(၃၆)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို (၂၀-၁၁-၂၀၂၅)ရက်နေ့၊မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းလူမှု ရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာတစ်ဝှမ်းလုံးရှိကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုရရှိစေရန်နှင့်အခွင့်အရေးများကို ဖော်ထုတ်မြှင့်တင်ပေးရန်အတွက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊နိုဝင်ဘာလ(၂၀)ရက်နေ့ကိုလည်း ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့ကလေးများနေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ပြီးနှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၆)နှစ် ရှိပြီဖြစ်ပါကြောင်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားကော်မတီ၊လုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ကိုလည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးနည်းစနစ်များနှင့်အညီ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဆောင်ရွက်လျက်ရှိရာတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း(၁၄၁)ကျောင်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁,၂၃၃)ကျောင်းအားအသိအမှတ်ပြုပြီး၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ကျပ်(၁,၃၀၆.၉၈၀/-သန်း) ကို ထောက်ပံ့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၁,၁၄၀)ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးပြီး နည်းပညာများပံ့ပိုး၍ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် မူကြိုကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသောဒေသများတွင် မိခင်ဝိုင်းများအားဖွင့်လှစ်နိုင်ရေးအသိပညာပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်းဆောင်ရွက်လျက်ရှိပြီးမိခင်ဝိုင်း (၃၄၆)ဝိုင်းကို ထောက်ပံ့ငွေ ကျပ်၂၀၁သန်း ထောက်ပံပေးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင်လည်း အသက် ၆လမှ ၃နှစ်အရွယ်ကလေးများအတွက်နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရေးနည်းပညာပံ့ပိုးပေးလျက်ရှိပြီး နေ့ကလေးထိန်းကျောင်း(၁၄)ကျောင်းဖွင့်လှစ်နိုင်ခဲ့ခြင်း၊ ရပ်ရွာအတွင်းကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ထုတ်ပေးခြင်း၊နည်းပညာပံ့ပိုးပေးခြင်းနှင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ကြေးကျပ်၁,၆၄၅.၁၀၄/-သန်းထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတစ်ရပ်ဖြစ် သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(Maternal and Child Cash Transfer Program-MCCT)ကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့်ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကချမှတ်ထားသော ယခုနှစ်ကမ္ဘာ့ကလေးများနေ့ဆောင်ပုဒ်မှာ“Listen to Children:my day, my rights” “နေ့စဉ်အခွင့်အရေးများမြှင့်တင်ရေး၊ ကလေးများအသံ နားထောင်ပေး"ဖြစ်ပါကြောင်း၊ကလေးများအတွက်ဆောင်ရွက်ပေးသည့် လုပ်ငန်းများတွင်ကလေးများ၏စိတ်ကူး၊ ဆန္ဒနှင့် လိုအပ်ချက်များကိုထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ကလေးသူငယ်တိုင်း၏အနာဂတ်နှင့် ကောင်းမွန်လှပသည့် နေ့စဉ်ဘဝတွင်ကလေးအခွင့်အရေးများကို အပြည့်အဝရရှိခံစားရင်း လူကြီးဘဝကိုအေးချမ်းပျော်ရွှင်စွာရောက်ရှိလာအောင်လည်း ဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသခဲ့ပါသည်။၎င်းနောက် ကလေးများက သရုပ်ဖော်အကများဖြင့်တင်ဆက်ကပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ အမှတ်တရလက်ဆောင်များနှင့် ချီးမြှင့်ငွေများပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။







