လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ Parkroyal Hotel ၌ ကျင်းပနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနတို့၏ (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်ပြန်လည်သုံးသပ်သည့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအကြားတွင် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့မှစတင်၍ မြန်မာ-ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် အောင်မြင်သောရလာဒ်ကောင်းများစွာ ရရှိလျက်ရှိသလို စိန်ခေါ်မှုများလည်းရှိနေပါကြောင်း၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်နေသူများအနေဖြင့် လူကုန်ကူးခံရသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များအရကူညီစောင့်ရှောက်မှုများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြသကဲ့သို့ ကာကွယ်တားဆီးရေးလုပ်ငန်းများအားလည်းတိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စောင့်ရှောက်မှုခံယူရချိန်တိုတောင်းရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများက ပူးပေါင်းပံ့ပိုးကြစေလိုကြောင်း၊ ထပ်မံ၍ လူကုန်ကူးမှုမခံရစေရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ဝိုင်းဝန်းကူညီကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်ဖြစ်သည့် လူကုန်ကူးခံရသူ၏ အကောင်းဆုံးအကျိုးစီးပွားကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။ ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Sunee Srisangatrakullert ကလည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် လူကုန်ကူးခံရသူများအား အတတ်နိုင်ဆုံး၊ အကောင်းဆုံးပံ့ပိုးကူညီလျက်ရှိကြောင်း၊ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများ နစ်နာမှုအနည်းဆုံးဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ထိုင်းနိုင်ငံမှပြန်လည်လွှဲပြောင်းလက်ခံခဲ့သည့် လူကုန်ကူးခံရသူ (၁)ဦးရရှိသည့် လျော်ကြေးငွေ ဘတ်(၄၅,၀၀၀)အား ကာယကံရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးအား မြန်မာ-ထိုင်း နှစ်နိုင်ငံဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း(၄၅)ဦးဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး (၂၄.၃.၂၀၂၆)ရက်နေ့တွင် မြန်မာ-ထိုင်းဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးအား ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။





