ပညာရေးဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်းဖွင့်လှစ်သောမူလတန်းဆရာ၊ဆရာမများအတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌၂၈-၁-၂၀၂၆ရက်၊နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ဒေါက်တာချောချောစိန်၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းနှင့်ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊သင်တန်းနည်းပြများနှင့်သင်တန်းသား/သူများတက်ရောက်ကြပါသည်။
အခမ်းအနားတွင်ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာချောချောစိန်ကမူကြိုမနေခဲ့ရဘဲ မူလတန်းတက်ရောက်လာသည့် ကလေးသူငယ်များအတွက် မူလတန်းကျောင်းသို့ ရောက်ရှိချိန်တွင် အခက်အခဲများရှိနိုင်သည့်အတွက် နိုင်ငံတော်အကြီးအကဲက ကျောင်းပျော် ကလေးများ ဖြစ်လာစေရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မူလတန်းကြိုကျောင်းများက သင်ကြားလေ့ကျင့်ပေးသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်စေရေးအတွက် လမ်းညွှန်မှာကြားထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုသင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုအရွယ် ကလေးများဘက်စုံဖွံ့ဖြိုးရေး သင်ရိုးညွှန်းတမ်းများနှင့်ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ပြီး KG နှင့် Grade-1 ကလေးများကို သင်ကြားလေ့ကျင့်ပေးရန်အတွက် သင်တန်းအစီအစဉ်ကို စနစ်တကျရေးဆွဲခဲ့ကြပါကြောင်း၊ နိုင်ငံတစ်ဝှမ်းမှာရှိသော မူလတန်းအဆင့် ဆရာ၊ ဆရာမများကို ပြန်လည်သင်ကြားနိုင်ရေးအတွက် ဆရာဖြစ်သင်တန်းကို (၄)ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရမှာဖြစ်ပါကြောင်း၊ သင်တန်း (၁) ကြိမ်လျှင် သင်တန်းကာလ၁၀ ရက်ဖြင့်ကလေးပြုစုစောင့်ရှောက်ရေးနည်းလမ်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် အသိပညာ၊ ဗဟုသုတများစွာ ရရှိမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ကလေးသူငယ်အခွင့်အရေးများ၊ ကလေးစိတ်ပညာစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ အစောပိုင်းကလေးဘဝ၏ အာရုံငါးပါးဟန်ချက်ညီဖွံ့ဖြိုးမှုမှသည် ပတ်ဝန်းကျင်၊ ရပ်ရွာ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူသားအရင်းအမြစ်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မူလတန်းပြဆရာ၊ဆရာမများသည် ကလေးများအတွက် အရေးပါသည့် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသူများဖြစ်သောကြောင့်ဂုဏ်ယူဖွယ်ကောင်းပါကြောင်း၊ မိမိတို့သင်ကြားလေ့ကျင့်ပေးနေသည့် မူလတန်းအရွယ်ကလေးများအတွက် ကျောင်းနေရာတွင်အသင့်ဖြစ်စေပြီးပညာသင်ယူရာတွင် အဆင်ပြေချောမွေ့စေခြင်းဖြင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းများဖြစ်စေပါကြောင်း၊ အနာဂတ် တွင် ယခုသင်တန်းက ရရှိလာသည့် စာတွေ့၊ လက်တွေ့နည်းလမ်းတွေကို အကျိုးရှိရှိအသုံးချပြီး မိမိတို့ဒေသတွင်ရှိသည့် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးဆောင်ရွက်ပေးနိုင်ပါစေကြောင်းနှင့် မိသားစု၊ ရပ်ရွာနှင့် နိုင်ငံအကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်သူများဖြစ်ပါစေကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီမူကြိုတက်ရောက်မှုမရှိခဲ့ဘဲ KG နှင့်Grade-1တို့တွင်တက်ရောက်သည့်ကလေးငယ်များအားပညာသင်ကြားရေးကိုအထောက်အကူပြုစေမည့်အသက်အရွယ်နှင့်ကိုက်ညီသည့်သင်ကြားမှုစနစ်ကိုဆောင်ရွက်ပေးရန်အတွက်မူလတန်းဆရာ၊ဆရာမများအတွက်ယခုသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသဖြင့် ကလေးများ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ်ထားကောင်းမွန်ရေး၊ အများနှင့်နေထိုင်တတ်ပြီး အများအကျိုးဆောင်ရွက်လိုစိတ်၊ ကျန်းမာရေးနှင့် လူနေမှုဘဝအလေ့အကျင့်ကောင်းများရရှိစေရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အပေါ် ယခုကဲ့သို့ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁)တွင် ပညာရေးဝန်ကြီးဌာန၊နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှဆရာ၊ဆရာမ၄၆ဦးနှင့်လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းများမှဆရာမ၃၀ဦး၊စုစုပေါင်းသင်တန်းသား/သူ၇၆ဦးဖြင့်ဖွင့်လှစ်လျက်ရှိပါသည်။အဆိုပါသင်တန်းတွင် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကလေးသဘောသဘာဝနှင့် အခြေခံလိုအပ်ချက်၊ ကစားခြင်းဖြင့်သင်ကြားခြင်း၊ ကလေးဖွံ့ဖြိုးမှု၊ စာသင်ခန်းစီမံခန့်ခွဲမှုနှင့် သင်ယူရာနေရာများ၊ ကလေးစိတ်ပညာ၊ သင်ယူမှု၏အခြေခံအုတ်မြစ်များ၊ မိသားစုပုံစံအမျိုးမျိုးနှင့် မိဘရပ်ရွာပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သော ကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ အစောပိုင်းကာလစာတတ်မြောက်မှု၊ ကလေးများအားကြည့်ရှုလေ့လာခြင်း၊အကူးအပြောင်းကာလအရေးကြီးပုံစသည့်ဘာသာရပ်များကိုစာတွေ့၊ လက်တွေ့နည်းလမ်းများ၊ Role Play များဖြင့် သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းကာလမှာ ၁၀ရက်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း သင်တန်း (၄)ကြိမ်ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။








