မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) အား ယနေ့နေ့လယ် (၁၄:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ကော်မတီဝင်တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မသန်စွမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌကမသန်စွမ်းသူများ၏အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားရှိသကဲ့သို့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားပါ ကြောင်း၊ယခုကျင်းပပြုလုပ်သည့်အစည်းအဝေးသည် လုပ်ငန်းကော်မတီပြင်ဆင်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့်အစည်းအဝေးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏အောက်တွင် ကဏ္ဍအလိုက် မသန်စွမ်းသူများ၏အခွင့်အရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ(၉)ခုဖွဲ့စည်းထားရှိပါကြောင်း၊ ဆပ်ကော်မတီဥက္ကဋ္ဌများအနေဖြင့် မိမိတို့ဆပ်ကော်မတီ၏တာဝန်များအား အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား အမျိုးသားကော်မတီထံ တင်ပြအစီရင်ခံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ (၂.၂၉)သန်း (နိုင်ငံလူဦးရေ၏ ၇.၆ရာခိုင်နှုန်း)ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ စီမံကိန်းမြို့နယ်ပေါင်း(၃၀)တွင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းမြို့နယ်များမှ မသန်စွမ်းသူမှတ်ပုံတင်လျှောက်ထားလာသူ(၁၀,၈၇၉)ဦးအား မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအတွက် မသန်စွမ်းထောက်ပံ့ကြေးများကို နိုင်ငံတော်ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ မသန်စွမ်းသူ(၉,၅၄၃)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း(၂၈၆.၂၉)ကျပ်သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူက လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များအပေါ် စောင့်ကြည့်ဆန်းစစ်မှု ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ဆောင်ရွက်နေမှုအပေါ် ပြန်လည်သုံးသပ်နိုင်ရေး၊ မသန်စွမ်းသူများ၏ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မသန်စွမ်းကိုယ်စားလှယ်များက ကဏ္ဍအလိုက် မသန်စွမ်းသူများ၏အကျိုးအား ထည့်သွင်းဆောင်ရွက်နေမှုများ၊ တွေ့ကြုံနေရသောအခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။








