နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်ကျင်းပလျက်ရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ စွမ်းဆောင်ရည် ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကားပြောကြားကာသုံးသပ်ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးချုပ်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် ဝန်ကြီးဌာနအနေဖြင့်သဘာဝဘေးစီမံခန့်ခွဲမှုစက်ဝန်းပါကြိုတင်ကာကွယ်ခြင်းနှင့်ထိခိုက်မှုများလျော့နည်းစေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ  ပေါင်းစပ်ညှိနှိုင်းကာ  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်ပြည်သူလူထုအခြေပြု (Community Based)နှင့် သင်တန်းကျောင်း အခြေပြု (Institution Based) သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် လုပ်ငန်းများအား ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးအလေးထားဆောင်ရွက်စေလျက်ရှိကြောင်း၊ အထူးသဖြင့် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Quick Win Project အနေဖြင့် သဘာဝဘေးအသိပညာပေးဗွီနိုင်း/ပိုစတာများကို  ပြည်သူလူထု ပိုမိုသိမြင်နားလည်လွယ်စေရန် Key Message  သတင်းအချက်အလက်များ ထုတ်နှုတ်ပြန်လည်ပြုစုထုတ်ဝေခြင်းအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ရည်မှန်းချက်မှာ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြခြင်းဖြင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဖြစ်ပါကြောင်း၊ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင်ဟင်္သာတမြို့၌ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ စွမ်းဆောင်ရည်ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဟု ခံယူမှတ်သားကြစေလိုပါကြောင်း၊ သင်တန်းကျောင်းစတင်ဖွင့်လှစ်ချိန် ကနဦးနှစ်များ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မြန်မာသဘာဝဘေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်ဖွံဖြိုးတိုးတက်စေရေး ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ သင်ရိုးညွှန်းတမ်းများပြုစုခြင်း၊ သင်ရိုးညွန်းတမ်းအလိုက် သင်တန်းသားလက်စွဲနှင့် နည်းပြလက်စွဲများ ပြုစုခြင်းများ ဆောင်ရွက်ခဲ့ရာမှ အဆင့်ဆင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ကြိုးစားအားထုတ်မှုများအား အသိအမှတ်ပြုပါကြောင်း၊ သင်တန်းကျောင်းအနေဖြင့်ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအခြေခံသင်တန်းနှင့်နည်းပြသင်တန်းများအပါအဝင် လက်တွေ့အသုံးချနိုင်မည့် သဘာဝဘေးစီမံခန့််ခွဲမှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ကာမိမိဝန်ကြီးဌာနမှဝန်ထမ်းများ၊သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် အစိုးရဌာနဆိုင်ရာများမှဝန်ထမ်းများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ပြည်သူလူထုအတွင်းမှစိတ်ပါဝင်စားသူများအားသင်ကြားပို့ချပေးလျက်ရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားနေချိန်တွင်New Normalအနေဖြင့်Virtual သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ခြင်းတို့ အတွက် ဝမ်း‌မြောက်ဂုဏ်ယူပါကြောင်း၊ လက်ရှိသင်ကြားပို့ချမှုများသည် သင်ရိုးညွှန်းတမ်းများ၏ မူလ လွှမ်းခြုံမှု၊ ဦးတည်ချက်များနှင့် ကွဲလွဲမှုမရှိစေရေး၊ မြေပြင်တွင် တွေ့ကြုံရသည့် သင်ကြားမှုဆိုင်ရာ စိန်ခေါ်မှုများအပေါ် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရေး၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် ဗဟိုအဆင့်မှ သုံးသပ်ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အဆင့်ဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ သင်ကြားရေး ဆိုင်ရာကျောင်းအုပ်ကြီးနှင့် နည်းပြများ၏ အသိပညာ၊ အတတ်ပညာများနှင့် ချိန်ထိုးကာ သုံးသပ်ဆွေးနွေး တင်ပြမှုများအား မှတ်သား၍ လိုအပ်သလို ပံ့ပိုးပေါင်းစပ် စီမံပေးမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကလည်းအလုပ်ရုံဆွေးနွေးပွဲ၌ ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများသည် လွန်စွာတန်ဖိုးရှိပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေး အဖြေရှာခြင်းဖြင့် သင်တန်းကျောင်းတွင် ပညာရပ်ပိုင်း ကျွမ်းကျင်မှုရှိသောဝန်ထမ်းများမွေးထုတ်ရေး၊ ဖြည့်စည်းပေးရမည့် လိုအပ်ချက်များ မြင်သာလာစေရေးတို့အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက်  အနာဂတ်တွင် စွမ်းဆောင်ရည်ပြည့်ဝသော ဘေးအန္တရာယ်စီမံခန့်ခွဲသူများ မွေးထုတ်ပေးနိုင်ရန်နှင့်  ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွက်လာရန် ရှေးရှုဆောင်ရွက်ပေးကြစေလိုကြောင်း သုံးသပ်မှာကြားပါသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ စွမ်းဆောင်ရည် ဆန်းစစ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကာ(၈-၇-၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး(၂) ရက်တာကာလအတွင်းသင်တန်းကျောင်း၌ သင်ခန်းစာများရေးဆွဲခဲ့မှု၊ သင်တန်းကျောင်း၏ Capacity Development Strategy ရေးဆွဲခဲ့မှု၊ သင်တန်းကျောင်းတွင် လက်ရှိဖွင့်လှစ်နေသည့်သင်တန်းများ/ဖွင့်လှစ်ခဲ့သည့်သင်တန်းများနှင့်စပ်လျဉ်း၍ အသေးစိတ် သုံးသပ်မှု၊ သင်တန်းကျောင်းတွင် Course Review ဆောင်ရွက်ခဲ့မှုများနှင့်ပြောင်းလဲပြင်ဆင်မှုများအားတင်ပြခြင်း၊ အုပ်စုငယ်များခွဲ၍ သင်တန်းကျောင်းတွင်အသုံးပြုလျက်ရှိသည့် သင်ရိုး(Course Syllabus)များအားခြုံငုံသုံးသပ်ခြင်း၊ သင်တန်းကျောင်း၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆောင်ရွက်နိုင်သည့်နည်းလမ်းများဖော်ထုတ်ခြင်း၊ ကာလတို၊ ကာလလတ်ဆက်လက်ဆောင်ရွက်သင့်သည်များဖော်ထုတ်ခြင်းစသည်တို့အားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးချုပ်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှ တက်ရောက်သူများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြများအတူတကွ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR