စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးတောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမောင်မောင်သန်း၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်
ဦးမောင်မောင်သန်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း
ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၏
တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းနှင့်ပတ်သက်၍
စနစ်တကျဆောင်ရွက်နိုင်ရေး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း များနှင့်
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများ ထောက်ပံ့ကြေးပေးခြင်းများကိုလည်း
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ နေပြည်တော်ကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းစဉ်များကို
ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမူဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းဉပဒေနှင့် နည်းဉပဒေကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး
မြန်မာရှေးဦးအရွယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒကိုလည်း ၂၀၁၅ ခုနှစ်တွင်
ထုတ်ဝေပြီးဖြစ်ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် ပုဂ္ဂလိကမူလတန်းကြို ကျောင်းများသို့
ကွင်းဆင်းဆောင်ရွက်သည့်အခါ ကျောင်း၏အင်္ဂါရပ်များနှင့်အညီ သင်ယူရန်နေရာ များချထားမှု၊
ကလေးများအတွက် ဘေးကင်းလုံခြုံပြီး စူးစမ်းလေ့လာနိုင်သော ပတ်ဝန်းကျင်ကောင်း များဖန်တီးထားရှိမှုတို့နှင့်အတူ
ဘက်စုံဖွံ့ဖြိုးမှု ရရှိနိုင်ရေးကိုလည်း အလေးထားကြီးကြပ်ရမှာ ဖြစ်ကြောင်း၊
ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့် အစောပိုင်းကာလ နှစ်များမှာ
ဖွံ့ဖြိုးလျက်ရှိသောကလေးငယ်များ၏ အတူကွဲပြားသည့် ဉာဏ်ရည်များကို အခြေခံ အုတ်မြစ်အဖြစ်မှတ်ယူကာ
တန်ဖိုးရှိသည့် သားငယ်၊ သမီးငယ်လေးများဖြစ်လာစေရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း
အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သည့် သားငယ်/သမီးငယ်လေး တို့ကို နိုင်ငံတော်အတွက်
အရည်အသွေးရှိပြီး လင်းလက်တောက်ပတဲ့ကြယ်ပွင့်လေးများဖြစ်အောင် ပြုစုပျိုးထောင်ကာ
အကောင်းဆုံးစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက်
နေပြည်တော်ကောင်စီဝင်က ထောက်ပံ့ငွေများကိုပေးအပ်ရာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့်
စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
ယင်းနောက်
နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ECCD ဉပဒေအား Power Point
ရှင်းလင်းတင်ပြခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ သက်ကြီးရွယ်အိုများနေ့ပိုင်း
စောင့်ရှောက်ရေးဂေဟာ၊ နေပြည်တော်ကလေးပြုစုရေးစင်တာ၊ မသန်စွမ်းသက်ငယ်သင်တန်းများ သို့
အလှူငွေပေးအပ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကိုဆောင်ရွက်ပြီး အခမ်းအနားကို
ရုတ်သိမ်းခဲ့ပါသည်။







