မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏လုပ်ငန်းကော်မတီ တစ်ရပ်ဖြစ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၁၀-၈-၂၀၂၆ ရက်၊ နေ့လယ်၁၃:၀၀နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဌာနဆိုင်ရာကော်မတီဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်၊၊
လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ အဓိကလုပ်ငန်းစဉ်ဖြစ်သည့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ကလေးလုပ်သားစစ်တမ်းအစီရင်ခံစာအရ တိုင်းဒေသကြီး၊ပြည်နယ်တို့မှ အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင်အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးအလုပ်သမားများကို တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများမှ လူမှုဖြစ်ရပ်စီမံခန့်ခွဲသူများကလူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီကွင်းဆင်းမှုများပြုလုပ်၍လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသည့် ကလေးသူငယ်များအတွက်သက်မွေးပညာသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊လုပ်ငန်းရှင်များနှင့်ပြည်သူတစ်ဦးချင်းစီကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့်ဥပဒေ၊ နည်းဥပဒေများကိုသိရှိလိုက်နာခြင်းဖြင့်ကလေးအလုပ်သမားများ၏ အခြေခံအခွင့်အရေးများကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ကော်မတီအနေဖြင့်မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈)တွင်ပါရှိသောလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်းဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ကအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်လုပ်ငန်းဆောင်ရွက်ချက်များအားတင်ပြဆွေးနွေးခဲ့ပြီးအစည်းအဝေးသို့ (In Person &Online) ဖြင့်တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားတင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက်ဒုတိယဝန်ကြီးကအဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့သတင်းပို့ရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးအား အကောင်းဆုံးအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်၊ ကလေးသူငယ်များအပေါ်ပုံစံအမျိုးမျိုးဖြင့်အသုံးချမှုများ၊ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမရှိစေရေးကာကွယ်တားဆီးမှုများဆောင်ရွက်သွားရန်၊အဓိကအားဖြင့်အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာအသိပညာများပေးရန်နှင့် မိဘများအတွက်ပုံမှန်ဝင်ငွေရရှိစေရေး အစီအစဉ်များရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဆွေးနွေးမှာကြား၍အစည်းအဝေးကိုနေ့လယ်၁၅:၀၀နာရီတွင်ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်၊၊






