လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ၁၉-၁၀-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့် မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများပါဝင်တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိုင်းလုပ်ငန်းစဉ် (၅) ရပ်အနက် မိုင်းအန္တရာယ် အသိပညာပေးခြင်း (Mine Risk Education)၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအားကူညီထောက်ပံ့ခြင်း (Victim Assistance) နှင့် တိုက်တွန်းနှိုးဆော်ခြင်း (Advocacy) စသည့် မိုင်းလုပ်ငန်းစဉ် (၃) ရပ်အားဆက်နွယ်ဌာနများဖြင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအသိုင်းအဝန်းအတွင်းသန်စွမ်းသူများနည်းတူပါဝင်ဆောင်ရွက်ခွင့်ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာရှိစွာရပ်တည်နေထိုင်နိုင်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် နည်းဥပဒေများ (၂၀၁၇) တို့နှင့်အညီမသန်စွမ်းသူမှတ်ပုံတင်ထုတ်ပေးခြင်း၊ကူညီထောက်ပံ့ခြင်း၊ ပညာသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကျောင်းအတွက် ပံ့ပိုးကူညီခြင်းတို့အားဆောင်ရွက်လျက်ရှိပါကြောင်း၊မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သောပြည်တွင်းသောင်းကျန်းမှုများနှင့် လက်ရှိဖြစ်ပေါ်နေသောအကြမ်းဖက်တိုက်ခိုက်မှုများ၏မလိုလားအပ်သောအကျိုးဆက်အဖြစ် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုထိပါးခြင်းခံရရုံသာမကအချို့သူများမှာကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးမှုများကိုရင်ဆိုင်နေကြရပါကြောင်း၊ ပြည်သူများအနေဖြင့် မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများ၏အန္တရာယ်ကိုကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အန္တရာယ်ဖြစ်ပွားနိုင်ခြေတို့ကို လျှော့ချနိုင်ရေးမိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ရှိထားပြီးဖြစ်သောအသိပညာဗဟုသုတများနှင့် သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတများအားပေါင်းစပ်ပြီးမသန်စွမ်းသူများအားစာနာစိတ်ဖြင့် အလေးထားဆောင်ရွက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးတိုးမြှင့်ဖော်ဆောင်မှုနှင့်အတူပြည်သူများပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်ကင်းဝေးစေရေးပါဝင်ဆောင်ရွက်စေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။
အဆိုပါ “ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့် မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်း” အား (၁၉-၁၀-၂၀၂၆)နေ့မှ(၂၁-၁၀-၂၀၂၆)နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပြင် ဆက်စပ်အဖွဲ့အစည်း/ဌာန (၁၉)ခုမှ မှ အရာထမ်း (၄၀)ဦးတက်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။






