည်ထူထောင်မှုခံယူပြီးမိဘအိမ်ပြန်ချိန်တွင် နွေးထွေးမှုဖြင့်အားပေးပြီးဆေးပြန်လည်သုံးစွဲမှုမဖြစ်စေရန် အကာအကွယ်ပေးကြစေလိုကြောင်း၊သင်တန်းသားများအနေဖြင့်လည်းမိသားစု၊ ရပ်ရွာ၊နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများအဖြစ် ရပ်တည်နိုင်မည်ဟုယုံကြည်ပါကြောင်း၊လူသားဆန်သောစိတ်ထား၊ပူးပေါင်းဆောင်ရွက်လိုသောစေတနာတို့ဖြင့် မူးယစ်ဆေးဝါးပြဿနာအားရင်ဆိုင်ဖြေရှင်းပြီးမျှော်လင့်ချက်နှင့်ပြည့်ဝသောအနာဂတ်ကိုအတူတကွတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းသားများနှင့် မိဘအပ်သင်တန်းသားများအားနွေးနွေးထွေးထွေးတွေ့ဆုံအားပေးစကားပြောကြားခြင်း၊ သင်တန်းအိပ်ဆောင်၊ ထမင်းစားဆောင်၊သင်တန်းသားများစိုက်ပျိုးထားသောစိုက်ခင်းနှင့်လမ်းဘေးဝဲယာရှိသစ်ပင်ပန်းပင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးကာဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။






